Saturday, October 29, 2011

ရုက္ခစိုးမှာလည်း ယုံကြည်ချက်နဲ့ပါ

ရန်ကုန်သားတာတေ

“၂၀၇”
“၂၈၀”
“၆၀၀”
“၃၇၆”
“၄၃၂”

ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ။ ထိုင်းမှာ ရေကြီးပြီး စီးပွားပျက်တော့မယ် ကြားလို့ ချဲထိုးစားတော့ မလို့လား။

ကိန်းဂဏန်း များကို တလှည့်စီ ရေရွတ် နေသော ဖိုးရှုပ်နှင့် ကြွက်စုတ် တို့ရှိရာ ချင်းမိုင် ထဖယ်ဂိတ် အနီး ဦးရုက္ခစိုး ရောက်လာပြီး ကောက်ကာ ငင်ကာ မေးလိုက် ခြင်းဖြစ်သည်။ ဦးရုက္ခစိုး အမေးကို မဖြေ သေးဘဲ နှစ်ဦးသား ကိန်းဂဏန်း များကို ဆက်ရွတ် နေကြ သည်။

“၂၀၀၀”
“၁၁၂၂”
“၂၀၁၂”
“၆၃၉၀”

ရုက္ခစိုး။ ။ ဟာ … ၄ လုံးဆိုတော့ ချဲတော့မဖြစ်နိုင်တော့ဘူး။ ဒါဘာလဲဟ … အသစ်ပေါ်တဲ့ ထီလား။

ဖိုးရှုပ်။ ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ။

ကြွက်စုတ်။ ။ မဟုတ်ဘူး … နိုင်ငံရေးအကျဉ်းသား။

ဖိုးရှုပ်။ ။ ဟာ … မြန်မာပြည်မှာ … နိုင်ငံရေးအကျဉ်းသား မရှိဘူးလေကွာ။

ရုက္ခစိုး။ ။ မင်းတို့ဟာက ဘာတွေလဲကွာ။ အခုပြောနေတာကကော အတိတ်စိမ်းတွေလား။

ဖိုးရှုပ်။ ။ မဟုတ်ပါဘူး ဦးရုက္ခစိုးရယ်။ မြန်မာပြည်က ယုံကြည်ချက်ကြောင့်ထောင်ချ ခံနေရတဲ့ အကျဉ်းသား အရေအတွက်ကို ပြောနေတာပါ။

ရုက္ခစိုး။ ။ အရေအတွက် ပြောရင်လည်း တခုတည်းပြောလေကွာ။ အခုဟာက ဘယ်ဟာကို အမှန်ယူရမှာလဲ။

ဖိုးရှုပ်။ ။ ကျနော်တို့လည်း အဲဒါကို သိချင်နေတာ ဦးရုက္ခစိုးရဲ့။ တယောက်တမျိုး အမျိုးမျိုး ပြောနေကြတာ ဆိုတော့ ဘယ်ဟာကို အမှန်ယူရမှန်း မသိတော့ဘူး။

ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး။ သူရ ဦးရွှေပန်းက နော်ဝေအသံကိုပြောတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်တဲ့။ ဒီ့အရင်တုန်းကတော့ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးတဲ့။

ဖိုးရှုပ်။ ။ AAPP က ကိုဘိုကြည်တို့က နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်တဲ့။ ဦးရွှေပန်းပြောပြီးမကြာဘူး လူ့အခွင့်အရေးကော်မရှင် ဆိုတာကြီးက မြန်မာ့အမှောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုပြန်ကော။ အဲဒီနောက်မှာ ၆ ထောင်ကျော် … ကျော် …။

ရုက္ခစိုး။ ။ အခုကို ငါတောင် မူးလာပြီ။ ရှင်းအောင်ပြောကွာ။

ဖိုးရှုပ်။ ။ ရှင်းမှ မရှင်းတာကို ဘယ်လိုလုပ်ရှင်းအောင် ပြောရမလဲ။ မြန်မာ့အမှောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို လွှတ်ပေးပါလို့ ပြောပြီးမကြာဘူး … ဟော သမ္မတ ဦးသိန်းလိမ်က …။

ကြွက်စုတ်။ ။ ဟေ့ကောင် … သမ္မတက ဦးသိန်းဇိမ်ပါကွ။

ဖိုးရှုပ်။ ။ သြော် ဟုတ်သားပဲ … သူက နာမည် ပြောင်းတာ ဝါသနာ ပါတယ်ဆိုတော့ နောက်ထပ်များ နာမည် ထပ်ပြောင်းဦးမလားလို့။

ကြွက်စုတ်။ ။ တခါပြောင်းထားတာမှ မကြာသေးဘူး။ နောက်တခါ ပြောင်းလို့ဖြစ်မလား။ ဦးသိန်းဇိမ်ပဲ ထားလိုက်။

ဖိုးရှုပ်။ ။ အေးပါကွာ … အဲဒီသမ္မတ ဦးသိန်းဇိမ်က ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ် မဟုတ်လား။ အဲဒီတော့ အားလုံးကို ခြုံကြည့်လိုက်ရင် မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ၆၀၀၀ ကျော်ရှိတယ်လို့ အစိုးရက ယူဆပုံရတယ်။

ရုက္ခစိုး။ ။ ဟေ့ကောင် ဟေ့ကောင် … မင်းဟာက နည်းနည်းတော့ လွန်ပြီထင်တယ်နော်။ ငါ သိသလောက်တော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးပဲပါတာ။

ဖိုးရှုပ်။ ။ အင်းလေ … ကျနော်ကကော နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့လား။ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူ အရေအတွက် လို့ပဲပြောတာလေ။

ရုက္ခစိုး။ ။ အရာကြီးနဲ့ ဘာဘူကြီးပါပဲကွာ။

ဖိုးရှုပ်။ ။ အရာကြီးနဲ့ ဘာဘူကြီးမဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … ထောင်ကဲကြီးနဲ့ ဘာဘူကြီး ကွာသလိုကွာတယ်။

ကြွက်စုတ်။ ။ ထောင်ကဲကြီးနဲ့ ဘာဘူကြီးကကော ဘာများကွာလို့လဲကွာ … မြန်မာပြည်ကနေ ရသမျှ ခွာမယ်ဆိုတဲ့ နေရာမှာ အတူတူပါပဲ။

ရုက္ခစိုး။ ။ လုပ်ပြန်ပြီ … လိုရင်းကို မရောက်ဘူး။ နိုင်ငံရေးအကျဉ်းသားဖြစ်ဖြစ် … ယုံကြည်ချက်ကြောင့် ဟိုဒင်းချ ခံရသူဖြစ်ဖြစ် အတူတူပဲ လုပ်မနေနဲ့။

ဖိုးရှုပ်။ ။ မတူပါဘူးဆိုဗျာ။ နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာပြည်မှာ မရှိဘူး … လုံးဝ မရှိဘူး။ ရှိရင် မြန်မာ့အမှောင်ထဲ ထည့်ရေးမှာပေါ့ဗျ။

ကြွက်စုတ်။ ။ အေးပါကွာ မင်းပြောသလို ယုံကြည်ချက်ကြောင့် ဟိုဒင်းချ … အဲ … အတင်းချ … ဟာ ယောင်ကုန်ပြီ အကျဉ်းချ ခဲ့ရတဲ့သူ အရေအတွက်ပဲ ထားပါဦး … မင်းပြောတာက ၆ ထောင်ကျော်ဆို များလွန်းတယ်။

ရုက္ခစိုး။ ။ ဟုတ်တယ် … သမ္မတကို အကျန်တွေပေးပေးနေတဲ့ ဦးကိုကိုလိမ်ဆိုတဲ့သူ ပြောတာတောင် ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူ အရေအတွက်က ၆၀၀ ကျော်ဆို။ ၁၀ ဆတောင်ကွာနေတယ်။

ကြွက်စုတ်။ ။ ကိုဘိုကြည်တို့ စာရင်းအရ ဆိုရင်တောင် ၃ ဆလောက် များနေသေးတယ်။

ဖိုးရှုပ်က ဦးရုက္ခစိုးနှင့် ကြွက်စုတ်ကို အ ရန်ကောဆိုသည့် မျက်နှာပေးနှင့် ကြည့်လိုက်သည်။

ဖိုးရှုပ်။ ။ ၆ ထောင်ကျော် ရှိပါတယ်ဆိုကွာ။ ရှိလို့ပဲ မြန်မာ့အမှောင်ထဲမှာ ဒီနေ့ တောင်းဆို၊ နောက်နေ့ လွှတ်ပေးလိုက်တာ မတွေ့ဘူးလား။

ကြွက်စုတ်။ ။ ဟာ … အဲဒီအထဲမှာ သူခိုးတွေ၊ ဓားပြတွေ၊ ခါးပိုက်နှိုက်တွေ၊ ပြည့်တန်ဆာတွေ၊ မှောင်ရိပ်ခိုမှုတွေ၊ အလွဲသုံးစားမှုတွေက အများကြီးပါတာလေ။

ဖိုးရှုပ်။ ။ အေးလေ … ဒါနဲ့ ငါ မင်းကို မေးရပါဦးမယ် … မင်းမှာကော ယုံကြည်ချက် မရှိဘူးလား။

ကြွက်စုတ်။ ။ ရှိတာပေါ့၊ ကြွက်စုတ်မှာလည်း ကြွက်စုတ်ရဲ့ ယုံကြည်ချက်နဲ့ပဲ … ယုံကြည်ချက် မရှိရင် လူက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။

ဖိုးရှုပ်။ ။ အေး … အဲဒီလိုပဲကွ … လူရွှင်တော် ကတုံးကြီးမှာ သူ့ အနုပညာယုံကြည်ချက် ရှိသလို … သူခိုးမှာလည်း သူခိုးရဲ့ ယုံကြည်ချက်နဲ့၊ ခါးပိုက်နှိုက်လည်း ခါးပိုက်နှိုက်ရဲ့ ယုံကြည်ချက်နဲ့၊ ပြည့်တန်ဆာလည်း ပြည့်တန်ဆာရဲ့ ယုံကြည်ချက်နဲ့ပဲလေ။ အဲဒီတော့ သမ္မတ လွှတ်ပေးလိုက်တဲ့ ၆ ထောင်ကျော်မှာ အားလုံးက သူ့ယုံကြည်ချက်နဲ့ သူချည်းပဲ။

ရုက္ခစိုး။ ။ ဟုတ်သလိုလိုပဲနော်။ ဒါကြောင့်ထင်တယ် … တချို့ဆို ယုံကြည်ချက် ဘယ်လောက်ပြင်းပြသလဲဆိုရင် လွတ်တာနဲ့ တွေ့တဲ့သူကို တန်းနှိုက်တော့တာပဲတဲ့။

ကြွက်စုတ်။ ။ ခါးပိုက်နှိုက်တယ် လုပ်ပါဦးရုက္ခစိုးရယ်။

ရုက္ခစိုး။ ။ အရေးထဲမှာ … သတ်ပုံပြင်နေပြန်ပြီ။

ကြွက်စုတ်။ ။ မပြင်လို့မရဘူးဗျ … အခုတောင် နိုင်ငံရေးအကျဉ်းသားလား၊ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူလား ဝိဝါဒ ကွဲပြားနေတာ … တော်ကြာ ခါးပိုက်နှိုက်လား … တခြားဟာ … အဲ … သတင်းတို့ဘာတို့ နှိုက်တာလား မကွဲပြားဘူး ဖြစ်မယ်။

ဖိုးရှုပ်။ ။ ဘာပဲနှိုက်နှိုက်ကွာ … ယုံကြည်ချက်ကြောင့် နှိုက်တာပဲ … အဲ … ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရတဲ့သူတွေကို သမ္မတက စေတနာရှေ့ထားပြီး လွှတ်ပေးလိုက်ပြီပဲ။

ကြွက်စုတ်။ ။ မင်းပြောသလိုဆို လွတ်လာတဲ့သူတွေက သူတို့ယုံကြည်ချက်နဲ့ သူတို့ လုပ်စရာရှိတာ လုပ်နေကြပြီပေါ့နော်။

ဖိုးရှုပ်။ ။ ဒါပေါ့ … လူရွှင်တော်ကတုံးကြီးဆိုရင် သူ့အနုပညာ အလုပ်နဲ့ နိုင်ငံရေးအလုပ် … တွဲလုပ်နေပြီ။ သူ့ ယုံကြည်ချက် အရ ပေါ့ကွာ။ တခြားသူတွေဆိုလည်း အဲဒီလိုပဲကွ။ ခိုးတဲ့သူက ဆက်ခိုး၊ နှိုက်တဲ့သူကဆက်နှိုက် လုပ်ကုန်ပြီ။ ဒီတော့ ငါတို့လည်း ပြောထားတဲ့အတိုင်း ယုံကြည်ချက်ကြောင့် လုပ်စရာရှိတာလေး လုပ်ရအောင်။

ရုက္ခစိုး။ ။ မင်းတို့ဟာက … ဘာ … ဘာတွေတုန်းကွ။

ကြွက်စုတ်။ ။ ဘာမှမဟုတ်ပါဘူး … သတင်းကျွတ်လပြည့်နေ့က ဦးရုက္ခစိုးကို ကန်တော့ချင်လို့ လိုက်ရှာတာ နှံ့နေတာပဲ ဘယ်ရောက်နေတာလဲ။

ရုက္ခစိုး။ ။ သြော် ဒါလား … ဗုဒ္ဓဂယာဘက် ဘုရားဖူးခဏသွားတာပါကွ။ ကဲ ကဲ ကန်တော့ချင်လည်း ကန်တော့ကြလေ။ အခုကန်တော့လည်း ရပါတယ်။

ဖိုးရှုပ်နှင့် ကြွက်စုတ်က ဦးရုက္ခစိုးအား ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြစ်မှားမိသမျှအတွက် ထိုင်ကန်တော့လိုက် ကြသည်။

ရုက္ခစိုး။ ။ အေးအေး သာဓုကွာ … သာဓု … သာဓု … လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ ကဲကဲ … ထကြ ထကြ … မင်းတို့ကို ငါ မုန့်ဖိုးပေးမယ်။ သူများ ကန်တော့လိုက်တဲ့ ငွေလေးနည်းနည်း ငါ့မှာရှိတယ်ကွ။

ဦးရုက္ခစိုးစကားကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ပျော်သွားသည်။

ဖိုးရှုပ်။ ။ မုန့်ဖိုးပေးရင်လည်း ယူရိုငွေလေးဘာလေး ပေးနော်၊ ဒေါ်လာတို့ ဘတ်တို့က ဈေးကျနေတာ။

ရုက္ခစိုး။ ။ စေတနာ ပျက်အောင် မလုပ်စမ်းနဲ့ကွာ … ဟိုက် … မရှိတော့ဘူးဟ။

ကြွက်စုတ်။ ။ ဟင် … ဘာမရှိတာလဲ … ဘာမရှိတော့တာလဲ ဦးရုက္ခစိုး။

ရုက္ခစိုး။ ။ ငါ့ပိုက်ဆံတွေ မရှိတော့တာကွ။ နှိုက်သွားပြီ … ကုန်ပါပြီကွာ။

ဖိုးရှုပ်။ ။ ဘယ်သူနှိုက်သွားတာလဲ … ရှင်းအောင် ပြောပါဦး။

ရုက္ခစိုး။ ။ သီတင်းကျွတ်လပြည့်နေ့က ဗုဒ္ဓဂယာမှာ ဘုရားဖူးနေရာကနေ စိတ်ကူးပေါက်ပြီး ရန်ကုန်အင်းစိန်ထောင် ရှေ့ကို ခဏသွားလိုက်သေးတယ် … အဲဒီမှာ လူတွေက တိုးနေတော့ ငါလည်း သတိမထားမိလိုက်ဘူးလေကွာ။ ဘယ်အချိန် ပါသွားမှန်း မသိလိုက်ဘူး။

ကြွက်စုတ်။ ။ သြော် … လမ်းစားရိတ်မရှိတဲ့ ခါးပိုက်နှိုက်တယောက်က ယုံကြည်ချက်ကြောင့် နှိုက်သွားတာဖြစ်မယ် ထင်တယ်။

ဖိုးရှုပ်။ ။ ကျနော်တို့ကလည်း ယုံကြည်ချက်ကြောင့် ဦးရုက္ခစိုးဆီက ရသလောက် အလှူခံမလို့ စဉ်းစားထားတာ သွားပါပြီ။

ကြွက်စုတ်။ ။ ဒါဆိုရင်တော့ ဖိုးရှုပ်ရေ … မင်းနဲ့ငါတော့ ယုံကြည်ချက်ကြောင့် ဗိုက်မှောက်နေကြသူများ ဆိုပြီး နာမည်ကြီးတော့မှာပဲ။ မထူးပါဘူး ဦးရုက္ခစိုးရယ် … ရှိလာလေးပဲ ချွတ်လှူခဲ့ပါ … ဟိုဒင်း နားတောင်းတို့ ဘာတို့ ပြောပါတယ်။

ရုက္ခစိုး။ ။ ဟာ … ဒါတော့မဖြစ်ဘူးကွ … တော်ပြီတော်ပြီ မင်းတို့နဲ့ ကြာကြာနေရင် ယုံကြည်ချက်ကြောင့်ဆိုပြီး ရသမျှ ချွတ်ယူနေမှ ဒုက္ခ။ ရုက္ခစိုးလည်း ယုံကြည်ချက်တော့ အပျက်မခံနိုင်ဘူး။ ယုံကြည်ချက်ကြောင့် ကိုယ်ယောင်ဖျောက် သွားရတာကိုတော့ နားလည်ပေးကြပါကွာ။

ပြောပြောဆိုဆိုနှင့် ဦးရုက္ခစိုးကိုယ်ယောင် ဖျောက်သွားသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးသားမှာ ယုံကြည်ချက် ကြောင့် ကုန်းဆင်းလိုက်ရန် အလှူအိမ် လိုက်ရှာမည်ဟု ဆုံးဖြတ်လိုက်ကြ လေတော့သတည်း။ ။

သူပုန်ကိုကြောက်၍ ကျောင်းဆရာ၊မများ ၅ လကျော် ကျောင်းမလာနိုင်

နှောင်းလှိုင်

ကရင်နီပြည် ရှားတောမြို့နယ် ဒေါနော်ကလု ကျေးရွာတွင် ကျောင်းတက် ချိန်ထက် ၅ လ ကျော်လွန် သွားသော် လည်း သူပုန်ကို ကြောက်သည့် အကြောင်းပြ ချက်ဖြင့် ယခု ချိန်ထိ ကျောင်း ဆရာ၊မ များ စာလာေ ရာက်သင်ကြား ပေးခြင်း မရှိသေးပါ။

တာဝန်ကျ ကျာင်းဆရာ၊ မများသည် ယခုချိန်ထိ ရောက်လာခြင်းမရှိသည့်တွက် ကျေးရွာမှ တာဝန်ရှိသူများက မြို့နယ်ပညာရေးဌာနရုံးသို့ တိုင်ကြားထားသော်လည်း သက်ဆိုင်ရာမှ တစုံတရာဆောင်ရွက်ပေးခြင်းမရှိဟု ဒေါနော်ကလုမှ ဒေသခံတဦးက ပြောသည်။

“ကလေးရော၊ မိဘရော မျှော်နေကြတယ်။ ဒီနေ့အထိ ဆရာ၊မ မလာဘူး။ ဒီနှစ်တော့ ကလေးတွေ ကျောင်းမတက်ရတော့ဘူး” ဟု ဒေသခံရွာသားတဦးက ပြောသည်။

ဒေါနော်ကလုကျေးရွာတွင် အစိုးရမှ ဆောက်လုပ်ထားပေးသော မူလတန်း ပညာရေးအဆင့်ရှိ စာသင်ကျောင်းတွင် ကျောင်းသား၊ သူပေါင်း ၃၇ ဦးရှိသည်။ သို့သော် ရွာထဲတွင် သူပုန်များ မကြာခဏ ၀င်ထွက်သွားလာသည်ဟု အကြာင်းပြပြီး ကျောင်းဆရာမများ မလာရဲကြကြောင်း ရွာသူ၊သားများက ပြောသည်။

“ကျနော်တို့ရဲဘော်တွေနဲ့ တချို့ လူမှုကယ်ဆယ်ရေးလုပ်သားတွေက အဲဒီဒေသမှာ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလုပ်ငန်းတွေ လုပ်နေ တာ ရှိပါတယ်။ ဒါပေမယ့် ဘယ်သူကိုမှ ခြိမ်းခြောက်တာ၊ တားမြစ်တာတွေ တခါမှ မလုပ်ဘူး။ မလုပ်တဲ့အပြင် လိုအပ်ရင် ပူးပေါင်း ဆောင်ရွက် မှု၊ အကူညီပေးတာတွေတောင် လုပ်ပါတယ်။ ဒါကို မသိသူတွေက စိုးရိမ်တာဘဲ ဖြစ်မှာပါ” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) မှ အတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

စင်စစ်အားဖြင့် ကျောင်းတက်ချိန်မှာ နှစ်စဉ်ပုံမှန် ဇွန်လဆန်းအတွင်းတွင် စာသင်ကျောင်းများ စတင်ဖွင့်လှစ်လေ့ရှိသည်။

ထို့အတူ ရှားတောမြို့နယ်၏ မြောက်ဘက်တွင်တည်ရှိသော ဒေါတနော်၊ ဒေါမူလဲနှင့် ဒေါလျားဒူ စသည့် ကျေးရွာများတွင်လည်း တာဝန်ကျ ကျောင်းဆရာ၊မများက မကြာခဏ အိမ်ပြန်သွားသည့်အတွက် ကျောင်းသူ၊သားများ မကြာခဏ ကျောင်းပိတ်ခံရသည်ဟု ကရင်နီ နယ်လှည့်ကျန်းမာရေးမှူးက ပြောသည်။

ဗန်းမော်ခရိုင် ၂ နေရာတိုက်ပွဲတွင် မြန်မာစစ်သား ၇ ဦး ကျ

KNG


အောက်တိုဘာ ၂၇ ယမန်နေ့ ကချင်ပြည်နယ် ဗန်းမော်ခရိုင် ၂ နေရာတွင် ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာအစိုးရစစ်သား အနည်းဆုံး ၇ ဦး ကျပြီး အချို့ ဒဏ်ရာရကြောင်း ဒေသခံများ ဆိုသည်။

ဆားမော် နယ်မြေခံ ခလရ အမှတ် (၁၀၅) မှ တပ်ချနေသော မန်မော်(ဗန်းမော်)-နမ်ခမ်း လမ်း ကိုင်ထိပ် (Kai Htik) စစ်စခန်းကို KIA တပ်ရင်း ၁ မှ တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၃ ဦး ကျ သည်ဟု KIA ကဆိုသည်။

တစ်ရက် ထဲမှာ ဒေါ့ဖုန်းယန် မြို့နယ်ခွဲ ရှိ အင်ဒုန် (Ndung) စစ်စခန်းသို့ ရိက္ခာ သယ်လာ သည့် မြန်မာ စစ်ကား တစ်စီးအား လမ်းခု လတ်တွင် KIA တပ်ရင်း ၂၄ မှ စစ်သားများ တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၄ ဦး သေဆုံးခဲ့သည်ဟု သက်ဆိုင်ရာ KIA အရာတစ်ဦးက ပြောသည်။

တိုက်ခိုက်ခံရသော ရိက္ခာတင်ကားသည် ဒေါ့ဖုန်းယန် နယ်မြေခံ ခလရ အမှတ် (၁၄၂) မှ ဖြစ်သည်ဟု KIA က ဆိုသည်။

အာဆီယံဥက္ကဋ္ဌအရေး စိစစ်ရန် အင်ဒိုဝန်ကြီး မြန်မာပြည်ရောက်

ဧရာဝတီ

အင်ဒို နီးရှား နိုင်ငံခြား ရေးဝန်ကြီး Mr. Marty Natalegawa သည် နိုင်ငံရေး ဖြစ်ထွန်းမှု အခြေ အနေ များကို ၃ ရက်ကြာ လေ့လာ ရန်အတွက် မနေ့ မြန်မာ နိုင်ငံသို့ ရောက်ရှိ လာသည်။

၂၀၁၄ ခုနှစ် အာဆီယံ ဥက္ကဋ္ဌ တာဝန် ပေးအပ်ရေး ကိစ္စအား ဆုံးဖြတ် ဖွယ်ရှိသည့် လာမည့်လ အာဆီယံ ညီလာခံ မတိုင်မီ မြန်မာ နိုင်ငံသို့ လာရောက်ခြင်း ဖြစ်သည်။

ဝန်ကြီး Mr. Natalegawa သည် နိုင်ငံ ရေးဖြစ်ထွန်း မှုများအပြင် အသင်း ဥက္ကဋ္ဌ နိုင်ငံက လက်ခံ ကျင်းပ ရမည့် နှစ်ပတ်လည် ညီလာခံ ၃ ခုကို မြန်မာ နိုင်ငံက တာဝန်ယူ နိုင်ဖွယ် ရှိမရှိ ဟူသော အခြေ အနေ များကိုလည်း ခရီးစဉ် အတွင်း လေ့လာ သွားမည်ဖြစ် သည်ဟု အမည် မဖော်လိုသူ အကြီးတန်း သံတမန်တဦးက ပြောသည်။

ထိုညီလာခံများတွင် ဥရောပသမဂ္ဂ နိုင်ငံများ နှင့် အမေရိကန်ပြည်ထောင်စုတို့လည်း တက်ရောက်လေ့ရှိရာ မြန်မာပြည်တွင် ညီလာခံများ ကျင်းပပါက ထိုအနောက်နိုင်ငံများ သပိတ်မှောက်ဖွယ်ရှိသည့် အခြေအနေကို အာဆီယံက စိုးရိမ်မကင်းဖြစ်နေသည်။

Mr. Natalegawa က ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန် အပါအ၀င် အစိုးရခေါင်းဆောင်များ၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို တွေ့ဆုံမည်ဖြစ်သည်။ ဒီမိုကရေစီ လှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င်နိုင်ငံရေးပါတီခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။

Mr. Natalegawa သည် မြန်မာပြည်အတွင်း အခြေအနေအသေးစိတ်ကို သိရှိလိုကြောင်း မကြာသေးမီက ပြောကြားခဲ့ပြီးဖြစ်သည်။ မြန်မာပြည်တွင် ရှိစဉ် လုပ်ငန်းရှင်များ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းများ၊ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် စသည်တို့နှင့်လည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။

ရန်ကုန်မြို့တွင် စီးပွားရေးလုပ်ငန်းရှင်များ၊ NGO အဖွဲ့များနှင့် တွေ့ပြီး စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူငယ်ရေးရာ ကဏ္ဍများနှင့် ပတ်သက်ပြီး လေ့လာမည်ဟု အကြီးတန်း အင်ဒိုနီးရှား သံတမန်တဦးက ပြောသည်။

“သူက (Mr. Natalegawa က) တိုင်းရင်းသား ပဋိပက္ခကို မြန်မာနိုင်ငံမှာ ဘယ်လို ဖြေရှင်းနေသလဲ ဆိုတာကိုလည်း သိချင်နေပါတယ်” ဟု ထို သံတမန်က ပြောသည်။

အရေးအကြီးဆုံး တွေ့ဆုံမှုများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခြင်းလည်း ပါဝင်သည်။ ဒေါ်အောင်ဆန်းစုကြည်၏အမြင်သည် မြန်မာနိုင်ငံအား၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌတာဝန် ပေးအပ်ရေးအတွက် အင်ဒိုနီးရှားနိုင်ငံက ထောက်ခံသင့်မသင့် စဉ်းစားရာတွင် လွှမ်းမိုးဖွယ်ရှိကြောင်း သိရသည်။

အာဆီယံဥက္ကဋ္ဌတာဝန်ယူလိုသည့် မြန်မာအစိုးရအတွက် Mr. Natalegawa ၏ ခရီးစဉ်က အလွန် အရေးပါနေသည်။

ဦးသိန်းစိန်သည် သမ္မတဖြစ်လာပြီးနောက် အာဆီယံဥက္ကဋ္ဌတာဝန်အရေးအတွက် ဦးစားပေးလုပ်ဆောင်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်း အာဆီယံညီလာခံဆုံးဖြတ်ချက်များကို စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ကြောင်း ၀ါရင့် မြန်မာသံတမန်တို့က ပြောသည်။

“ဦးသိန်းစိန်က အာဆီယံကို အလေးထားတာက သံတမန်ရေး၊ စီးပွားရေးတို့အတွက်ပါ” ဟု အမည်မဖော်လိုသူ အငြိမ်းစား မြန်မာသံတမန်တဦးက ဧရာဝတီကို ပြောသည်။

တနင်္လာနေ့တွင် အမေရိကန်အစိုးရ၏ မြန်မာပြည်ဆိုင်ရာအထူးကိုယ်စားလှယ် Mr. Derek Mitchell က မြန်မာပြည်သို့ သွားရောက်ခဲ့သေးသည်။ သူက နေပြည်တော်ရှိ အစိုးရ ထိပ်တန်း ခေါင်းဆောင်များ၊ ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံခဲ့သည်။

မြန်မာပြည်အား အာဆီယံဥက္ကဋ္ဌတာဝန်ပေးအပ်ရေးတွင် အမေရိကန်အစိုးရ၏ သဘောထားကိုလည်း ထည့်သွင်း စဉ်းစားမည်ဟု အာဆီယံအသင်း အတွင်းရေးမှူးချုပ် Mr. Surin Pitsuwan က ယခုနှစ်ဆန်းပိုင်းတွင် ဧရာဝတီကို ပြောကြားခဲ့သည်။

အမေရိကန်အစိုးရက နေပြည်တော်တွင်ပြုလုပ်မည့် အာဆီယံညီလာခံများကို သပိတ်မှောက်မည် ဆိုပါက ၂၀၁၅ ခုနှစ်တွင် ဒေသဆိုင်ရာ စီးပွားရေးဇုန် တည်ထောင်ရန် ကြိုးစားနေသည့် အာဆီယံအသင်းအတွက် အကြီးအကျယ် အခက်တွေ့မည်ဖြစ်သည်။

ဝါးလုံးထိုး ရေဆင်းလာပြီးနောက်

မျိုးသိဏ်း



အောက်တိုဘာလ ၂၁ ရက် သောကြာနေ့ မွန်းလွဲပိုင်း ဖြစ်သည်။ ပခုက္ကူမြို့ ရွှေချောင်း သဲချောင်း အနီးတွင် လူများ ဝိုင်းအုံ နေကြသည်။ သက်တမ်း နှစ်ပေါင်း နှစ်ဆယ် နီးပါး ရှိပြီ ဖြစ်သည့် တံတားကြီး ကျိုးပျက် သွားခြင်းကို လာရောက် ကြည့်ရှု နေကြခြင်း ဖြစ်သည်။

ပခုက္ကူမြို့ အရှေ့ ပိုင်းမှ ဧရာဝတီ မြစ်တွင်း စီးဝင်သော ရွှေချောင်း ချောင်းပေါ်မှ ပခုက္ကူ - မန္တလေး ကူးသန်း သွားလာရေး ဆက်ကြောင်း ဖြစ်သည့် ရွှေချောင်း တံတားကို အပိုင်းပိုင်း ကျိုးပျက်လျက် အနေအထားဖြင့် တွေ့မြင်ရသည်။ရွှေချောင်းသည် သဲချောင်း ဖြစ်၍ ရွှေချောင်း တံတားသည် မြစ်ဝနှင့် ကိုက် ၂၅၀-၃၀၀ ခန့်သာ ကွာဝေးသည်။ရွှေချောင်းတံတားမှ ချောင်းအထက်ပိုင်း ကိုက် ၁၀၀ ခန့်အထိ တိုးဝင်နေသည့် ဧရာဝတီမြစ်ရေမှအပ ချောင်း တလျှောက်လုံး သဲပြင်ချည်းသာ ဖြစ်သည်။

တံတားအထက်ပိုင်း သဲချောင်းတလျှောက် လူရာနှင့်ချီ သွားလာ လှုပ်ရှားနေသည်ကိုလည်းတွေ့နေရသည်။ အချို့ က ဥဒဟို သွားလာ နေကြသပြီး တချို့က ဟိုတစု ဒီတစု စုဝေးဝိုင်းအုံနေကြသည်။ ယူနီဖောင်းဝတ် ရဲများ၊ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်းများနှင့် မီးသတ်အဖွဲ့ဝင်များလည်း တွေ့ရသည်။

အမှတ် (၃) ရပ်ကွက်အနီး သဲချောင်းပေါ်တွင် အော်ဟစ်ငိုကြွေးနေသည့် အမျိုးသမီးတဦးကို လူအများ ဝိုင်းအုံ ကြည့်ရှုနေကြသည်။ အမျိုးသမီး၏ လက်ထဲတွင် ထွေးပိုက်ထားသည်က သဲအလိမ်းလိမ်း ဖုံးအုပ်နေသည့် အမေအို တဦး၏ ရုပ်အလောင်းတခု။

“အမေရယ်။ အမေ့ကို သမီးတို့ ရှာနေ ကြတာ။ ဆေးရုံကော၊ ရင်ခွဲရုံကော။ အလောင်း တွေ့တယ် ဆိုတိုင်း သမီးတို့ပြေးကြည့် နေကြတာ။ အမေရယ် ကံဆိုး လိုက်တာ။ သမီးတို့ကို ထားခဲ့ပြီပေါ့ အမေရယ်။”

မိခင် အလောင်းကို ဖက်ရင်း ရေရွတ် ငိုကြွေးနေသည့် သမီးဖြစ်သူ၏ မချိတင်ကဲအသံက မြင်သူတိုင်း ရင်ကို ဆို့နင့်စေသည်။ စာနာတတ် သူတို့က ရုပ်အ လောင်းအား ဆေးကြော သန့်စင်ပေးရန် ရေသွားခပ်ပေးကြသည်။ အနီးနား တွင်ရှိသည့် ရဲတဦးက သေဆုံးသူ အဘွား အို၏ အမည်နှင့် အသက်ကို မေးမြန်းနေသည်ကိုလည်း တွေ့ရသည်။

မကြာမီ အခြား မိသားစုဝင်များ ရောက်လာကြပြီး အလောင်းကို နေအိမ်သို့ ပြန်လည် သယ်ဆောင်ရန် ပြင်ဆင်ရာစောင့်ကြပ်နေသည့် ရဲတဦးက အလောင်းအား ရင်ခွဲရုံသို့ ပို့ဆောင်ပြီးမှ နေအိမ်သို့ ပြန်လည် သယ်ဆောင်ခွင့်ပြု မည်ဟု ပြောဆိုလိုက်သည်။

ကြာသပတေးနေ့ မနက်အစောပိုင်းက ပခုက္ကူမြို့နယ် ရွှေချောင်းတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း မကြုံဘူး သည့် အဖြစ်အပျက် ဖြစ်ပွားခဲ့သည်။ ချောင်းအထက်ပိုင်းမှ ရေလုံးကြီးများ ဝါးလုံးထိုး စီးဆင်းလာပြီး သဲချောင်းပေါ်တွင် ဆောက်လုပ်ထားသည့် နေအိမ်များ၊ အချို့နေရာများ၌ ချောင်းနှင့် ကိုက် ၂ဝဝ၊ ၃ဝဝ ခန့် ဝေးသည့်နေရာများမှ နေအိမ်၊ လူသူ၊ ကျွဲနွားတိရစ္ဆာန်များကို အဟုန်ပြင်းစွာ တိုက်စား ခေါ်ဆောင်သွားခဲ့သည်။



“ရေစဝင်လာတော့ ကျမက ထမင်းအိုးချက်နေတာ။ အိမ်ထဲ ရေတွေဝင်လာလို့ အိမ်အနောက်ပဲရုံမှာ အလုပ်လုပ်နေတဲ့ အမကို သွားခေါ်တာ အနားရောက်တော့လေ ပဲရုံဂိုထောင်ကြီး ပွင့်ထွက်သွားပြီး ရေလုံးကြီးက ဝုန်းဆို ထွက်လာတာ။ တော်တော်ကြောက်စရာ ကောင်းပါတယ်ဗျာ။ ပဲရုံကနေ အနောက်ဘက်ကို ကူးမိလို့ ပဲရုံကြီးထဲမှာ ဆို ကျမလည်း သေမှာ။ ဘာပစ္စည်းမှကို ယူချိန်မရတာ။ ဖိနပ်တောင် မပါဘူး။ အဲ့ပစ္စည်းတွေ ယူရင်လည်း ကျမသေမှာ။” ဟု အမှတ် (၃) ရပ်ကွက်၊ သုံးလမ်းနေ အသက် ၂၃ နှစ်ရှိ မသင်းသင်းခိုင်က အမဖြစ်သူနှင့် တူဖြစ်သူတို့ ဆုံးရှုံးခဲ့ရသည့် အဖြစ်အပျက်ကို ပြန်လည် ရှင်းပြသည်။

ရွှေချောင်းတံတားမှ ချောင်းအထက်ပိုင်း မြောက်အရပ်တွင် အမှတ် (၁)၊ (၂)၊ (၃) ရပ်ကွက်များ အစဉ်လိုက်ရှိပြီး၊ တံတားနှင့် ခန့်မှန်း ကိုက် ၃,ဝဝဝ ခန့် အကွာအဝေးရှိ အမှတ် (၃) ရပ်ကွက်သည် ပခုက္ကူမြို့၏ ရပ်ကွက် ၁၅ ခု အနက်လူဦးရေအများဆုံး၊ ဆင်းရဲနွမ်းပါးသူ လက်လုပ်လက်စား အများဆုံးဖြစ်ကြောင်း ဒေသခံများ အဆိုအရ သိရပြီး ပခုက္ကူမြို့၌ အိမ်ခြေပျက်စီးမှု အများဆုံး၊ သေဆုံး၊ ပျောက်ဆုံး ဦးရေ အများဆုံး ရပ်ကွက်ဖြစ်သည်။

၁ဝ ပေမှ ၁၅ ပေအထိ မြင့်သည့် ရေလှိုင်းလုံးကြီးများ ရုတ်တရက် ရိုက်ခတ်မှုကြောင့် ဇနီးနှင့် သားသမီးများ အပါအဝင် မိသားစုဝင် ခြောက်ဦးအထိ ဆုံးရှုံးခဲ့သူ တဦးက “အလောင်းတွေ့တယ် မြစ်ထဲမှာအလောင်း ပေါ်တယ် ကြားရင် ဆိုင်ကယ်ငှားပြီး ပြေးပြေးကြည့် နေတာ။ တချို့တွေက အလောင်းတွေ တွေ့တာကို သေပြီဆိုပြီး ပြန်ပြန် ထိုးလွှတ်၊ မျှောလွှတ်လိုက်ကြတယ်တဲ့။” ဟု ဆိုသည်။



ပခုက္ကူမြို့အနီးမှ အဖြတ် ချောင်းရိုး ကွေ့ကောက်နေမှုကြောင့် အချို့နေရာများတွင် အကျယ် ကိုက် ၂၀၀ မှ ၃၀၀ ခန့်၊ အနက် ၁၅ ပေခန့် မြေပြင် နိမ့်ကျသွားသည်ထိ ရေလုံးကြီးများက တိုက်စားသွားခဲ့သလို အချို့နေရာများတွင်မြေပြင်မှ ၁ဝ ပေ၊ ၁၅ ပေခန့်အထိ သဲများဖြင့် ဖုံးအုပ်ပစ်လိုက်သည်။ ဒေသခံများ အဆိုအရ ကြာသပတေးနေ့ နံနက်ပိုင်းက စတင်စီးဆင်းခဲ့သည့် ချောင်းရေမှာ ညနေပိုင်းအထိ အဟုန်ပြင်းစွာ စီးဆင်းနေခဲ့ပြီး သောကြာနေ့ နံနက်ပိုင်းတွင် ခန်းခြောက်သွားခဲ့ကြောင်း သိရသည်။

သဲများ ဖုံးအုပ်ခံလိုက်ရသည့် နေအိမ် နေရာဟောင်းနေရာကို တူးဆွနေသူများလည်း တွေ့ရသည်။ ဆင်းရဲသား လူတန်းစားများသည့် ရက်ကွက်ဖြစ်ရာ ရတတ်သမျှ အတိုအထွာ ပစ္စည်းများ လိုက်လံ ကောက်ယူရာမှ အချင်းများနေသူများကိုလည်း တွေ့ရသည်။

“အိမ်ပြင်ဆောက်နေလို့ ဒီနားမှာ လာပြီး ယာယီအိမ်ဆောက် နေကြတာ။ မိသားစု ရှစ်ယောက် ပါသွားတယ်။ သဲထဲ ကနေ ဆိုင်ကယ် တစီးနဲ့ စက်ဘီးတစီး တွေ့တယ်။ အိမ်က ပြိုနေတာဆိုတော့ အထဲမှာ လူကျန်မလား ဆိုပြီး တူးကြည့်နေတာ။ အလောင်းပြန်ရရင် ကောင်းကောင်းမွန်မွန် သဂြုင်္ိဟ်လို့ရတာပေါ့။” ဟု ဆွေမျိုးသားချင်းများ၏ ရုပ်အလောင်းကို ရှာဖွေနေသူတဦးက ဆိုသည်။



ပခုက္ကူမြို့မှ အာဏာပိုင်တဦးက “အခုအချိန်အထိ (အောက်တိုဘာ ၂၁ မွန်းလွဲပိုင်း) ဘယ်သူဘယ်ဝါလို့ Identify လုပ်နိုင်တဲ့ အလောင်း တော့ ၅၈ လောင်း ရှိပြီ။ ဘယ်သူဘယ်ဝါ မခွဲနိုင်သေးတဲ့ တခြား အလောင်းတွေလည်း ရှိတယ်။ အဲ့တာတွေတော့ စာရင်းထဲ မထည့် သေးဘူး။ ချောင်းအထက်ပိုင်းက ပါလာတာလည်း ဖြစ်နိုင်တယ်။ အမှတ် (၃) ရပ်ကွက်က ဒီချောင်းဘေးမှာ နေတာတွေက ကျူးကျော်လို ဖြစ်နေတော့ စာရင်းအတိအကျ ဖြစ်ဖို့တော့ ခက်မယ်။” ဟု ဆိုသည်။

ရွှေချောင်းတံတား ကျိုးပျက်မှုတွင် လူနှင့် စက်ဘီး၊ ဆိုက်ကား၊ ဆိုင်ကယ်များ ပါဝင်သွားကြောင်း၊ အများစုမှာ တဝေါဝေါ ကျဆင်း နေသည့် ရေကို တံတားပေါ်မှ ကြည့်ရှုနေခြင်း ဖြစ်ကြောင်း၊ ခန့်မှန်း လူဦးရေ ၁၅ ဦးခန့် တံတားပေါ်တွင် ရှိနေချိန် နံနက် ၇ နာရီ ဝန်းကျင်အချိန်ခန့်၌ တံတားကျိုးသွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိခဲ့ သူများက ဆိုသည်။

ရွှေချောင်းတံတားမှာ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးတပ် ကားကြီးများ ဖြတ်သန်းခွင့်မပြုဘဲ ခြောက်ဘီးနှင့် အောက် ယာဉ်ငယ်များသာ ဖြတ်သန်းခွင့်ရသည်ဟု သိရပြီး ကုန်ကားကြီးများအနေဖြင့် အမှတ် (၃) ရပ်ကွက် သုံးလမ်းအနီး ပခုက္ကူလေယာဉ်ကွင်းအနီးသို့ ပေါက်သည့် သဲချောင်းအတွင်းမှ ဖြတ်သန်းရကြောင်း သိရသည်။

အောက်တိုဘာလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါနေရာကို မြေတူးစက်၊ မြေကော်စက်များဖြင့် ယာယီ ယာဉ်သွားလာနိုင်ရန် အာဏာပိုင်များက အရေးပေါ် ပြင်ဆင်ခဲ့ရာ ညနေပိုင်းတွင် ယာဉ်များ ပြန်လည် သွားလာနိုင်ခဲ့သည်။



ရေဘေး ဒုက္ခသည်များအတွက် ပခုက္ကူမြို့ပေါ်ရှိ တိလောကရာမ၊ မိုးကုတ်၊ မတထောင်၊ ကျောက်မီး စသည့် ဘုန်းကြီးကျောင်း လေးခုတွင် ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်ထားပြီး တိလောကရာမနှင့် မိုးကုတ်
ကျောင်းများတွင် အများဆုံးဖြစ်ကာ မိုးကုတ်ကျောင်းတွင် တရားဝင် စာရင်းဇယားများအရ အောက်တိုဘာလ ၂၂ ရက် နံနက်ပိုင်းအထိ အိမ်ထောင်စုပေါင်း ၁၃ဝ နှင့် ဒုက္ခသည်ပေါင်း ၇ဝဝ ကျော် ရှိနေသည်။

“ကျနော်တို့လမ်းက အိမ်ခြေ ၅ဝ ကျော်ပါသွားတယ်။ လူက ၃၃ ယောက်ပျောက်နေတယ်။ ပြန်ရတဲ့ အလောင်းက ၁၁ လောင်း ရှိတယ်။” ဟု အမှတ် (၃) ရပ်ကွက်၊ နှစ်လမ်းမှ ကိုခင်မောင်ထွေးက ပြောသည်။

ပခုက္ကူမြို့ အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူတဦးက သေဆုံးသူ ၅၈ ဦးနှင့် ပျောက်ဆုံးနေသူပေါင်း ၃၂၀ ကျော် ရှိကြောင်း ပြောဆို ခဲ့သော် လည်း အောက်တိုဘာ ၂၃ ရက် တနင်္ဂနွေနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင်ရွှေချောင်း ရေလျှံမှုကြောင့် အမျိုးသား၊ အမျိုးသမီး စုစု ပေါင်း ၅၈ ဦးသာ ပျောက်ဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။

ပခုက္ကူမြို့ ရေဘေးဖြစ်စဉ်အပေါ် ရန်ကုန်မြို့မှ သတင်းသမား အများအပြား သွားရောက် သတင်းယူရာတွင် အာဏာပိုင်များက တားဆီး ပိတ်ပင်ခြင်း၊ ဓါတ်ပုံရိုက်ကူးခြင်းကို တားမြစ်ခြင်း၊ စစ်ဘက်ဆိုင်ရာ လုံခြုံရေး အဖွဲ့ဝင် များက လိုက်လံ မေးမြန်း နှောက်ယှက်ခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရသည်။



“တိလောက ကျောင်းမှာ ‘ကယ်ဆယ်ရေးစခန်း ဓါတ်ပုံမရိုက်ရ’ လို့ စာရေးထားတယ်။ ကျနော်တို့က သမ္မတကတောင် သတင်း လွတ်လပ် ခွင့် ရှိရမယ် ပြောထားတာ။ နောက်ပြီး ဒီကိစ္စမှာ ဘာများ ပြဿနာတွေ ရှိနေလို့လဲ ဆိုတော့ ဝန်ကြီးက ဓါတ်ပုံပေးမရိုက်နဲ့လို့ ပြောထား တယ်တဲ့။ ဘယ်ဝန်ကြီးလဲမေးတော့ မကွေးတိုင်း ဝန်ကြီးချုပ် ကတဲ့။ ဒါဖြင့် ကျနော်တို့ သတင်းယူဖို့ ဘယ်သူ့ပြောရမလဲ ဆိုတော့ မြို့နယ်မှူးကို ပြောတဲ့။ မြို့နယ်မှူးရုံးက ကျိုးနေ တဲ့ တံတားရဲ့ ဟိုဘက်ကမ်းမှာ၊ ပြီးတော့ မြို့နယ်မှူးက လူကြီးလမ်းကြောင်းနဲ့ ပါသွား တယ်တဲ့။ ဒုက္ခသည် ဦးရေပြောပါဆိုတော့ ဒုက္ခသည် မဟုတ်တာတွေကော အကုန်ရောနေလို့ စီစစ်ပြီးမှ ထုတ်ပြန်ဖို့ အထက်က မှာထားပါ တယ်တဲ့။ ဘယ်လိုပြောပြော မရလို့ လှည့်ပြန်ခဲ့ရတယ်။”ဟု သွားရောက် သတင်းယူခဲ့သည့် ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။

မကြုံစဖူး ရေအလုံးအရင်း ထိုးဆင်းလာမှုမှာ မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့်ဟု အစိုးရ သတင်းစာတွင်ဖော်ပြထား သော်လည်း ဒေသခံ များမှာမူ ပခုက္ကူမြို့ အထက် ၂၇ မိုင်ခန့်အကွာရှိ မြိုင်မြို့ အနီးတဝိုက်မှ ဆည်များ ဆည်ရေ ဖောက်ချခဲ့ခြင်းကြောင့် ယခုကဲ့သို့ ရေအလုံးအရင်းနှင့် စီးဆင်းလာသည်ဟု ယူဆနေသည်။

“ကျနော်တို့ ဒီမှာနေတာ တသက်ပဲ။ ဒီလိုတခါမှ မရှိဘူး။ ချောင်းရေကျလည်း ဒီလောက်မများဘူး။ ခုလိုလည်း အရှိန်နဲ့ မကျဘူး။ အခု ကျနော်တို့ ကြားတာ မြိုင်အနောက်ဘက် သက်ကယ်ကန်ကို လုပ်ထားတဲ့ဆည် သက်ကယ်ဆယ်ပေါ့။ အဲ့ဒီဆည်က ရေဖောက်ချတယ် ကြားတယ်။ တခြား ဆည် ၅ ခု၊ ၆ ခုလည်း အဲ့ဒီနားမှာ ရှိသေးတယ်။”ဟု ပခုက္ကူမြို့ခံ တဦးက ဆိုသည်။

အောက်တိုဘာလ ၂၂ ရက် တနင်္လာနေ့တွင် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု ဝန်ကြီး များ၊စီးပွားရေး လုပ်ငန်း ရှင်ကြီးများအဖွဲ့ ပခုက္ကူမြို့သို့ ရောက်ရှိလာခဲ့ပြီး ပခုက္ကူခရိုင်မှ ရေဘေးသင့်သူများ အတွက် ဒုတိယသမ္မတ လှူဒါန်းငွေ စုစုပေါင်း ငွေကျပ် ၁,၆၀၄ သိန်း အပါအဝင် ကျပ်သိန်း ၃,ဝဝဝ ကျော် လှူဒါန်းခဲ့ သည် ဟု အောက်တိုဘာ ၂၃ ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြခဲ့ သည်။

ပခုက္ကူခရိုင်အပါအဝင် မြန်မာနိုင်ငံအလယ်ပိုင်းဒေသမှ ရေဘေးသင့် ပြည်သူများအတွက် လူမှုရေးအသင်း အဖွဲ့များနှင့် ပုဂ္ဂလိက ကဏ္ဍများအနေဖြင့် ထောက်ပံ့မှုများ ပြုလုပ်သွားရန် ပြင်ဆင်လျက်ရှိနေပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ကူညီမှုများ ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,29th,2011

( 28 )အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည် ရောက်ရှိ

( 27 )အရှင်ဂမ္ဘီရကို ဆေးကုသပေးဖို့ အမြန် ပြန်လွှတ်ပေးစေချင်

( 26 )ဆိတ်ဖြူနယ် ရေဘေးဒုက္ခသည်တွေ အကူအညီ လိုအပ်ဆဲ

( 25 )Where Is Burma’s Reform Headed?

( 24 )ဒေါ်အောင်ဆန်းစုကြည် စွဲဆိုထားတဲ့ အမှုကို စစ်ဆေးဖို့ လက်ခံလိုက်ပြီ

( 23 )Burma Army Targets Christian Civilians In War On Insurgents

( 22 )မီဇိုရမ်ပြည်နယ်တွင် ဆိုင်ကယ်သူခိုး ချင်းအမျိုးသားတဦး ဖမ်းဆီး

( 21 )Ceasefire with one must be ceasefire with others

( 20 )ထိုင်းရေဘေးရှောင် မြန်မာရွှေ့ပြောင်း လုပ်သားများ အိမ်ပြန်

( 19 )ဘန်​ကောက်​ရေ​ဘေး​ဒုက္ခသည်များ​အတွက် ယာယီခိုလှုံ​ရေး​စခန်း​များ​ ပြင်ဆင်

( 18 )ဒုသမ္မတ တရုတ်ခရီးစဉ် သဘာဝ ဓာတ်ငွေ့၊ ရေအားလျှပ်စစ် စီမံကိန်းတို့ ဆွေးနွေးခဲ့

( 17 )အရှင်ဂမ္ဘီရကို လွှတ်​ပေး​ပြီး​ ကျန်း​မာ​ရေး​ ​စောင့်​ရှောက်ခွင့်​ပေး​ရန် ​တောင်း​ဆို

( 16 )Indonesian Foreign Minister arrives in Burma on fact-finding visit

( 15 )လယ်ယာမြေ နိုင်ငံပိုင်ပြုရေး ဥပဒေ ဖျက်ရန် ဆန္ဒပြသူ ခုနှစ်ဦး အာမခံဖြင့်လွတ်

( 14 )အစာငတ်ခံ ဆန္ဒပြတဲ့ အကျဉ်းသားများ ထောင်ဝင်စာ အပိတ်ခံရ

( 13 )Making India-Burma Relations Meaningful – Analysis

( 12 )အင်ဒိုနီးရှား ဝန်ကြီး မြန်မာပြည်ရောက်

( 11 )An Arab Spring in Burma Requires Alliance Between Armed and Nonviolent Resistance

( 10 )အစာငတ်ခံ နိုင်ငံရေးအကျဉ်းသား ထောင်ဝင်စာပိတ်

( 9 )Migrant workers in desperate situation in flooded Thailand

( 8 )The Lady ရုပ်ရှင် ရောမပွဲတော်မှာပြ

( 7 )Myanmar police charge 7 for staging land protest

( 6 )Oxi Day Foundation က ဒေါ်အောင်ဆန်းစုကြည် ကို သတ္တိရှင် အဖြစ် ဂုဏ်ပြု

( 5 )Hampstead actress Emma Thompson meets Aung San Suu Kyi in Burma

( 4 )လယ်ယာမြေဥပဒေမူကြမ်းသစ် လယ်သမား ရပိုင်ခွင့်ဆုံးရှုံး

( 3 )Thailand ‘protecting migrants’ as water rises

( 2 )The Lady ရုပ်ရှင်ကား ရောမ ရုပ်ရှင်ပွဲတော်မှာ စတင်ပြသ

( 1 )Brain Drain in Burmese Refugee Camps

Friday, October 28, 2011

ကယောနီမှ စည်ပင်နှင့်ပေါင်း၍ အခွန်မတရားကောက်ခံနေ

ဖဲမော့

ကရင် နီပြည် ဒီးမော့ ဆိုမြို့နယ် ရူးဖယ်ခူ ရပ်ကွက် နောက်ဖက်ရှိ တောင်ကတုံး များပေါ် တွင်ရှိသော သဲကျင်း များမှ သဲများကို လာရောက် ၀ယ်ယူ နေသော သူများကို မြို့နယ် စည်ပင် သာယာရေး အဖွဲ့နှင့် ကယောနီ အဖွဲ့တို့ ပူးပေါင်းပြီး အခွန် မတရား ကောက်ခံ နေကြောင်း သိရသည်။

သဲလာဝယ်သောသူများ အလာလမ်းတွင် တဲဂိတ်တခုဆောက်ကာ ထော်လာဂျီတစီးလျှင် ၃၀၀ ကျပ် နှင့် ကားတစီးလျှင် ၅၀၀ ကျပ် စီးပေးဆောင်နေကြရသည်။ ဤသို့စည်ပင်နှင့် ကယောနီတို့မှ ကောက်ခံနေသော အကောက်ခွန်များကို မပေးဆောင်နိုင်လျှင် သွားလာခွင့်မပေးဘဲ လက်နက်များဖြင့် ခြိမ်းခြောက်သည်ဟု ဒေသခံတို့က ပြောသည်။

“သူတို့ စည်ပင်နဲ့ ထူလွီးဘာလာ မှာတော့ အဖွဲ့အစည်း ကယောနီတို့ တောင်းစားတယ်” ဟု ဒေသခံတဦးက ပြောသည်။ “မပေးရင် တော့မရ နိုင်ဘူး ပေးမှရမယ် ဘာလို့လဲဆိုတော့ သူတို့ကအဖွဲ့အစည်းနဲ့ရှိတယ် ပြီးတော့ အာဏာရှိတယ် သူတို့ကို ကြောက်ရ တယ်ပေါ့ နော်”

တချို့ဒေသခံများသည် ကိုယ်ပိုင်စက်မရှိ၍ သူများစက်ငှားမောင်းနေရသောကြောင့် စက်ပိုင်ရှင်အား စက်ခပြန်ပေးရသည့်အပြင် အကောက် ခွန်များကြောင့် မိမိတို့အတွက် လုပ်အားခများ နစ်နာမှုရှိလာသည်ဟုဆိုသည်။

“ငါတို့ သူများစက်ကို ငှားမောင်းနေရတဲ့အတွက်ကြောင့် သူများစက်ဖိုးပြန်ပေးရတယ်။ ပြီးတော့ အခွန်ကောက်တွေပေးရတယ် ဒါ့ကြောင့် ငါတို့အတွက် မကျန်တော့ဘူး” ဟု စက်ငှားမောင်းနေရသော ဒေသခံတဦးက ပြောပါတယ်။

အကောက်ခွန်များကို လွန်ခဲ့သောနှစ်ကမှစ၍ ယနေ့တိုင် ကောက်ခံလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယခင်တုန်းက အကောက် အခွန်များ ကောက်ခံခြင်း မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အကောက်ခွန်များအား လက်နက်နှင့်အာဏာပြ၍ လာရောက်တောင်းခံနေမှုအပေါ် ဒေသခံများမှ စိတ်ပျက်လက်ပျက် ဖြစ်နေကြရသည်ဟု သိရသည်။

“စိတ်မကောင်းဘူးပေါ့ သူတို့ကိုဒေါသထွက်တယ်ပေါ့နော။ ဒါပေမယ့် သူတို့ကိုပြန်မပြောရဲပါဘူး။ စိတ်ပြန်မတိုရဲပါဘူး သူတို့ကိုလည်း ဘာမှပြန်မလုပ်ရဲပါဘူး” ဟု ဒေသခံတဦးက ပြောသည်။

ယခင်က သဲကျင်းများကို ဒီးမော့ဆိုမြို့ ရူးဖယ်ခူအနောက်ဖက် တောင်ကတုံးများတွင်သာ တူးဖော်ကြပြီး ယခုအခါ ဒေါဒူအနောက်ဖက် တောင်ကတုံးအထိ ကျယ်ကျယ်ပြန့်ပြန့် တူးဖေါ်လာကြသည်။

ဦးခူးရီ ဦးဆောင်သော ကယောနီအဖွဲ့သည် ပြီးခဲ့သည့် ၁၉၉၉ ခုနှစ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီမှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူခဲ့သောအဖွဲ့ဖြစ်သည်။ ယခုလက်ရှိ လူအင်အား ၃၀ ဖြင့် ဖရူဆိုမြို့နယ်တွင် အခြေစိုက်သော ကယောနီအဖွဲ့ကို ဥက္ကဌဒေးမိုက ဦးဆောင်လျက်ရှိပြီး ဖရူဆိုနှင့် ဒီးမော့ဆိုဘက်တို့တွင် လမ်းဖြတ်ခွန်များ ကောက်ခံနေသည်။

NLD ပါတီ မှတ်ပုံတင်ရေး မကြာမီ ဆုံးဖြတ်မည်

ခင်ဦးသာ on October 28, 2011


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ မှတ်ပုံတင်ခြင်း၊ မတင်ခြင်း ကိစ္စကို လာမည့် သီတင်းပတ်အတွင်း ဆုံးဖြတ်နိုင်ဖွယ်ရှိကြောင်း NLD ခေါင်းဆောင်ဦးဝင်းတင်က ပြောသည်။

“ဥပဒေက အတည်ပြုလိုက်ပြီ ဆိုပေမယ့် စီအီးစီ အဖွဲ့တွေ အစည်းအဝေးလုပ်ပြီးမှ အဖြေထွက်လာမှာပါ။ NLD မှတ်ပုံတင်ရေး ကိစ္စဟာ အရေးကြီးတဲ့ ကိစ္စဖြစ်လို့ သေချာ ဆွေးနွေးကြရဦးမှာပါ။ နောက်တပတ်အတွင်း အစည်းအဝေး အပြီးမှာ ဆုံးဖြတ်ချက်တခု ထွက်လာနိုင်ပါမှာ” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ယမန်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေးက အတည်ပြုပေးခဲ့သည်။ ထိုဥပဒေသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ရေးဆွဲထားခြင်းကို ပြန်လည်ပြင်ဆင် ရေးဆွဲကာ လွှတ်တော် အသီးသီးမှ အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ပြင်ဆင်လိုက်သော အချက်များ၌ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ထိန်းသိမ်းစောင့်ရှောက်ရမည် ဆိုသည့်အချက် အစား လေးစားလိုက်နာရမည် ဟူ၍ ပြင်ဆင်လိုက်သည်။

ဥပဒေ၏ အချက်တချို့ ပြင်ဆင်လိုက်ခြင်းနှင့် ပတ်သက်၍ ဦးဝင်းတင်က “ထိန်းသိမ်း စောင့်ရှောက် ရမယ် ဆိုတာ အစား လေးစားလိုက်နာရမယ် ဆိုတာက အတော်လေး သက်သာရာ ရသွားတယ်။ ဥပဒေ ဆိုတာ နိုင်ငံသားတိုင်းက လေးစား လိုက်နာရမယ့် ကိစ္စဖြစ်လို့ပါပဲ” ဟု ဆိုသည်။

ထို့အတူ အကျဉ်းကျခံဖူးသူများ နိုင်ငံရေး ပါတီတည်ထောင်နိုင်ခွင့်နှင့် လက်ရှိအကျဉ်းကျ ခံနေရသူများကိုလည်း ပါတီဝင်အဖြစ် သတ်မှတ်ပိုင်ခွင့်ရှိသော အခွင့်အရေးများ ပါဝင်ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။

အမျိုးသားလွှတ်တော်မှ ပြင်ဆင်ဆွေးနွေးပြီး ပေးပို့လိုက်သည့်အချက်များ ပြည့်စုံနေ၍ ပြည်သူ့လွှတ်တော်၌ ဆွေးနွေးမှု ထပ်မံ မလုပ်တော့ဘဲ အတည် ပြု ပေးလိုက်ကြောင်းသိရသည်။

“NLD ကိုတော့ မှတ်ပုံတင်ပြီး ပါဝင်စေချင်ပါတယ်။ ကျနော့် ပါတီ တရားဝင်မဖြစ်ခင်က ပြောသလိုပါပဲ၊ ကျနော့် ပါတီတောင် ဖျက်ပေးမယ်လို့ ပြောပြီးပါပြီ၊ တခြားတော့ မပြောလိုတော့ပါဘူး” ဟု ဦးသိန်းညွန့်က ဆိုသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပါတီတရပ်တည်ထောင်၍ နိုင်ငံရေးဇာတ်ခုံပေါ်သို့ ၀င်ရောက်စေလိုကြောင်း၊ ဒီမိုကရေစီ တိုးတက်ဖြစ်ထွန်းရေး ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှု အခန်း ကဏ္ဍသည် အလွန်ပင် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ၏ ခေါင်းဆောင် ဦးခင်မောင်ဆွေက ဧရာဝတီကို ပြောသည်။

“ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ပါတီတခု ထောင်ပြီးတော့ နိုင်ငံရေး ကစားကွင်းအတွင်းကို ၀င်လာမယ်ဆိုရင် ပိုလှမယ်။ နိုင်ငံရေးလုပ်ကွက်ထဲ ခြေမချဘဲ ဘေးတီးနေကြရင်တော့ ဘာမှထိရောက်မှု ရှိလာမှာ မဟုတ်ပါဘူး” ဟု သူက ဆိုသည်။

သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ တွေ့ဆုံဆွေးနွေးမှု နောက်ပိုင်းတွင် နိုင်ငံရေးအကျဉ်းသား တချို့ လွှတ်ပေးခြင်း၊ ပါတီနိုင်ငံရေး မှတ်ပုံတင်ခြင်းနှင့် ဆိုင်သည့် ဥပဒေတချို့ ပြင်ဆင်ခြင်းများ ရှိလာကြောင်း၊ NLD ပါတီအား တရားဝင် မှတ်ပုံတင်စေလိုသည့်ဆန္ဒ အစိုးရတွင် ရှိပုံရကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) ၏ အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက “ဒေါ်အောင်ဆန်းစုကြည်သာ ပါတီထောင်ပြီး နိုင်ငံရေးလောကထဲ ၀င်ရောက်လာမယ် ဆိုရင် ဒီမိုကရေစီ အင်အားစုတွေ အင်အား ကောင်းလာမှာ၊ ကြီးထွားလာမှာ ဖြစ်လို့ ကြိုဆို နေတယ်” ဟု ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ထွက်လာပြီး နောက်ပိုင်းကာလတွင် NLD ပါတီမှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ၀င်ရေး၊ မဝင်ရေးတို့နှင့် ပတ်သက်၍ ပြည်တွင်း၊ ပြည်ပ၌ သဘောထား အမျိုးမျိုး ထွက်ပေါ်လာသည်။

ပြည်တွင်းသဘောထားနှင့် ပတ်သက်၍ ဦးအေးသာအောင်က “တချို့ရဲ့ အမြင်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ပြင်စရာတွေ၊ တခြား လုပ်ဆောင်ဖို့ လိုအပ်တာတွေကို ပြုပြင် လုပ်ဆောင်ပြီးမှ ၂၀၁၅ ရွေးကောက်ပွဲကို ၀င်စေချင်ကြတယ်။ တချို့ကတော့ ကြားဖြတ် ရွေးကောက်ပွဲမှာ ရသလောက် ပါဝင်ပြီး လွှတ်တော်ထဲကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အင်အားနဲ့ လုပ်သွားချင်နေကြတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံမှု၊ အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံနွေးမှုများသည် NLD ပါတီ တခုတည်း အတွက်မဟုတ်ဘဲ တနိုင်ငံလုံးရှိ မဟာမိတ် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလူမျိုးစုများ၊ တနိုင်ငံလုံးရှိ ဒီမိုကရက်တစ် အင်အားစုများနှင့်လည်း သက်ဆိုင်နေကြောင်း၊ ထို့ကြောင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အပါအဝင် နိုင်ငံရေး ဖြစ်ထွန်း တိုးတက်မှုများပေါ်တွင် မူတည်၍ အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

ပါတီမှတ်ပုံတင်ခြင်း ဥပဒေတွင် ပြင်ဆင်လိုက်သော အချက်တချို့သည် အခြေအနေ ကောင်းမွန်သည်ဟု ပြောဆိုနိုင်ပြီး NLD အနေဖြင့် ပါတီမှတ်ပုံတင်ခြင်းနှင့် ရွေးကောက်ပွဲဝင်ခြင်း နှစ်ခုစလုံးကို သေချာစဉ်းစား ဆုံးဖြတ် သွားမည်ဟု ဦးဝင်းတင်က ဆိုသည်။

NLD ပါတီဝင်တဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိလည်း ဖြစ်သော ဦးဝင်းထိန်က “NLD ပါတီ မှတ်ပုံတင်တာနဲ့ပတ်သက်လို့ တနိုင်ငံလုံးက မြို့နယ်တွေရဲ့ ဆန္ဒသဘောထားတွေကို ယူရဦးမှာပါ။ ၂၀၁၀ တုန်းကတော့ မှတ်ပုံတင်မယ့် ကိစ္စကို မြို့နယ် ၁၀၀ မှာ ၉၉ မြို့နယ်က သဘောမတူခဲ့ကြပါဘူး။ ဒါပေမယ့် အခုက ဥပဒေ ပြင်ဆင်လိုက်တော့ အခြေအနေက မတူတော့ဘူးပေါ့” ဟု ပြောသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကြမ်းအား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အမျိုးသား လွှတ်တော်၌ အဆိုပြု တင်သွင်းကာ ကိုယ်စားလှယ်များက ဆွေးနွေး အတည်ပြုပြီး ပြည်သူ့လွှတ်တော် သို့ပေးပို့၍ အတည်ပြုချက် ရယူခဲ့ခြင်း ဖြစ်သည်။

မြန်မာ အမြောက်တပ် ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ကျပ် ၂၅ သိန်းနှင့် ပြန်လွှတ်ပေး

နိရဉ္စရာ

ရခိုင်ကမ်းလွန်ပြင် မေယုမီးပြတွင် တာဝန်ကျနေသော အမြှောက်တပ် ကင်းစခန်းမှ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်း စက်လှေ တစီးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၂၅ ယူကာ ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။

ဆင်မဖြူကျွန်းတွင် စီးပွားရေး လုပ်ကိုင်နေသူ ကိုမောင်သန်းမှ နိရဉ္စရာသို့ ယခုလို ပြောသည်။

"သူတို့ တောင်းတာက ကျပ်သိန်း ၃၀ တောင်းပါတယ်။ ငါးဖမ်း စက်လှေပေါ်မှာ ပါသွားတဲ့ မိုဘိုင်းဖုံးနဲ့ ဆက်သွယ်ပြီး တောင်းတာပါ။ ပိုင်ရှင်က ကျပ် ၂၅ သိန်းပေးပြီး ငါးဖမ်းလှေကို ပြန်ရွှေးခဲ့ရပါတယ်" ဟု ပြောသည်။

စစ်တွေမြို့ အနောက်ဘက်ရှိ မေယုမီးပြတွင် တာဝန်ကျနေသော အမြှောက်တပ်မှ အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အတွင်းသို့ အောက်တိုဘာလ ၂၅ ရက်နေ့ ညဥ့်အချိန်တွင် စက်ဘုတ် တစီးဖြင် ရုတ်တရက် ၀င်ရောက်လာပြီး အုန်းကျွန်း အနီးရှိ မော်လဗီကျောက် ပင်လယ်ပြင်တွင် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့မှ ငါးဖမ်း စက်လှေ တစီးကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သည်။

" အဲဒီ ငါးဖမ်းဘုတ်ပိုင်ရှင်က ဆူလတန် မာဇီး ဖြစ်ပါတယ်။ သူက ရှင်မဖြူကျွန်းကပါ။ ပထမ သိန်း ၃၀ တောင်းတော့ ဘင်္ဂလာ တာကာ(၃) သိန်းပို့ပါတယ်။ အမြောက်တပ်က ပြောတာက ဘင်္ဂလာ တာကာ မလိုချင်ဘူး။ ကျပ်ဘဲ လိုချင်တယ်လို့ ပြောတဲ့ အတွက် မောင်တောက ငွေလဲပြီး အချိုရည်ဗူးတွေ၊ သောက်ရေသန့် ဗူးတွေနဲ့ အတူ အောက်တိုဘာလ ၂၆ ရက်နေ့မှာ မေယုမီးပြကို သွားပြီး စက်လှေကို ရွေးယူခဲ့ရပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ မြန်မာ အမြောက်တပ်မှ ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ငွေ ၂၅ သိန်းတောင်းယူသွားသည့် အပေါ် ဆင်မဖြူကျွန်းမှ တခြား ဒေသခံများကလည်း နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သို့သော်လည်း မြန်မာ့ အမြောက်တပ်နှင့် ဆက်သွယ်ရန်ခက်ခဲ သဖြင့် အဆိုပါ သတင်း ဟုတ် မဟုတ်ကို အတည်ပြုရန် မေးမြန်းနိုင်ခြင်း မရှိပါ။

မြန်မာ အမြောက်တပ်သာမက နယ်စပ်တွင် တပ်စွဲထားသော နစက တပ်ဖွဲ့ဝင်များ အနေဖြင့် သူတို့တွင် ငွေ အသုံး လိုလာတိုင်း ယခုကဲ့သို့ ဘင်္ဂင်္လာဒေခ်ျ့ ငါးဖမ်းစက်လှေများကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားကာ ငွေတောင်းခံလေ့ရှိကြောင်း နယ်စပ်နေ ပြည်သူများက ပြောသည်။

ပြည်တော်ပြန် အစီအစဉ် ရေပန်းမစား

ရန်ပိုင် on October 28, 2011


သမ္မတ ဦးသိန်းစိန်က ပြည်ပ ရောက်များ ပြန်လာ နိုင်ကြောင်း ဖိတ်ခေါ် သော်လည်း ပြည်ပတွင် အခြေချ နေထိုင် သူများ၊ ခိုလှုံခွင့် တောင်းခံ သူများ အကြား ပြည်တော် ပြန်ရေး အစီအစဉ်မှာ ရေပန်း မစား လှဘဲ ပြန်သည့် အရေ အတွက် နည်းပါးလျက် ရှိသည်။

ဤသို့ နည်းပါးနေခြင်းသည် ဦးသိန်းစိန်၏ မိန့်ခွန်းမှာ နှုတ်ပြောသက်သက်မျှသာဖြစ်နေခြင်း၊ အစိုးရအနေဖြင့် တိကျသည့် အမိန့်ဒီဂရီထုတ်ပြန်ကာ ရှင်းလင်းပွင့်လင်းပြီး စနစ်တကျလက်ခံသည့်လုပ်ငန်းစဉ်တရပ် မရှိခြင်းတို့ကြောင့်ဖြစ်သည်ဟု ပြည်ပရောက် မြန်မာများ က ပြောဆိုကြသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက စီးပွားရေး၊ လူမှုရေး နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင် သမ္မတ ဦးသိန်းစိန် က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အပြစ်တစုံတရာ ကျူးလွန်မှုမရှိလျှင် အချိန်မရွေး ပြန်လာနိုင်ရန် စဉ်းစားပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

ပြည်ပတွင် အခြေချနေထိုင်သူ မြန်မာပြည်သား အများစုမှာ ပြည်တွင်းနိုင်ငံရေး အခြေအနေတိုးတက်လာမှုနှင့် သမ္မတ ဦးသိန်းစိန် ၏ ပြည်တော်ပြန်ခွင့်ပြုသည့် မိန့်ခွန်းကြောင့် မွေးရပ်မြေသို့ ပြန်လာလိုစိတ်များ ဖြစ်ပေါ်သော်လည်း အပြီးအပိုင် ပြန်ရန် သို့မဟုတ် စီးပွားရေးလုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန်အတွက်မူ တွန့်ဆုတ်နေကြသည်။

မြန်မာနိုင်ငံသို့ ပြန်သူများတွင် ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲ အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပီတာလင်းပင်၊ ဟာသ သရုပ်ဆောင် ကိုဂေါ်ဇီလာနှင့် လူရွင်တော်များဖြစ်သည့် ဇီးသီးနှင့် စိန်သီးနှင့် မင်းသမီး ချောစုမျိုး တို့ကိုသာ ပြည်တွင်းမီဒီယာများတွင် မြင်တွေ့ရသည်။

ဧရာဝတီ၏ လေ့လာချက်များအရ ပြည်ပ၌ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများတွင် တခြားတိုင်းပြည်၌ နိုင်ငံသား ခံယူထားကြ သူများနှင့် ခိုလှုံခွင့်လျှောက်ထားပြီး ခရီးသွားလက်မှတ်(Travel Document) ကိုင်ဆောင်ထားသူများဟု နှစ်မျိုးနှစ်စား တွေ့ရသည်။

ယခုပြည်တော်ပြန်သူ အများစုမှာ ပြည်ပနိုင်ငံသားအဖြစ် ခံယူထားသူများ ဖြစ်ပြီး မြန်မာနိုင်ငံသို့ ခေတ္တအလည်အပတ် သဘောမျိုးသာ သွားရောက်ကြသည်ကိုသာ တွေ့ရသည်။

ပြည်ပ၌ နှစ်ပေါင်း ၄၀ ကျော် နေထိုင်ခဲ့သည့် ဥရောပ – မြန်မာ(Euro- Burma Office)ရုံး ဦးဆောင်ညွန်ကြားရေးမှူးနှင့် ဒီမို ကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာန၏ အမှုဆောင် ညွန်ကြားရေးမှူးအဖြစ် ယာယီတာဝန်ယူထားသော မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက်၏ သား ဦးဟန်ညောင် ဝေသည် ပြီးခဲ့သည့်ရက်ပိုင်း က မြန်မာနိုင်ငံသို့ အလည်အပတ်သဘော သက်သက်သာ သွားရောက်ခဲ့သကဲ့သို့ သင့်ဘ၀မဂ္ဂဇင်း အယ်ဒီတာဟောင်း ဒေါက်တာ တင်မောင်သန်း အပါအ၀င် စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦး တို့သည်လည်း မြန်မာနိုင်ငံ သို့ ခေတ္တ သွားရောက်ခဲ့သေးသည်။

သို့ရာတွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ မြန်မာသံရုံးနှင့် နီးစပ်သူများ အဆိုအရ အခြားသော နိုင်ငံများ၌ နိုင်ငံရေးခိုလှုံခွင့်တောင်းခံ ထားသည့် နိုင်ငံသား မဖြစ်သေးသူများ မြန်မာနိုင်ငံသို့ ပြန်လိုလျှင် မိမိလက်ရှိ ကိုင်ဆောင်သည့် ခရီးသွားခွင့်လက်မှတ် (Travel Document) အား သံရုံးသို့အပ်နှံရကြောင်း၊ သံရုံးမှ အသိအမှတ်ပြုသည့် စာ(Letter of Identify)ကို ပြန်လည် ထုတ်ပေးကြောင်း၊ အဆိုပါ စာရွက်ကို ကိုင်ဆောင်ပြီးမှသာ မြန်မာနိုင်ငံသို့ ပြန်ရကြောင်း သိရသည်။

ထို့အပြင် နိုင်ငံတော်အား အကြည်အညိုပျက်စေသည့် အပြုအမူ အပြောအဆိုများ ရှောင်ကျဉ်ရန်၊ နိုင်ငံတော်၏ တည်ငြိမ်အေးချမ်း မှု နှင့် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်မည့် လုပ်ဆောင်မှုပြောဆိုမှု၊ ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန်၊ တရားမ၀င်အဖွဲ့ အစည်း အများနှင့် ဆက်သွယ်ခြင်း မပြုရန်၊ အဖျက်အမှောင့်လုပ်ရပ်များကို ရှောင်ကျဉ်ရန်၊ နိုင်ငံတော်၏ ကျေးဇူး သစ္စာကို စောင့်သိ၍ ဥပဒေ ဘောင်အတွင်း အေးချမ်းစွာနေထိုင်ရန် စသည့် ဂတိခံဝန်ချက်များကို လက်မှတ်ရေးထိုးရကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။

ဤမျှသာမကသေး နိုင်ငံရေးနှင့် မပတ်သက်ဘဲ စီးပွားရေး၊ လူမှုရေးကိစ္စ အပါအ၀င် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတွင် အခြေ ချနေထိုင်သည့် မြန်မာနိုင်ငံသား တချို့မှာလည်း သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းပါ စကားအရ ပြည်တော်ပြန်သည့် အခါတွင် ပိတ်ဆို့ ကန့်သတ်မှုများ ခံနေရကြောင်း ဧရာဝတီမှ စုံစမ်းသိရသည်။

သြစတြေးလျနိုင်ငံ၌ ၁၉၉၅ ခုနှစ်ကစတင်၍ အမြဲတမ်း နေထိုင်ခွင့်ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် နိုင်ငံသား ခံယူထားသည် ဦးဘအေးနှင့် ဇနီး ဒေါ်သန်းသန်းညွန့် တို့သည်လည်း ကင်ဘာရာ အခြေစိုက် မြန်မာသံရုံး၏ ဗီဇာခွင့်ပြုချက်ရယူပြီး မလေးရှားလေကြောင်းဖြင့် မြန်မာနိုင်ငံသို့ ပြီးခဲ့သည့် အောက်တိုဘာ ၄ ရက်နေ့က ပြန်လာရာ၊ ရန်ကုန် လေဆိပ်၌ လူဝင်မှုကြီးကြပ်ရေးဌာနက ၀င်ခွင့်မပြုဘဲ ပြန်လည်နှင်ထုတ်ခဲ့ကြောင်း သားဖြစ်သူ ဦးတင်ဦးက ဧရာဝတီသို့ ပြောသည်။


“သမ္မတကြီးက ပြန်လာခိုင်းပြီ အသက်ကြီးတော့ မြန်မာပြည်ပဲ ခေါင်းချမယ်ဆိုပြီး အဖေနဲ့ အမေက အားရ၀မ်းသာပြန်လာတာ၊ အခုလိုနှင်ထုတ်ခံရတော့ ကျနော့်မိဘတွေ အရမ်းဝမ်းနည်းနေကြတယ်”ဟု ၎င်းကဆိုသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ရန်ကုန်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေး ဌာနကို မေးမြန်းစုံစမ်းသော်လည်း အကြောင်းပြချက် တစုံ တရာပေးခြင်းမရှိကြောင်း၊ မိမိတို့မှာ မြန်မာလူမျိုးများဖြစ်သည့် အတွက် မြန်မာနိုင်ငံသို့ ပြန်ရန် ဆက်လက်ကြိုးစားမည်ဖြစ်ကြောင်း ဦးတင်ဦးက ဆက်လက်ရှင်းပြသည်။

ယခုနှင်ထုတ်ခံရသည့် အသက် ၇၄ နှစ်ရှိပြီဖြစ်သော ဦးဘအေးသည် တပ်မတော် ရေမှ ပင်စင်စား တဦးဖြစ်ပြီး ၁၉၆၀ ခုနှစ်ခန့်က မြန်မာ နိုင်ငံ ကိုယ်စားပြု အနောက်တိုင်း လက်ဝှေ့ အားကစား သမား တဦး လည်းဖြစ်သည်။ ဇနီးဖြစ်သူ ဒေါ်သန်းသန်းညွန့်မှာ လက် တွန်း လှည်းဖြင့် သွားလာနေရသည့် လူမမာ တဦး ဖြစ်သည်။

မြန်မာနိုင်ငံတွင် နေထိုင်စဉ်၂၀၀၁ ခုနှစ်က သုဝဏ္ဏ အားကစား ကွင်း၌ မြန်မာနှင့် သြစတြေးလျ လက်ဝှေ့သမားများ ထိုးသတ်ရန် စီစဉ်ခဲ့ သူဖြစ်ပြီး အကျိုးဆောင် ဂျာနယ်နှင့် ဂမ္ဘီရ ပါဝါဂျာနယ် တို့ကို ထုတ်ဝေ ခဲ့သည့် လုပ်ငန်းရှင်လည်း ဖြစ်သည်။

အစာငတ်ခံဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ ပါဆယ်ပေးခွင့်နှင့် ထောင်ဝင်စာ တွေ့ခွင့် ပိတ်ခံရ

ရွှေအောင်

အင်းစိန် ထောင်တွင်း အစာ ငတ်ခံ ဆန္ဒပြ နေတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ဆယ်လောက်​ ​ထပ်​တိုး​ လာ​ပြီး​ ထောင်အာဏာ ပိုင်က ထောင်ဝင်စာ တွေ့ခွင့်နဲ့ ပါဆယ် ပေးခွင့်တို့ ပိတ်လိုက် တယ်လို့ သိရ ပါတယ်။

အောက်တိုဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီ ကတည်းက အစာ ငတ်ခံ ဆန္ဒပြ နေကြတဲ့ အင်းစိန် ထောင်တွင်းက နိုင်ငံရေး အကျဉ်းသား အရေ အတွက် ထပ်တိုး လာနေသလို ထောင်အာဏာပိုင်တွေက ကန့်သတ် ချုပ်ချယ် တာတွေ ပိုလုပ်လိုက် တဲ့အတွက် အကျဉ်းသား မိသားစုဝင်တွေရဲ့ စိုးရိမ် ပူပန် မှုတွေ တိုးလာ နေပါတယ်။

အထက်က ညွှန်ကြားချက်အရ ထောင်ဝင်စာတွေ့ခွင့် ပိတ်လိုက်တယ်လို့ပဲ ထောင်တာဝန်ရှိသူတွေက ပြောပြီး ဘာကြောင့် ထောင်ဝင်စာ တွေ့ခွင့်ပိတ်တယ်၊ ဘယ်နေ့ဘယ်အချိန်အထိ ပိတ်တယ်ဆိုတာလဲ အသိပေးပြောတာ မရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား မိသားစု များအကျိုး ဆောင်ကွန် ရက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

“ဆန္ဒပြမှု မတိုင်ခင်ကတည်းက နှစ်ရှည် အကျဉ်းသားတွေ ဖြစ်တဲ့အတွက် ကျန်းမာရေးက ချို့တဲ့နေကြတယ်။ နာရီ ၄၈ နာရီကျော် ကြာအထိကို အာဏာပိုင်တွေဘက်က ဘာမှ မလိုက်လျောဘဲနဲ့ အချိန်ဆွဲထားပြီးတော့ ထောင်ဝင်စာတွေလည်း ပိတ်တယ်။ နောက်ဆုံး ရေသောက်ခွင့်ပါ ပိတ်ထားပြီး ပါဆယ်ပေးခွင့်ပါ မပေးတော့ဘူးဆိုရင် သူတို့ရဲ့ ကျန်းမာရေး အခြေအနေက အတော်လေး အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲ့တော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ရက် အပါအ၀င် တခြား ဒီမိုကရေစီအင်အားစု တော်တော်များများက စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်။ ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ဆိုတဲ့ တောင်းဆို လက်မှတ်ထိုးပွဲတွေလည်း လုပ်နေတယ်။”

မနေ့ကတည်းက ဆန္ဒပြနေတဲ့ အကျဉ်းသားတွေအဆောင်ကို ရေဖြတ်ထားလိုက်ပြီး ဒီနေ့ ပါဆယ်ပို့ခွင့်နဲ့ ထောင်ဝင်စာတွေ့ခွင့်ပါ ပိတ်လိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားတွေ လျှော့ရက်ပိတ်ထားတဲ့အပေါ် မကျေနပ်လို့ အစာငတ်ခံဆန္ဒပြနေတဲ့သူတွေကို အခုလိုပြုမူတာ မဖြစ်သင့်ဘူးလို့ မကြာခင်က ထောင်ကလွတ်လာတဲ့ စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။

“တခြား အကျဉ်းသားတွေကျတော့ လျှော့ရက်ခံစားခွင့်ရပြီး ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေကို မပေးဘူးဆိုတာကတော့။ ပြစ်ဒဏ်ကျလို့ ၁၀ နှစ် ချလိုက်ပြီပဲထား၊ ထပ်ပြီးလျှော့ရက်ကို နုတ်တယ်ဆိုတာ ဒီပြစ်ဒဏ်တခုကိုပဲ နောက်ထပ် ထပ်ဆင့်ချမှတ်သလို ဖြစ်နေပြီ။ ဒါက မဖြစ်သင့်ဘူးလေ။ အခုဆိုရင် သမ္မတကရော၊ ၀န်ကြီးကရော လျှော့ရက်တွေကို ရပါစေလို့ ပြောထားလျက်သားနဲ့ အကျဉ်းဦးစီးဌာနက မပေးတဲ့အပြင် ထောင်ဝင်စာပိတ်တယ်။ ရေပါ ဖြတ်တယ်လို့ ပြောသံကြားနေရတယ်။ ဒါက မကောင်းတဲ့ အနေအထားဗျ။ အရမ်းစိုးရိမ်တယ်ဗျ။ သူတို့အတွက်ကိုလည်း အရမ်း ကိုယ်ချင်းစာတယ်။ ကျနော်တို့ အပြင်ကလည်း တတ်နိုင်သလောက် ၀ိုင်းကူညီမယ်လို့ စဉ်းစားထားပါတယ်။”

သီတင်းကျွတ်လပြည့်နေ့ကမှ ထောင်ကလွတ်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စုပြီး ကန့်ကွက်ကြောင်း သမ္မတ အပါအ၀င် သက်ဆိုင်ရာကို လက်မှတ်ရေးထိုး ပေးပို့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ပိုင်ဆီ ဖုန်းဆက်မေးကြည့်တော့ ထောင်ပိုင် အစည်းအဝေး သွားတယ်လို့ပဲ ပြောပါတယ်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက ၀ိုင်းဝန်းတောင်းဆိုနေကြချိန်မှာ အခုလို နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲ ဖြစ်ပွားနေတာပါ။

လိမ္မာတော့မယ့် ဂျောက်ဂျက်၊ ဟောလိဝုဒ် စတိုင် ရွှေမင်းသမီးနဲ့ ကိုရီးယားရောဂါ

မစပ်စု on October 28, 2011


ဂျောက်ဂျက် လိမ်မာနေပြီလား

လွန်ခဲ့တဲ့ ၁၀ စုနှစ် တခုကျော်ကာလက ဟဲဗီးရော့ခ်သံစဉ်တွေနဲ့ လွှမ်းမိုးနေတဲ့ မြန်မာခေတ်ပေါ် ဂီတလောကထဲ ဟစ်ပ်ဟော့ပ် ဆိုတဲ့ ဂီတအမျိုးအစားတမျိုး ဝင်ရောက်လာပါတယ်။

ခေတ်တိုင်းမှာ လူငယ်တိုင်းဟာ သူတို့ရဲ့ ခံစားချက်တွေကို အနုပညာပုံစံ တမျိုးစီနဲ့ ဖော်ပြခဲ့ကြသလိုပဲ ဟစ်ပ်ဟော့ပ် ဂီတဟာလည်း လူငယ်တွေရဲ့ ခံစားချက်တွေ ဖောက်ချနိုင်တဲ့ အနုပညာ ပုံစံတမျိုးဖြစ်ခဲ့ပါတယ်။ ဂစ်တာတွေ သုံးပြီး ခံစားချက်တွေကို စာသားနဲ့ သံစဉ်အဖြစ် ပြောင်းပြောတဲ့ ယဉ်ကျေးမှုကနေ အီလက်ထရွန်းနစ် Beat တွေ၊ ကာရန်တွေ စကားပြောတွေသုံးပြီး လူငယ်တွေရဲ့ ခံစားချက်တွေ၊ အမြင်တွေကို လူတွေကို ချပြတဲ့ ယဉ်ကျေးမှု ထွန်းကားခဲ့ပါတယ်။

အနဂ္ဂ၊ ဇေယျာသော်၊ ရန်ရန်ချန်း စတဲ့လူငယ်တွေဟာ ဟစ်ပ်ဟော့ဂီတကို မြန်မာပရိသတ်နဲ့ မစိမ်းရအောင် စတင် မိတ်ဆက် ပေးခဲ့သူတွေလို့ ပြောလို့ရပါတယ်။

ဟစ်ပ်ဟော့ပ်မှာ တွဲလျက်လိုက်လာတာကတော့ Underground ပါ။ နိုင်ငံရေးစာသားတွေ၊ ညစ်ညမ်း စာသားတွေ၊ ဆင်ဆာမဲ့ စကားလုံးတွေ ထည့်သွင်းရေးဖွဲ့ချင်သူတွေက လွတ်လွတ်လပ်လပ် စမ်းသပ်ရာကနေ စတင်လာတော့ တာပါပဲ။

မြန်မာပြည်ရဲ့ Underground ဂီတလောကမှာ ထူးထူးကဲကဲ နာမည်ထွက်လာသူကတော့ ဂျောက်ဂျက် ဖြစ်ပါတယ်။

ဂျောက်ဂျက်က သူကျွမ်းကျင်ရာ Underground ဟစ်ပ်ဟော့ပ် ဂီတကို အသုံးပြုပြီး ခေတ်မိန်းကလေးတွေရဲ့ အနေအထိုင်၊ အပြုအမူတွေကို နှိုက်နှိုက်ချွတ်ချွတ် ရေးဖွဲ့သီဆိုခဲ့သူအဖြစ် နာမည်ကြီးပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်နီးပါး လောက်ကတော့ Underground သီချင်းတွေ၊ ညစ်ညမ်းစာသားတွေ သီဆိုမှု၊ ညစ်ညမ်းပုံတွေ နဲ့အတူ ဗီစီဒီထွက်ရှိမှုတွေနဲ့ ပတ်သက်ပြီး ဂျောက်ဂျက်ကို show သီဆိုခွင့်၊ စီးရီးထုတ်ခွင့်တွေ ခေတ္တရပ်ဆိုင်းခဲ့ ပါတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ သူဟာ မြန်မာနိုင်ငံဂီတ အစည်းအရုံးမှာလည်း ခံဝန်ကတိ လက်မှတ်ထိုးခဲ့ရ ဖူးပါတယ်။

ဒါပေမယ့် သူ့ရဲ့ လွတ်လွတ်လပ်လပ် ရေးသား တင်ဆက်မှုတွေကို ကြိုက်နှစ်သက်ပြီး လက်ခံအားပေးတဲ့ လူငယ် ပရိသတ်တွေ အများကြီးရှိနေဆဲ ဖြစ်သလို တချို့ကလည်း သူ့အရေးအသား တင်ဆက်ပုံတွေကို မိုက်ရိုင်းတယ်ဆိုပြီး ဝေဖန်ပြစ်တင်ကြပါတယ်။ အထူးသဖြင့်တော့ မိန်းကလေးပရိသတ်က ဂျောက်ဂျက်ကို တော်တော်လေး စိတ်ဆိုးဒေါသ ထွက်ကြပါတယ်။

မကြာသေးခင်ကတော့ ပြည်တွင်းထုတ် ပေါ်ပြူလာဂျာနယ်မှာ ဂျောက်ဂျက်က လူငယ်တွေ အတုခိုး မမှားရလေအောင် သူ့အနေနဲ့ ဆင်ဆင်ခြင်ခြင် နေထိုင်ရတယ်ဆိုတဲ့ အကြောင်းကို ပြောထားတာ တွေ့ရပါတယ်။

ဒီလို အနေအထိုင်ဆင်ချင်ရာကနေ မိုက်ကရိုဖုန်းကိုင်တဲ့အခါ သူ့ပါးစပ်ကပါ ဆင်ခြင်လာဖို့ကို မိန်းကလေး ပရိသတ်က မျှော်လင့်နေတယ် ဆိုတဲ့အကြောင်း သိရပါတယ်။

ရွှေမင်းသမီးနဲ့ စာနယ်ဇင်း


သရုပ်ဆောင် အကယ်ဒမီ ထက်ထက်မိုးဦးနဲ့ သတင်းသမားတွေ အကြား ပြဿနာတခု မရှင်းသေးခင်မှာပဲ သူတို့လင်မယားနဲ့ စာနယ်ဇင်းလောက ဆက်ဆံရေးအခြေအနေ ဆက်လက် တင်းမာဖို့ ဖြစ်ရပ်တခု ထပ်ဖြစ်လာပါတယ်။

လွန်ခဲ့တဲ့ တနှစ်ကျော်လောက်က 7days news ဂျာနယ်မှ သတင်းထောက် အေးသူစံကို ထက်ထက်မိုးဦးက ကိုယ်ထိ လက်ရောက် ကျူးလွန်မှုနဲ့ ပတ်သက်ပြီး တရားရင်ဆိုင်နေရတုန်း အတောအတွင်းမှာပဲ သူ့ရဲ့ခင်ပွန်းဖြစ်သူ သရုပ်ဆောင် ဇူးမြတ်ထက်ဟာ အောက်တို ဘာ ၁၈ ရက်နေ့က ရန်ကုန်တိုင်း ဒေသကြီး စုပေါင်းခရိုင် တရားရုံးရှေ့မှာ သတင်းထောက် တဦးကို ဆဲရေးတိုင်းထွာပြီး ခြေနဲ့ ပြေးကန် ခဲ့တယ် ဆိုတဲ့ သတင်း ထွက်ပေါ်လာပါတယ်။

အဲ့ဒီိကိစ္စက facebook စာမျက်နှာတွေမှာ ပျံ့နှံ့ခဲ့ပြီး ဖတ်လိုက်ရတဲ့ ပရိသတ်တွေကလည်း အမျိုးမျိုး ဝေဖန်ချက်တွေ ပေးကြပါတယ်။

အဲဒီဝေဖန်ချက်တွေထဲမှာ ဇူးမြတ်ထက်က သတင်းထောက်ကို ခြေနဲ့ကန်တယ် ဆိုတဲ့အကြောင်းသာပါရှိပြီး ဘာကြောင့် ကန်ရတာ လဲဆိုတဲ့ အကြောင်းရင်း မပါဝင် တဲ့အတွက် ပုဂ္ဂိုလ်ရေး အရ ထိခိုက်တယ်၊ သတင်း ဌာန တွေဘက်က အရေး အသားနဲ့ ပတ်သက်လို့ ရိုးသား စေချင်တယ် ဆိုတာမျိုး တွေလည်း တွေ့ရ ပါတယ်။

ထက်ထက်မိုးဦးနဲ့ အေးသူစံတို့ရဲ့ အမှု မပြီးပြတ်သေးခင်မှာပဲ ထက်ထက်မိုးဦး သမီးဦးလေးမွေးဖွားပါတယ်။ သူ့မိသားစု အကြောင်း ကောလာဟလ တချို့ဖြန့်တဲ့သူတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ် လို့ အနုပညာအသားပေး ဂျာနယ်တွေမှာ မင်းသမီးက ဖွင့်ချခဲ့ပါတယ်။

ဟောလိဝုဒ်မှာ မင်းသမီးနဲ့ ပါပါရာဇီတွေရဲ့ ဆက်ဆံရေး အခြေအနေလို မြန်မာပြည်မှာ ဖြစ်နေတာ ဂုဏ်ယူစရာလို့ ပြောရမှာလား။

ကိုရီးယား စီးကြောင်းထဲမှာ


မြန်မာနိုင်ငံမှာ ၆ ကြိမ်မြောက် ကိုရီးယားရုပ်ရှင်ပွဲတော်ကို ကျင်းပဖို့အတွက် ကိုရီးယားနိုင်ငံက သရုပ်ဆောင် Choi Soo Jong နဲ့ So Yi Hyun တို့အဖွဲ့ဟာ အောက်တိုဘာ ၂၀ ရက်နေ့က ရောက်ရှိလာပါတယ်။

လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်ကကစပြီး ကိုရီးယားရုပ်ရှင် ဇာတ်လမ်းတွဲတွေကို မြန်မာပရိသတ် ကြိုက်နှစ်သက်ရုံတင် မကဘဲ သူတို့ရဲ့ ဖက်ရှင်တွေ၊ စားသောက်နေထိုင်ပုံတွေပါ လူငယ်တွေကြား လွှမ်းမိုးလာခဲ့တာပါ။

ကောင်မလေးတွေကြားမှာ “အိုပါ့” “အန်ညောဆေးရော” စတဲ့ ကိုရီးယား စကားတွေကိုလည်း တွင်တွင်သုံးနေတာ တွေ့လာရပါတယ်။ မုန့်ဟင်းခါးအစား ကိုရီးယား ပဲခေါက်ဆွဲကို စားပြီး စတိုင်ထုတ်ရတာလည်း အရသာတမျိုး ဖြစ်နေပုံ ရပါတယ်။ ဒါ့အပြင် မိန်းကလေးက ရည်းစားစကား စပြောတာတို့၊ မိန်းကလေးတွေ အရက်၊ ဘီယာကို ကောင်လေးတွေနဲ့ အပြိုင် သောက်တတ်လာတာတို့လည်း ကိုရီးယားယဉ်ကျေးမှုက ဆင်းသက်လာတယ် ဆိုရမလား မပြောတတ်ပါ။

ဒါပေမယ့် မြန်မာအိမ်ရှင်မတွေရဲ့ နေ့စဉ် အိမ်မှုကိစ္စ၊ စားဝတ်နေရေး ပြဿနာတွေနဲ့ လုံးချာလိုက်နေတဲ့ ဘဝတွေထဲမှာ အပန်းဖြေစရာ၊ အမောတွေ ဖြေဖျောက်စရာ ကဏ္ဍတခုအနေနဲ့ ကိုးရီးယားဇာတ်လမ်းတွဲတွေက နေရာယူနေဆဲ ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး။

မြန်မာ့ရုပ်မြင်သံကြားနဲ့ မြဝတီရုပ်မြင်သံကြားတွေမှာ ကိုရီးယား ဇာတ်လမ်းတွဲတွေ မပြသခင်က တရုတ်နဲ့ ဂျပန် ဇာတ်လမ်းတွဲတွေ နေရာနည်းနည်း ယူခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ကိုရီးယားက နှစ်အတန်ကြာ အနိုင်ရ လွှမ်းမိုး သွားနိုင်တယ်လို့ပဲ ဆိုရမှာပါ။

အခု ကိုရီးယား သရုပ်ဆောင်တွေကို အရှင်လတ်လတ် အပြင်မှာ မြင်ကြရတဲ့အချိန် မြန်မာပရိသတ်ရဲ့ တုန့်ပြန်မှုကို မြင်လိုက်ရတော့ မြန်မာတွေရဲ့ ကိုရီးယား ရောဂါက မသေသေးဘူး ဆိုတာ သက်သေ ပြလိုက်သလိုပါပဲ။

မြန်မာနိုင်ငံကို ရောက်လာတဲ့ ကိုရီးယားသရုပ်ဆောင်တွေကို လေဆိပ်အ၀င်မှာ မြင်လိုက်ရတဲ့ ပရိသတ်တွေထဲက အစောဆုံး မြင်ရတာကတော့ လေဆိပ်ဝန်ထမ်းတွေပေါ့။

သူတို့ရဲ့ ဖုန်းကင်မရာတွေနဲ့ အလုအယက် ဓာတ်ပုံတွေ ရိုက်ကြတဲ့ မြင်ကွင်းတွေက facebook စာမျက်နှာတွေပေါ်မှာ ရောက်နေပါပြီ။

အားလုံးပဲ “အန်ညောဆေးရော” ပါ။

အရပ်သား​တဦး​ကို ရဲတပ်သား​များ​ ထိုး​ကြိတ်မှု ​ကော်မရှင်ထံ တိုင်ကြား

နေသွင်

ရဲတပ်ဖွဲ့​ဝင်​တွေက အရပ်သား​တဦး​ကို ရဲစခန်း​ဝင်း​ထဲမှာ အုပ်စုလိုက် ထိုး​ကြိတ်ခဲ့​တဲ့​ကိစ္စကို ကာယကံရှင်က အမျိုး​သား​လူ့​အခွင့်​အ​ရေး​ကော်မရှင်ကို စာပို့​ တိုင်ကြား​ထား​ပါတယ်။

ဩဂုတ်လဆန်း​ပိုင်း​မှာ ပဲခူး​တိုင်း​ပြည်မြို့​အမှတ် ၁ ရဲစခန်း​က ရဲတပ်ဖွဲ့​ဝင်​တွေက အရပ်သား​ဖြစ်တဲ့​ ကို​အောင်မင်း​စိုး​ကို ​သွေး​ထွက်သံယိုဖြစ်တဲ့​အထိ အုပ်စုလိုက် ဝိုင်း​ဝန်း​ ထိုး​ကြိတ်ခဲ့​တယ်လို့​ ဆိုပါတယ်။

အဲဒီ​နေ့​က သူ့​ရဲ့​ အစ်ကိုတို့​ ဇနီး​မောင်နှံ စကား​များ​ပြီး​ ရဲစခန်း​မှာ အမှုဖွင့်​နေတာကို အမှုမဖွင့်​ဖြစ်​အောင် ကို​အောင်မင်း​စိုး​က သွား​ရောက် ​ဖျောင်း​ဖျခဲ့​ပြီး​နောက် ရဲစခန်း​က ပြန်အထွက်မှာ ရဲ​တွေက သူ့​ကို ဝိုင်း​ထိုး​ခဲ့​ကြတာလို့​ ​ပြောပါတယ်။

ကို​အောင်မင်း​စိုး​က “သူတို့​လည်း​ မူး​နေကြတာပဲ။ ကျ​နော့်​ကို ဝိုင်း​ထိုး​တာ ၁၀ ​ယောက်၊​ ၁၅ ​ယောက်​လောက်ရှိတယ်။ စခန်း​ရှေ့​က ဝိုင်း​ထိုး​တာ အချုပ်ခန်း​ဝ ​ရောက်သွား​တယ်။ ​ရောက်သွား​ပြီး​တော့​ လက်ထိတ်ကို ​နောက်ပြန်ခတ်ပြီး​ ဝိုင်း​ထိုး​ကြတာ။ ရဲကင်း​သမား​တွေ​ကော အကုန်လုံး​။ မျက်နှာ​တွေ​ကော၊​ နံရိုး​တွေ​ကော၊​ ရင်ဘတ်​တွေ၊​ ​ကျော​တွေကို ဖိနပ်​တွေနဲ့​လည်း​ ကန်တယ်။ ​ဆေး​လိပ်မီး​နဲ့​လည်း​ ခါး​ကိုထိုး​တယ်။ လူမိုက်လာလုပ်တာလား​ဆိုပြီး​ ​မေး​တယ်။ ​ထောင် ၁၀ နှစ်​လောက် ကျသွား​မယ်ဆိုပြီး​ ​ပြောတယ်။ မင်း​အချုပ်ထဲမှာ ​သေသွား​လည်း​ ငါတို့​ဘာမှမဖြစ်ဘူး​လို့​ ​ပြောတယ်။ ဒဏ်ရာဒဏ်ချက်​တွေကို ကု​ပေး​ဖို့​ပြော​တော့​ ကုစရာ မလိုဘူး​လို့​ ​ပြောတယ်” လို့​ ဆိုပါတယ်။

ဒဏ်ရာ အ​ခြေ​နေအ​နေနဲ့​ ပတ်သက်လို့​လည်း​ ကို​အောင်မင်း​စိုး​က အခုလို​ပြောပါတယ်။

“မျက်နှာ​တွေရယ်၊​ ​ကျောနဲ့​ရင်ဘတ်နဲ့​ ​အောင့်​နေတဲ့​နေရာ​တွေရယ်၊​ ပွန်း​ပဲ့​နေတဲ့​ဟာ​တွေရယ်။”

မျက်မြင်သက်​သေတဦး​ကလည်း​ ရဲစခန်း​အပြင်ဘက်က​နေ မြင်ခဲ့​ရပုံကို အခုလို ​ပြောပါတယ်။

“​အောင်မင်း​စိုး​က ဒူး​ထောက်လျက်ကြီး​၊​ အဲဒါကို ရဲ ၁၄- ၁၅ ​ယောက်​လောက် ဝိုင်း​ပြီး​ လက်သီး​တွေနဲ့​ထိုး​၊​ ​အော်ကြဟစ်ကြနဲ့​ ​အောင်မင်း​စိုး​ အသံ​တော့​ မကြား​ဘူး​။ သူ့​ကြည့်​တော့​ လူအုပ်ကြား​ထဲမှာ ရဲ​တွေက ဝိုင်း​ထိုး​နေကြတာ။”

အဲဒီည​နေမှာပဲ ရဲစခန်း​အချုပ်ထဲမှာ ကို​အောင်မင်း​စိုး​ကို သွား​တွေ့​ခဲ့​တဲ့​ ဦး​မောင်ကြီး​ကလည်း​ ရဲ​တွေ အရက်မူး​နေတယ်လို့​ ​ပြောပါတယ်။

“ရဲကိုရိုက်လား​လို့​ ကျ​နော်က​မေး​တော့​ သူဘာမှမလုပ်ဘူး​တဲ့​။ ကျ​နော့်​ကိုသာ ဝိုင်း​ပြီး​လုပ်ကြတာတဲ့​။ ရဲ​တွေက ​အောင်မင်း​စိုး​ရိုက်လို့​ အင်္ကျီ​လေး​ကို ပုံထား​ပြီး​ မဟုတ်တဲ့​ အင်္ကျီ​လေး​တထည်ကိုပြတယ်။ ​အောင်မင်း​စိုး​ ရိုက်လို့​ အင်္ကျီကြယ်သီး​ ပြုတ်သွား​တယ်​ပေါ့​။ ​နောက်တခါ အရပ်သား​ထဲက ငြိမ်း​ချမ်း​ဆိုတဲ့​ ရဲက ပြုတ်သွား​တဲ့​သူကလည်း​ ကျ​နော့်​ကို ​အောင်မင်း​စိုး​က ရိုက်လို့​ ​မေး​တချက် နာသွား​တယ်တဲ့​။ အဲလိုမျိုး​ မဟုတ်တာ​တွေ ​ပြောတာ​ပေါ့​။ ရဲ​တွေအား​လုံး​ မူး​နေတာပါ။ ရုံး​ခန်း​ထဲမှာ အရက်​သောက်​နေတာ အရက်ပုလင်း​ခွံ​တွေလည်း​ ​တွေ့​တယ်။ ပုလင်း​ထောင်ပြီး​ ​သောက်​နေကြတာ​ပေါ့​။”

နောက်တ​နေ့​မှာ ကို​အောင်မင်း​စိုး​ကို (ပြည်) ​ထောင်ကြီး​ချုပ်မှာ ချုပ်ထား​ပြီး​ ၁၈ ရက် အကြာမှာ ​ငွေ ၃ သိန်း​အာမခံနဲ့​ ပြတ်လွှတ်​ပေး​လိုက်ပါတယ်။

အခု​တော့​ ဒီကိစ္စနဲ့​ပတ်သက်လို့​ ကို​အောင်မင်း​စိုး​ ဘက်က​တော့​ ရဲ​တွေကို မတရား​ရိုက်နှက်မှု၊​ မတရား​ချုပ်​နှောင်ခံရတဲ့​အမှုနဲ့​ တရား​စွဲထား​ပြီး​ ရဲ​တွေဘက်က ဝတ္တရား​နှောင့်​ယှက်မှုနဲ့​ ပြန်လှန်တရား​စွဲထား​ပါတယ်။

အမှုကို လာမယ့်​ နိုဝင်ဘာလ ၁ ရက်​နေ့​မှာ ပြည်မြို့​နယ်တွဲဖက်တရား​ရုံး​မှာ စစ်​ဆေး​မှာ ဖြစ်ပြီး​၊​ မျက်မြင်သက်​သေ​တွေကလည်း​ ရဲ​တွေက ကို​အောင်မင်း​စိုး​ကို ဝိုင်း​ထိုး​ခဲ့​တဲ့​ အ​ကြောင်း​ကို တရား​ရုံး​မှာ သက်​သေလိုက်​ပေး​သွား​မယ်လို့​ ​ပြောပါတယ်။

တရုတ်ဘက်ပို့မည့် ကျောက်စိမ်းနှင့် သစ်တောထွက်ပစ္စည်းများဖမ်းမိ

သျှမ်းသံတော်ဆင့်

တရုတ် နယ်စပ်ဘက် တင်ပို့မည့် ကျောက်စိမ်းနှင့် သစ်တော ထွက်ပစ္စည်း များသယ် ဆောင်လာ သည့် စိတ် ကြိုက် မော်တော် ယာဉ်လိုင်း ပိုင်မှန်လုံ ယာဉ် တစ်စီးကို မူစယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်၌ အောက်တိုဘာ ၂၄ ရက်နေ့ က ဖမ်းဆီး ခဲ့ကြောင်း သိရသည်။

အဆိုပါ မှန်လုံယာဉ်ပေါ်တွင် ကျောက်စိမ်း အလေးချိန်ကီလို ၉၀၀ ခန့် နှင့် သင်းခွေချပ်အပါအဝင်သစ်တော ထွက်ပစ္စည်း တချို့ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၎င်းယာဉ်အား ထိန်းသိမ်းထားကြောင်း ၁၀၅ မိုင် ၀န်ထမ်းအသိုင်း အဝိုင်းမှ သျှမ်းသံတော်ဆင့်သို့ ပြောသည် ။

“ကျောက်စိမ်းက ကီလို ၉၀၀ ပေါ့ တစ်တန်လောက်ရှိတယ် သင်းခွေချပ်နဲ့ သစ်တောထွက် ပစ္စည်းတွေပါ တယ်။ လောလော ဆယ် နှစ်ဘက် ညှိနေ တုန်းပဲ၊ ယာယီ ထိန်းသိမ်း ထားတာပေါ့၊ ကားသိမ်းတဲ့ အဆင့်တော့ မရှိသေးဘူး ” ဟု ၀န်ထမ်းနှင့် နီးစပ်သူ တစ်ဦးက ဆိုသည်။

မူစယ်နှင့် မန္တလေး အကြား လိုင်းပြေး ဆွဲနေသည့် စိတ်ကြိုက် မော်တော်ယာဉ် လိုင်းကို ယခင် ရမခ တိုင်းမှူးမှ ကစထမှူး ဖြစ်လာသူ ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၏ ညီတော်သူ ဗိုလ်မှူး အောင်လင်းထွဋ် ပိုင်ဆိုင် ကြောင်း သိရသည်။

ဟားခါးမြို့မ ဈေး လိုင်စင်စာအုပ် ပုဂ္ဂလိက လက်ထဲရောက်သွား

KHONUMTHUNG NEWS

ချင်းပြည်နယ်မြို့တော်ဟားခါးမြို့လယ်ခေါင်တွင် ပြည်နယ်စည်ပင်မှ ဖွင့်လှစ်ထားသော မြို့မ ဈေးလိုင်စင်စာအုပ် ပုဂ္ဂလိက ဆိုင်ရှင်တဦးက ယခုလ အတွင်း သိမ်းဆည်းလိုက်ကြောင်း သိရသည်။
လိုင်စင်စာအုပ်အသိမ်းခံရခြင်းမှာ ပြည်နယ်စည်ပင်မှူး ဦးတမ်အောင်က ပုဂ္ဂလိ ဆိုင်ရှင်တဦးထံ သိန်းပေါင်း ၆၀ ချေးယူ ထားသော ငွေမဆပ်နိုင် သောကြောင့် ဖြစ်ကြောင်း ကြားသိရသည်။

”စည်ပင်မှူးကတော့ ဈေးလိုင်စင်စာအုပ်ပျောက်သွားတယ်လို့ ပြောပေမဲ့မဟုတ်ဘူး၊ သိန်း ၆၀ အကြွေးရှင်ထံမှာ ရှိပါတယ်” ဟု အမည်မဖော်လိုသူ ကုန်သည်တဦးက ပြောသည်။

ပြည်နယ်စည်ပင်ဌာနသည် ဟားခါးမြို့ပေါ်ရှိ ကုန်သည်များ၊ နယ်မှ ကုန်သည်များထံ အတိုးနှုန်းဖြင့် သိန်းပေါင်း ၃၀၀- ၅၀၀ အကြားအတိုးဖြင့် ငွေချေးကြောင်း ချေးငွေကို မဆပ်နိုင်သောကြောင့် စည်ပင်ရုံးမှ အမျိုးသမီး ၀န်ထမ်းတဦးက လိုင်စင် စာအုပ်ကို ပုဂ္ဂလိက လက်ထဲအပ်ခဲ့ပြီး တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေး တိမ်းရှောင် သွားကြောင်း ပြောကြ သည်။

“စည်ပင်ရုံးမှာလုပ်တဲ့ အမျိုးသမီးက ပြီးခဲ့တဲ့အပတ်ကပဲ မီဇိုရမ်ကို ရောက်လာတယ်၊” ဟု အိုင်ဇောလ်ရောက် ချင်းလူငယ် တဦးက ပြောသည်။

သို့ သော်အဆိုပါအမျိုးသမီးကို ယခုအထိမဆက်သွယ်နိုင်ပါ။

စည်ပင်အပါအ၀င် ချင်းပြည်နယ်အစိုးရဌာနများမှ ပြည်သူထံ မတရားငွေကောက်ခံမှူကို ဟားခါးမြို့နယ် ချင်းအမျိုး သား ပါတီမှ ပြည်နယ်အစိုးရထံ စက်တင်ဘာအတွင်းက အသိပေးထားကြောင်း သိရသည်။

“အဲဒီကိစ္စအတွက်ပြည်နယ်ဝန်ကြိးချုပ်က ဦးတမ်အောင်အပါအ၀င် ဌာနဆိုင်ရာလူကြီးတွေကို သတိပေးခဲ့ဘူးပါတယ်၊ ဒီ ကိစ္စ ကို အလေးထား ဆောင်ရွက်မှူမရှိယင် ပူး တမ်အောင်နဲ့ ၀န်ကြီးတွေမှာ တာဝန်ရှိတယ်” ဟု ဟားခါးမြို့မှ ရပ်မိရပ်ဖ တဦးက ဆိုသည်။

ပြည်နယ်စည်ပင်ဌာနသည် မြို့ပေါ်လူထုထံ အခွန်အမျိုးမျိုးကောက်ခံသော်လည်း မြို့တော်စည်ပင် သာယာရေးအတွက် ဘာတခုမှ မလုပ်ကြောင်း ထပ်မံပြောကြသည်။

ပုဂ္ဂလိက လက်ထဲသို့ လိုင်စင်စာအုပ်ရောက်သွားခြင်းသည် ဒေသခံလူထုအတွက် အထိနာနိုင် ကြောင်း၊ ၄င်းမှကုန်ပစ္စည်း၊ အခွန်ငွေများ အဆမတန် ကောက်ယူနိုင်သောကြောင့် ယခုကဲ့သို့  ပုဂ္ဂလိက လက်ထဲ ရောက် သွားခြင်းအပေါ် မကျေမနပ်ဖြစ်နေကြသည်။

အလစ်ဝင်ရောက် ပစ်ခတ်မှုကြောင့် အစိုးရတပ်ဖွဲ့ဝင် ၃ဦး ကျဆုံး

စောသိန်းမြင့် (ကေအိုင်စီ)

မြ၀တီမြို့ တောင်ပိုင်းရှိ ဝေါ်လေ ဒေသ ဘုရင့်နောင် ကုန်းတွင် အခြေချ လှုပ်ရှားသည့် အစိုးရ စစ်တပ်အား ကရင် အမျိုးသား လွတ် မြောက်ရေး တပ်မတော် (KNLA) တို့က ယနေ့ နံနက်တွင် သွားရောက် ပစ်ခတ် ခဲ့ရာ ၃ဦး သေဆုံး ခဲ့သည်ဟု KNLA ဘက်က ပြော သည်။

KNLA (၂၀၁) တပ်မှူးတစ်ဦးက “ဒီမနက် ၇နာရီကျော် ဘုရင့်နောင်ကုန်းစခန်းမှာရှိတဲ့ ခမရ(၃၇၂) စစ်ကြောင်း(၁)ကို ကျနော် တို့ ကေအဲန်အယ်လ်အေ တပ်ရင်း(၂၀၁) တပ်ဖွဲ့ဝင်တချို့က သွားချောင်းပစ်တော့ ၃ယောက် သေတယ်။”ဟု ပြောသည်။

၎င်းတိုက်ခိုက်မှုအပြီးတွင် အစိုးရတပ်ဘက်မှ KNLA တပ်များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ၆မိနစ်ခန့် လိုက်လံပစ် ခတ်ခဲ့သည်။ သို့သော် ကေအဲန်အယ်လ်အေဘက်က ထိခိုက်မှုမရှိကြောင်း အဆိုပါတပ်မှူးက ပြောသည်။

“ဒီမနက် ၇နာရီကျော်လောက်ပေါ့နော်။ မောခီးဘက်မှာ လက်နက်ကြီးသံ ၂ချက်ကြားလိုက်တယ်။ တအောင့်လောက်ကြာ တော့ နောက်တစ်လုံး ထပ်ကြားတယ်။”ဟု ဝေါ်လေရွာသားတစ်ဦးက ပြောသည်။

မြ၀တီမြို့တောင်ဘက် ၅၀ကီလိုမီတာခန့် ကွာဝေးသည့် ဝေါ်လေဒေသတွင် အခြေချလှုပ်ရှားနေသည့် အစိုးရစစ်တပ်များနှင့် ကော့ကရိတ်မြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရတပ်များမှာ ကရင်တပ်ဖွဲ့တို့၏ မကြာခဏ ပစ်ခတ်မှုများကြောင့် ထိခိုက်ကျ ဆုံးမှု များပြားလျှက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ကေအဲန်ယူနှင့် အစိုးရတပ်များ တိုက်ပွဲပေါင်း ၇၁ကြိမ် ဖြစ်ပွားခဲ့ပြီး ကေအဲန်ယူဘက်မှ တဦး ကျ၊ တဦးထိခိုက်ကာ အစိုးရတပ်ဘက်မှ ၅၄ဦးကျ၊ ၁၅ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ကေအဲန်ယူ၏ တိုက်ပွဲသတင်း ထုတ်ပြန်ချက်အရ သိရသည်။

နေပြည်တော် အစိုးရအား သျှမ်းတပ် နှစ်ဖွဲ့ ပူးပေါင်း ဆွေးနွေးရန် ဆန္ဒရှိ

သျှမ်းသံတော်ဆင့်

နေပြည်တော် အစိုးရ ကမ်းလှမ်း ထားသည့် အတိုင်း ငြိမ်းချမ်းရေး ကိစ္စ အမှန် တကယ် ဆွေးနွေး ဖြစ်ပါက သျှမ်းပြည် တပ် မတော် တောင်ပိုင်း / မြောက်ပိုင်း ဟုလူသိ များသည့် RCSS/SSA နှင့် SSPP/SSA ပူးပေါင်း ဆွေးနွေး ရန်ဆန္ဒရှိ ကြောင်း RCSS ပြောခွင့်ရ ဗိုလ်မှူး လောဝ်ဆိုင်က ပြောပါသည်။

“ကျနော်တို့ ခေါင်းဆောင်ကြီး စဝ်ယွက်စစ် ပြောပြော နေတဲ့ နိုင်ငံရေး ပြသနာကို ငြိမ်းချမ်းစွာ တွေ့ဆုံ ဆွေးနွေး ပြီးမှ ဖြေ ရှင်း လိုတယ် ဆိုတဲ့ မူဝါဒနဲ့ တိုက်ဆိုင်စွာ သမတကြီး ဦးသိန်းစိန် ကလည်း ဆွေးနွေးဖို့ ကမ်းလှမ်း ခဲ့တယ်။ ကျနော်တို့ ဆီကို နမ့်ဇန်၊ ဟိုမိန်းက ပြည်သူ့စစ်တွေနဲ့ ကမ်းလှမ်း ခိုင်းတယ်။ ထိုင်း အာဏာပိုင် တွေနဲ့ လဲကမ်းလှမ်း ပြော ဆိုခိုင်း ခဲ့ပါတယ်” - ဟု ပြောပါသည်။

မြန်မာ အစိုးရ သစ်နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ပြီးခဲ့သည့် အပတ်က သျှမ်းပြည် တပ်မတော် တောင်ပိုင်း တပ်ဖွဲ့က သျှမ်း ပြည် အစိုးရ နှင့် နေပြည်တော် အစိုးရထံ ပြန်စာ ပို့ထားသည်။ ထို့အတူ သျှမ်းပြည် တပ်မတော် မြောက်ပိုင်း တပ်ဖွဲ့နှင့် လည်း မကြာခင် ကာလ၌ ဆွေးနွေး တော့မည် ဟုလည်း သျှမ်းတပ်မှူး အသိုင်း အဝိုင်းက ပြောပါသည်။

“မေ ၂၁ ရက် သျှမ်းပြည်အမျိုးသားတော်လှန်ရေးနေ့မှာတောင်ပိုင်းနဲ့ မြောက်ပိုင်းရှမ်းတပ်ဖွဲ့ ၂ ဖွဲ့ ပူးပေါင်းလိုက် ကြောင်း ကြေငြာခဲ့ တာမှန်ပေမယ့် ခုချိန်ထိ လက်တွေ့အကောင်အထည်ဖော်ဖို့၊ ကျနော်တို့က သူတို့ကိုစောင့်နေ တာ ဘဲဖြစ်တယ်။ မြောက်ပိုင်းဘက်မှာလဲ စစ်ရေးအခြေအနေအရ မငြိမ်မသက်သေးတော့ ဗဟိုကော်မတီအစည်း အဝေး မကျင်းပနိုင်ဘူး။ သို့ပေမယ့် ဘာဘဲဖြစ်ဖြစ် အခု အစိုးရ သစ်နဲ့ဆွေးနွေးမယ်ဆိုရင်ဘာတွေဆွေးနွေးမလဲဆို တာ၊ ၂ ဦး ၂ ဖက် အချင်းချင်း ညှိနှိုင်းဆွေးနွေးတင်ပြပြီးမှ လုပ်သွားမှာပါ။ ကျနော်တို့ ရည်ရွယ်ချက် ရည်မှန်း ချက်က အတူတူဘဲ။ သျှမ်းပြည်နယ်အစိုးရ ကနေ ၂ ဖွဲ့ပေါင်းပြီး တခါတည်းဆွေးနွေးခွင့်ပေးရင် ပိုပြီးတော့ကောင်း တာပေါ့ ”

သျှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့က သျှမ်းပြည်အစိုးရ သို့မဟုတ် နေပြည်တော်အစိုးရနှင့် ဆွေးနွေးရပါက - “ပထမ အဆင့် အနေနဲ့ ကျနော်တို့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဆွေးနွေးသွားနိုင်ဖို့။ ဒုတိယ အဆင့် ကျတော့ အပြန်အလှန် ယုံကြည်မှုတည်ဆောက်နိုင်ဖို့။ ဘာလို့လဲဆိုတာ့ ကျနော်တို့တွေဟာ တခါမှမဆွေးနွေး ရသေးဘဲ အမြဲတမ်း ပစ်ခတ် တိုက်ခိုက် လာခဲ့ တယ်မဟုတ်လား။ နောက်ဆုံးအဆင့်ကျမှ နိုင်ငံရေးပြဿနာကို ပူးပေါင်း အဖြေရှာရမှာ။ ဒီအတွက် နေပြည်တော်ဘက်က ကျနော်တို့ကို ဘယ်ကဏ္ဍမှာ ပါဝင်စေလိုသလဲ သိရရင် ကျနော်တို့ ဘက်က တိုင်ပင်ဆုံးဖြတ်ပြီး လုပ်ဆောင်သွားနိုင်မှာပေါ့” - ဟု ဗိုလ်မှူး လောဝ်ဆိုင်ကဘဲ ပြောပြပါသည်။

၂၀၀၇ ခုနှစ်က မြန်မာစစ်အစိုးရ နအဖ နှင့် သျှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့တို့ ဆွေးရန် ပြင်ဆင်ခဲ့ဖူး ၏။ စစ်အစိုးရဘက်က ဆွေးနွေးမည့်နေရာ ကြိုတင်အကြောင်းမကြားဘဲ မယ်ဆိုင်မြို့ မှ တာချီလိတ် တပ်တွင်း၌ ဆွေးနွေး ရန် အစီအစဉ် ပြောင်းလိုက် သောကြောင့် ဆွေးနွေးပွဲ အထမမြောက်ဘဲ ယနေ့ထိ ကြန့်ကြာခဲ့သည်။

၁၉၉၆ ခုနှစ် ခွန်ဆာဦးဆောင်သည့် မုန်တိုင်းတပ်မတော် က စစ်အစိုးရထံ လက်နက်ချအလင်းဝင်စဉ် ဒုတိယ ဗိုလ်ချုပ် ကြီး ယွက်စစ်က လက်နက်မချဘဲ လက်ကျန်တပ်ဖွဲ့များအား ဦးဆောင်၍ သျှမ်းပြည်တပ်မတော်(တောင်ပိုင်း) RCSS/ SSA အဖြစ် ပြန်လည်စုစည်းကာ ထိုင်းနယ်စပ် လွယ်တိုင်းလျဲန်း၌ ဌာနချုပ်ချ၍မြန်မာ အစိုးရတပ်အား ခုခံတိုက်ခိုက် လာခဲ့သည်။

ဆွမ်ပရာဘွမ်အနီး KIA ၏ တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၉ ဦး ကျ

KNG


အောက်တိုဘာ ၂၆ ယမန်နေ့ ကချင်ပြည်နယ်မြောက်ဘက် မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပေါ်ရှိ မြန်မာအစိုးရ စစ်စခန်းတစ်ခုအား KIA မှ တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၉ ဦး ကျပြီး စစ်စခန်းကိုလည်း သိမ်းပိုက်လိုက် ကြောင်း ဒေသခံများပြောသည်။

ကျဆုံးသူများတွင် စခန်းမှူး ဗိုလ်ကြီးဇော်ဇော် ပါပြီး တပ်ကြပ်ကြီး တစ်ဦးသာ ထွက်ပြေးလွတ်မြောက်သွားသည် ဟု ဒေသခံများဆက်ဆိုသည်။

KIA ဘက်မှ စစ်သားတစ်ဦး ကျဆုံးသည်ဟု အထက်အရာရှိများ ကချင်သတင်းဌာနသို့ အတည်ပြုသည်။

ဆွမ်ပရာဘွမ်မြို့ အနီး ဒရူခ (Daru Hka) ချောင်းတံတားတွင် တံတားလုံခြုံရေး ယူထားသော မုန်လန်ရှီဒီး (ပူတာအို) နယ်မြေခံ ခလရ အမှတ် (၁၃၈) တပ်ဖွဲ့ နှင့် KIA တပ်မဟာ (၁) တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများဆိုသည်။

နံနက် ၇ နာရီမှ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းစခန်းကို KIA မှ သိမ်းပိုက်လိုက်သည်ဟု KIA ကဆိုသည်။

ကျသွားသော မြန်မာစစ်စခန်းမှ သေနတ် ၃ လက်၊ ကျည်ဆံ ၁၁၂၁ တောင့်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး (WT) ၁ လုံးနှင့် စကားပြောစက်သေး (RT) ၂ လုံး တို့ကို သိမ်းစည်းရကြောင်း KIA က ဆက်ဆိုသည်။

“ဖေကြီး … ခရီးက ဘယ်တော့ ပြန်လာမလဲ”

ကိုဆောင်း

မင်္ဂလာဒုံလေဆိပ် “ပြည်တွင်း ဆိုက်ရောက်” ခန်းမ တခုလုံး ကြိုဆိုသူများဖြင့် ပြည့်နေသည်။ သတင်းကျွတ် လပြည့်ကျော် ၂ ရက် နံနက် ၁၀ နာရီတွင်ကျောက်ဖြူ – ရန်ကုန် ပြည်တွင်းလေယာဉ် မကြာခင် ဆိုက်ရောက်မည် ဖြစ်သောကြောင့်လေဆိပ် ဝန်ထမ်းများ ပုံမှန် အလုပ်ရှုပ်မြဲပုံစံဖြင့် ပြေးလွှားနေကြသည်။

လာကြိုသူများထဲတွင် တီရှပ်အနီ၊ ဂျင်းဘောင်းဘီအရှည် ဝတ်လျက်၊ အသားဖြူဖြူ သနပ်ခါး ပါးကွက်ကျား လိမ်းထားသည့် အသက် ၆ နှစ်အရွယ် လင်းသန့်လည်းပါသည်။ သူ့အတွက် လေဆိပ်ဆိုသည်မှာ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သောကြောင့် ဟိုဟို သည်သည် လိုက်ကြည့်နေသည်။

ဒီနေ့ လင်းသန့်ဖေဖေ စင်ကာပူက ပြန်ရောက်မည်ဟု အဘွားနှင့် ကြီးကြီးက ပြောသည်။ လင်းသန့် ဖေဖေ့ကို ကြိုရန် မနက် အစောကြီး ကတည်းက လေဆိပ်ရောက်နေခဲ့ခြင်း ဖြစ်သည်။ ဖေဖေက လင်းသန့် ၁ နှစ်သားလောက် ကတည်းကစင်ကာပူ ထွက်သွား ခြင်းဖြစ်ပြီး အခု လင်းသန့် ပထမတန်း တက်မှ ပြန်ရောက်လာခြင်း ဖြစ်သောကြောင့် ဖေဖေ့ကို မှတ်မိမည် မဟုတ်ပေ။

ဘွားဘွားနှင့် ကြီးကြီးက “ဒါ … သားဖေဖေ” ဟု ပြောမှ ဖေဖေ့ကို သိနိုင်လိမ့်မည်။

လင်းသန့် ဖေဖေ၏ သူငယ်ချင်းများလည်း လေဆိပ်တွင် လာကြိုကြသည်။ သူတို့က လင်းသန့်ကို “ဖေဖေ ပြန်လာမှာ ပျော်လား” ဟု မေးသောအခါ လင်းသန့်က “ပျော်တယ်” ဟု ဖြေလိုက်သည်။ တကယ်လည်း လင်းသန့် ပျော်နေသည်။
ဖေဖေ့ သူယ်ချင်းတွေထဲတွင် အဆိုတော် ဇေယျာသော်လည်း ပါသည်။

“ကျနော်တို့ ဇော်ထက်ရဲ့ အိမ်သွားလို့ သားလေးကို ဖေဖေကောလို့ မေးရင် သူက စင်ကာပူသွားတယ်လို့ ဖြေတယ်။ ကြားလိုက်ရရင် ရင်ထဲကို ဆို့သွားတာပဲ” ဟု လင်းသန့်၏ ဖခင်ဖြစ်သူ ကိုဇော်ထက်ကိုကိုအား လာကြိုသူ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) အဖွဲ့ဝင် ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်က ပြောသည်။

လင်းသန့်ဖေဖေ ကိုဇော်ထက်ကိုကိုက ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်အစိုးရကို ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတခုအဖြစ် လူသိများသော ၅/ ည နှင့် ဖမ်းဆီး ထိမ်းသိမ်း ခံခဲ့ရသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူ အကျဉ်းထောင်ထဲတွင် ၄ နှစ်ခန့် နေခဲ့ရပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် လွတ်မြောက်လာခဲ့ရခြင်း ဖြစ်သည်။ လင်းသန့်ကို မိသားစု ဝင်များက သူ့အဖေ ထောင်ကျနေသည်ဟု ပြောမထားဘဲ စင်ကာပူတွင် အလုပ်သွားလုပ်နေသည်ဟုသာ ပြောထားကြသည်။

“သူ့ကို ဖမ်းပြီး ခေါ်သွားတုန်းကလည်း ကလေးက သိပ်ငယ်နေတော့ ဘာမှ နားမလည်ဘူး။ ထောင်ဝင်စာ တွေ့ရင်လည်း ကလေးကို ခေါ်မသွားဘူးလေ။ သူ့အဖေ ခရီးသွားနေတယ်ပဲ ပြောထားတာ” ဟု အဘွားဖြစ်သူက လင်းသန့်ကို ရင်ခွင်တွင် ပိုက်လျက် ဆိုသည်။

လင်းသန့်ကို သူ့ဖခင်၏ ဓာတ်ပုံများ ပြထားသော်လည်း အပြင်တွင် မြင်လျှင် မှတ်မိမည်မဟုတ်ကြောင်း အဘွားက ပြောသည်။

လေယာဉ် ဆိုက်တော့မည်ဟု ဆိုကာ အဘွားက လင်းသန့် လက်ကိုဆွဲပြီး အထဲကို ဝင်သွားသည်။ လင်းသန့်အတွက်လေယာဉ်ကြီး ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ လေယာဉ်ကြီး ဆိုက်လာသော်လည်း ဖေဖေက တော်တော်နှင့် ဆင်းမလာ သေး။ ခဏအကြာတွင် အင်္ကျီအဖြူ လက်ရှည်၊ ယောပုဆိုး အနက်ရောင်နှင့် လူတဦးကို ဘွားဘွားက လက်ညှိုးထိုးပြပြီး“ဟိုမှာ ဖေဖေ ဆင်းလာပြီ” ဟု ပြောသည်။

လင်းသန့် ဖေဖေက နိုင်င်ငံခြားက ပြန်လာသည့် တခြား သူတွေလို ဘောင်းဘီရှည်နှင့် မဟုတ်ဘဲ ပုဆိုးနှင့် ဖြစ်နေ သောကြောင့် လင်းသန့်က အထူးအဆန်းသဖွယ် ကြည့်နေသည်။

ဖေဖေက သွားတက်များ ပေါ်အောင်ပြုံးပြရင်း လင်းသန့်တို့ဆီ တန်းတန်း မတ်မတ်လျှောက်လာသည်။ ထို့နောက် လင်းသန့်ကို ပွေ့ချီပြီး နမ်းလိုက်သည်။ လင်းသန့်လည်း ပြုံးရွှင်သွားသည်။

လင်းသန့် ဖေဖေက သူ့ကိုနမ်းပြီး အောက်ချကာ သူငယ်ချင်းများနှင့် ပွေ့ဖက်နှုတ်ဆက်နေသည်။

လေဆိပ်ထဲတွင် ဖေဖေက သူငယ်ချင်းများနှင့် နှုတ်ဆက်နေသည်မှာ တော်တော်ကြာသည်။ လင်းသန့်ကို ဖေဖေ့ သူငယ်ချင်း တယောက် က လက်ကိုင်ထားသည်။ ဖေဖေ့ကို လူတွေအများကြီးက ဝိုင်းကြည့်နေကြသည်။

လေဆိပ်အပြင်ရောက်တော့ ဖေဖေက လင်းသန့်လက်ကိုဆွဲပြီး ကားဆီသွားသည်။ ဒါပေမယ့် ဖေဖေက လင်းသန့်တို့နှင့် ကား အတူတူ မစီးဘဲ သူ့သူငယ်ချင်းတွေရှိနေသော အမိုးဖွင့်ကားကြီး တစီးပေါ်တွင် ပါသွားသည်။

ကိုဇော်ထက်ကိုကိုသည် ၄ နှစ်နီးပါး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေသောကြောင့် သူငယ်ချင်းများထံ သူသိလိုသမျှ မေးမြန်း နေခြင်းဖြစ်သည်။

“ဇော်ထက်က အရင်တုန်းက မင်းသားတယောက်လိုပဲ၊ ကျော့ကျော့လေး နေတာ။ သူဒီလို နိုင်ငံရေးလုပ်ပြီး ထောင်ကျ လိမ့်မယ်လို့ ဘယ်သူမှ မထင်ကြဘူး” ဟု သူ့ ငယ်သူငယ်ချင်းတယောက်က မှတ်ချက်ပြုသည်။

ကိုဇော်ထက်ကိုကိုက ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်ရှိ အိမ်ရောက်ရောက်ချင်း သူငယ်ချင်းများနှင့် အားပါးတရ စကား ပြောနေ တော့ သည်။ သူသိလိုသည့် နိုင်ငံရေး ကိစ္စရပ်များကို မေးရင်း ထောင်တွင်း အတွေ့အကြုံများကို မမောနိုင်မပန်းနိုင် ပြောနေသည်။

ထိုအချိန်တွင် လင်းသန့်ကတော့ လှေခါးတိုင်ကို ဖက်ရင်း အဖေဖြစ်သူကို ငေးကြည့်နေသည်။ အခုမှ မြင်ဖူးသည့် သူ့အဖေကို လင်းသန့် အနည်းငယ် စိမ်းနေသည်။ အဖေ့အခေါ်ကို စောင့်ရင်း ဘေးတွင် မယောင်မလည် လုပ်နေပြန်သည်။

ကိုဇော်ထက်ကိုကိုက “သားလာလေ၊ ဖေဖေ့ သူငယ်ချင်းတွေက သားသူငယ်ချင်းတွေပဲလေ” ဟူ၍ သူ့အဖေက လှမ်းခေါ်ချိန် တွင်မူ လင်းသန့်ပျော်သွားသည်။ သူ့ကိုလှမ်းခေါ်သည့် သူ့ဖေဖေကတော့ သူငယ်ချင်းတွေနှင့်သာ စကားလက်ဆုံ ဆက်ကျနေသည်။

ကိုဇော်ထက်ကိုကို၏ သူငယ်ချင်းများ အပြင်ဘက်ခဏ ထွက်သွားစဉ် သားဖြစ်သူ လင်းသန့်ကို ပွေ့ချီလိုက်သည်။

“သား … ဖေဖေ ဘယ်သွားတာလဲသိလား…” ဆိုသည့် အဖေဖြစ်သူ၏ အမေးကို လင်းသန်းက အဖေရင်ခွင်ထဲမှနေ၍အဖေ၏ မျက်နှာကို မော့ကြည့်ကာ “စင်ကာပူ” ဟု ပြန်ဖြေသည်။

ကိုဇော်ထက်ကိုကိုက စိတ်မကောင်း ဖြစ်သွားပုံရသော်လည်း မျက်နှာမပျက်စေရန် ကြိုးစားထိန်းရင်း ရယ်လိုက်သည်။သားဖြစ် သူကို ရင်ခွင် ထဲတွင် ပွေ့ထားစဉ် ရုတ်တရက် ပျို့တက်လာသည်။ အန်ချင်စိတ်ကို ထိန်းထားသည့် ဇော်ထက်ကိုကိုက လက်ထဲမှသားဖြစ်သူကို အောက်သို့ချကာ နောက်ဘေးဘက်သို့ ပြေးသော်လည်း အချိန်မမီတော့ဘဲ အန်ချလိုက်သည်။

လင်းသန့်က သူ့ဖေဖေ ခရီးပန်းလာသောကြောင့် အန်သည်ဟု ထင်နေသည်။ အမှန်က သူ့ဖေဖေသည် ၄ နှစ် နီးပါး ပြင်ပ အစားအစာ များနှင့် ကင်းဝေ နေရာမှ တငုံခန့် သောက်မိ လိုက်သော ကုတ် အချိုရည်ကြောင့် အန်ခြင်းဖြစ်သည်။

အန်လိုက်ရသဖြင့် ပင်ပန်းပြီး ကြမ်းပြင်ပေါ်တွင် ကိုဇော်ထက်ကိုကို လှဲချလိုက်ရာ လင်းသန့်ကလည်း အဖေ့ရင်ခွင်ထဲ ဝင်လှဲလိုက်သည်။

သူ့ကို အကြာကြီးခွဲထားကာ စင်ကာပူသို့ သွားနေသည့် အဖေဟု အထင်ရောက်နေသည့် လင်းသန့်နှင့် ထောင်ကျနေသော ၄ နှစ်တာ ဝေးကွာခဲ့ရသည့် သားဖြစ်သူကို ထွေးပွေ့ထားသော ကိုဇော်ထက်ကိုကိုတို့၏ ခံစားချက်များ မတူညီနိုင်သော်လည်းသားအဖ နှစ်ယောက် ကတော့ ပြန်လည်ဆုံတွေ့ခွင့် ရကြပြီဖြစ်သည်။

ကိုဇော်ထက်ကိုကိုကဲ့သို့ နိုင်ငံရေးယုံကြည်ချက်ကြောင့် နှစ်ရှည် ထောင်ကျခံနေသည့် မိဘများ ရှိနေသကဲ့သို့ ငယ်ရွယ် လွန်းသည့် အချိန်တွင် မိခင် ဖခင်တို့ ထောင်ထဲဝင်သွားရသောကြောင့် ၎င်းတို့၏ မိဘများ ထောင်ကျနေသည်ဟု သိမထားဘဲ ခရီးရှည်သွားနေသည် ဟုသာ သိထားသည့် ရင်သွေးငယ်များ မြန်မာပြည်တွင် အများအပြားရှိနေသည်။

စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခဲ့မှုကြောင့် နှစ်ရှည် ထောင်ကျနေရသော ကိုဂျင်မီနှင့် မနီလာသိန်း၊ ကိုသန့်ဇင်မျိုးနှင့် မလှလှမော် တို့ကဲ့သို့သော မိဘများ၏ ရင်သွေးငယ်များမှာလည်း လင်းသန့်ကဲ့သို့ သူတို့၏ မိဘများ ခရီးက ပြန်အလာကို စောင့်မျှော် နေကြမည်မှာ မလွဲပေ။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို လက်ကိုင်ဖုန်းထဲတွင် ထည့်ထားမိသဖြင့် ၅/ ညပုဒ်မနှင့် ထောင်ကျခဲ့ ရသော ရန်ကုန် လှိုင်သာယာမြို့နယ်မှ ကိုကျော်ထွန်းအောင်၏ သားဖြစ်သူမှာမူ မိခင်နှင့် အတူ အဖေဖြစ်သူ ပြန်အလာကို သီတင်းကျွတ် လပြည့်နေ့က အင်းစိန်ထောင်ဘူးဝတွင် တနေကုန် ထိုင်စောင့်ရင်း မိုးချုပ်ခဲ့ရသည်။

ယနေ့ မြန်မာ့ရေးရာ သတင်းများ Oct,28th,2011

( 38 )အမျိုးသမီး နိုင်ငံရေး အကျဉ်းသား နှစ်ဦး ကျန်းမာရေး ဆိုးရွား

( 37 )ပြင်ဆင်လိုက်သော ပါတီမှတ်ပုံတင် ဥပဒေ အောက်လွှတ်တော် အတည်ပြု

( 36 )Life on the frontline

( 35 )ပခုက္ကူတောင်သူတို့ အစိုးရ အထောက်အပံ့လို

( 34 )Suu Kyi, Zarganar to host film festival

( 33 )ပြည်တွင်း ငြိမ်းချမ်းရေး အတွက် ဦးဟန်ယောင်ဟွေ ခရီးစဉ်

( 32 )UN caginess hides a Kachin refugee crisis

( 31 )ရထား​နှင့်​လျှပ်စစ်မီတာ သုံး​စွဲခများ​ တိုး​ကောက်ရန် အစိုး​ရအဖွဲ့​ သ​ဘောတူ

( 30 )Police Break Up Rare Protest

( 29 )ဧည့်​လမ်း​ညွှန်များ​ သတ်မှတ်ဝတ်စုံမဝတ်လျှင် လိုင်စင်သိမ်း​သည်အထိ အ​ရေး​ယူမည်

( 28 )Burma Plays the Asean Card

( 27 )တိုင်း​ရင်း​သား​အဖွဲ့​များ​က အပစ်ရပ်သ​ဘောတူချက်ကို တပ်​ပေါင်း​စုအဖြစ်သာ ​ဆွေး​နွေး​မည်

( 26 )Police detain seven Myanmarese in land protest

( 25 )လွတ်လပ်သော အနုပညာရုပ်ရှင်ပွဲတော် ကျင်းပမည်

( 24 )Taiwan takes top spot from Myanmar as malicious internet traffic source

( 23 )အင်းသားဆုံဆည်းရာနေ့ပွဲကို လူပေါင်း ၁ သောင်းကျော်တက်ရောက်

( 22 )ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စုရဲ့လိုအပ်ချက်ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

( 21 )Japan’s Special Relationship with Burma?

( 20 )လယ်လုပ်ခွင့်ပြုရေး ရန်ကုန်တွင် လယ်သမားများ ဆန္ဒပြ

( 19 )ကလေးစစ်သားဖြစ်တော့မယ့် ကျောင်းသားငယ် ထွက်ပြေးလွတ်မြောက်လာ

( 18 )Besson opens Rome film fest with Suu Kyi biography

( 17 )အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဉ်းသားများ ရေဖြတ်ခံနေရ

( 16 )The Lady ရုပ်ရှင် ရောမပွဲတော်မှာပြ

( 15 )‘Fear renders us dumb and passive’

( 14 )အရှင်ဂမ္ဘီရ ဆေးကုသခွင့်ပေးဖို့ အာရှလူ့အခွင့်အရေး ကော်မရှင်တောင်းဆို

( 13 )BURMA HERO GIVES THANKS TO POPPY DAY

( 12 )လယ်သိမ်းခံလယ်သမားတွေ ရန်ကုန်တက် ဆန္ဒပြ

( 11 )No Burmese Spring for country’s beleaguered youth

( 10 )ဆန္ဒပြခွင့် ဥပဒေမူကြမ်း အမျိုးသားလွှတ်တော် အတည်ပြု

( 9 )Harn Yawnghwe visiting Burma to help make peace

( 8 )ပါတီမှတ်ပုံတင်ဥပဒေပြင်ဆင်ချက် လွှတ်တော် နှစ်ရပ်လုံး အတည်ပြု

( 7 )Govt Push for Peace Talks with KNU, SSA-South

( 6 )လယ်အသိမ်းခံ လယ်သမားတွေ ရန်ကုန်မှာ ဆန္ဒပြ

( 5 )Burma Military Detains Pastor

( 4 )အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မနက်ဖြန် မြန်မာနိုင်ငံ ရောက်မည်

( 3 )Burmese Police Break Up Rare Public Protest

( 2 )လွတ်မြောက်ရေး မီးရှူးတန်ဆောင်ဆု ဒေါ်အောင်ဆန်းစုကြည် ချီးမြှင့်ခံရ

( 1 )It's 'no entry' to aquatic guests now in Manipur

Thursday, October 27, 2011

ဘန်ကောက်အရေးပေါ်ကြေငြာချက်ကြောင့် ရေဘေးလွတ်ရာပြောင်းရွှေ့ကြ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ

ထိုင်း နိုင်ငံတွင် လက်ရှိဖြစ် ပေါ်နေသည့် ရေကြီး မှုသည် ဘန်ကောက် တမြို့လုံး ရေလွှမ်းမိုး နိုင်ကြောင်း ယမန်နေ့ ညနေပိုင်း တွင်ထိုင်း ဝန်ကြီး ချုပ်က ကြေငြာ ခဲ့ပြီး မြို့ခံများ ရေဘေး လွတ်နိုင်သည့် နေရာသို့ ပြောင်းရွှေ့ နေကြသည်။

ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်က ရေကာတာပေါက်ခြင်း၊ တာကျိုးခြင်းနှင့် ခန့်မှန်းထားသည်ထက် ပင်လယ်ရေ တက်ရောက်လာခြင်းကြောင့် ရေလမ်းကြောင်းများကို မကာကွယ်နိုင်သည့်အခြေအနေရောက်ရှိနိုင်ပြီး ဘန်ကောက်မြို့တွင်း၌ ၁၀ စင်တီမီတာကနေ ၁ မီတာခွဲအထိ ရေမြင့်တက်လာနိုင်သည်ဟု ထိုင်းရုပ်သံဌာနကနေ အရေးပေါ် ကြေငြာထားသည်။

၎င်းပြင် ရေလွှမ်းမိုးခံထားရသည့် ခရိုင်အားလုံးရှိ အစိုးရရုံးများကိုလည်း အောက်တိုဘာ ၂၇ ရက်နေ့မှ ၃၁ ရက်နေ့ထိ ပိတ်ထားမည်ဖြစ်ကြောင်းကိုလည်း ကြေငြာထားသည်။

ဘန်ကောက်မြို့တွင် နေထိုင်သူများအားလုံး ရေဘေးလွတ်နိုင်သည့် အမြင့်ပိုင်းနေရာများဆီသို့ ပြောင်းရွှေ့ထားရန် ဝန်ကြီးချုပ်က ပြောထားသည်။

“အရေးပေါ်ကြေငြာထားတော့ လူတွေက လွတ်နိုင်တဲ့ နေရာတွေဘက်ကို ပြောင်းရွှေ့ကြတာပေါ့ ရေကလည်း တက်လာနေတယ်၊ ကျနော်တို့ အိမ်ရှေ့မှာဆိုရင် ရေက ရင်ခေါင်းလောက်ရှိနေပြီ၊ ကျနော်တို့က မပြောင်းသေးဘူး၊ အခြေအနေကြည့်နေတုန်း” ဟု ထိုင်းနိုင်ငံဖွားမွန်လူမျိုး နိုင်မွန်အေး ဝံစီရာမာန်က ပြောသည်။

ရေဘေးဒုက္ခသည်စခန်းချထားသည့် ဒွန်မောင်းလေဆိပ်ကိုလည်း ပိတ်ထားခဲ့ရပြီး ဒုက္ခသည်များကို ဘန်ကောက်မြို့ အထက်ပိုင်းနေရာသို့ ပြောင်းရွှေ့ထားရကြောင်း ထိုင်းရုပ်သံသတင်းဌာနများတွင် အချိန်နှင့်တပြေးညီထုတ်လွှင့် လျှက်ရှိသည်။

ဘန်ကောက်ရှိ မွန်အမျိုးသမီးတဦးကလည်း “ဒီနေ့ဆို ရေက တော်တော်တက်လာနေတယ်၊ အောက်ထပ်တခုလုံး ရေက ပြည့်နေပြီ၊ ကျမတို့က အပေါ်ထပ်မှာ နေနေရတယ်၊ ရေအခြေအနေကိုတော့ ကြည့်နေတုန်း” ဟု ပြောသည်။

ထိုင်းနိုင်ငံတွင် နှစ်လကျော်ကြာ မိုးဆက်တိုက်ရွာသွန်းခဲ့တာကြောင့် ဆည်ရေဖောက်ကာ ခရိုင်အတော်များများ ရေမြုပ်ပြီး သန်းနှင့်ချီ၍ ဒေသခံများရေဘေးကြုံတွေ့နေရသည်။

ရေမြုပ်နေခြင်းကြောင့် ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများလည်း နယ်စပ် လမ်းကြောင်း အသီးသီး ၌ တနေ့လျှင်ရာနှင့်ချီ၍ပြန်နေကြကြောင်းလည်း သိရသည်။

အင်းစိန်ထောင် နိုင်ငံရေးအကျဉ်းသား ၁၅ ဦး အစာငတ်ခံ ဆန္ဒပြ

လင်းသန့် on October 27, 2011

အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေး အကျဉ်းသား ၁၅ ဦးသည် ယမန်နေ့ နေ့လယ်ပိုင်းက စတင်၍ အကျဉ်းသား ရပိုင်ခွင့်များအတွက် အစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

ကိုညီညီထွန်း၊ ကိုကောင်းမြတ်လှိုင်၊ ကိုသော်ဇင်၊ ကိုဉာဏ်ထွန်းလင်း ခေါ် ကိုရန်နိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၁၅ ဦးသည် ၄င်းတို့၏ သက်ဆိုင်ရာ ၅ ဆောင် ၊ ဒုထောင်မှူး ဦးမြင့်မောင်မှတဆင့် မိန်းဂျေးလ် တာဝန်ခံ ဦးစီးအရာရှိ ဦးဝင်းနိုင် အား သတင်းပို့လိုက်ပြီး ယမန်နေ့ကစတင်၍ နေ့လယ်စာ ထမင်းကို မစားတော့ဘဲ ဆန္ဒပြခြင်းဖြစ်သည်။

သီးသန့်အကျဉ်းသား၊ သာမန်သီးသန့် အကျဉ်းသားများအား အကျဉ်းသား ရပိုင်ခွင့်၊ လျှော့ရက်ခံစားခွင့် စသည့် အကျဉ်းသား ရပိုင်ခွင့် ဆုံးရှုံးနစ်နာနေမှုများ ပြန်လည်ရရှိရေးအတွက် ယင်းသို့ ဆန္ဒပြခြင်းဖြစ်သည်ဟု အောက်တိုဘာ၂၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သော နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ရက် ၏ ကြေညာချက်၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အတွင်းရေးမှူး ကိုတိတ်နိုင် ကလည်း ၁၉၉၉ ခုနှစ် ကတည်းက နိုင်ငံရေးပြစ်မှုနှင့် အကျဉ်းချထားသူများကို လျှော့ရက်မပေးတော့ဘဲ သာမာန် ရာဇ၀တ်သား များကို လျှော့ရက်ပေးကြောင်း၊ ထိုသို့ ခွဲခြားဆက်ဆံခြင်းကြောင့် ၁၉၉၉ နောက်ပိုင်း လျှော့ရက် ပြန်ပေးရန် တောင်းဆို ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်ခဲ့ကြောင်း ပြောသည်။

“အခုလည်း မတရားဖိနှိပ်ဆက်ဆံတဲ့ဥပဒေကို ကန့်ကွက်ဆန္ဒပြတာဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကျဉ်းသားရပိုင်ခွင့်ကို တောင်း ဆိုတာဖြစ်တဲ့အတွက် အာဏာပိုင်တွေဘက်က မဖြစ်မနေ လိုက်လျောဖို့ လိုပါတယ်”ဟု ကိုတိတ်နိုင်က ဆိုသည်။

သမ္မတ ဦးသိန်းစိန် ၏ မေလ ၁၆ ရက်နေ့ ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာအမိန့်တွင် အကျဉ်းသားတိုင်းကို သာမန် လျှော့ရက် ခံစားခွင့် ပေးထားကြောင်း ပါရှိသော်လည်း အကျဉ်းသားများရပိုင်ခွင့်အရ နိုင်ငံရေးအကျဉ်းသားများ လျှော့ရက် ခံစားခွင့်များကို မပေးခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု တရပ်ပင် ဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင် ပါရှိသည်။

ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်းတွင် အကျဉ်းထောင်တွင်း စာရေး စာဖတ်၊ စားသောက်နေထိုင်ရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု စသည့် အကျဉ်းထောင် လက်စွဲဥပဒေပါ ရပိုင်ခွင့်များကို နိုင်ငံရေးအကျဉ်းသားများက တောင်းဆိုသည့် ဆန္ဒပြမှုများ မေလအတွင်းက စတင် ဖြစ်ပေါ်ခဲ့သည်။

အကျဉ်းဦးစီးဌာနက လုံလောက်သော ဘတ်ဂျက်မရသောကြောင့် ဖြစ်ကြောင်း၊ သို့သော် အတတ်နိုင်ဆုံး ကောင်းမွန်ရန် စီစဉ်ဆောင်ရွက်ပေးနေကြောင်း ပြည်တွင်း ဂျာနယ်များတွင် တုံ့ပြန် ပြောဆိုခဲ့သည်။

AAPP ကမူ အင်းစိန်ထောင်တွင်းရှိ အကျဉ်းသားတဦး၏ တနပ်စာ စားစာရိတ်သည် ၅၇ ကျပ်ဝန်းကျင်သာ ရှိကြောင်း ထောက်ပြ ထားသည်။

၁၉၉၈ ခုနှစ် မေလ ၁၅ ၇က်နေ့ ကလည်း သာယာဝတီ အကျဉ်းထောင်တွင် နိုင်ငံရေး အကျဉ်းသားများ လျှော့ရက် ခံစားခွင့် မရသည့်အတွက် အစာငတ်ခံ ဆန္ဒပြမှုကြောင့် နိုင်ငံရေးအကျဉ်းသား ကိုအောင်ကျော်မိုး အသက်ဆုံးရှုံးခဲ့ရဖူးသည်။

မကြာသေးမီက ဦးသိန်းစိန် အစိုးရ က လွတ်ငြိမ်းချမ်းသာ ၂ ကြိမ်ပေးခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသား အနည်းငယ် ပြန်လည် လွတ်မြောက်လာခဲ့သည်ကို နိုင်ငံတကာက သတိနှင့် ကြိုဆိုမှုများလုပ်ဆောင်လျက်ရှိပြီး ကျန်ရှိနေသေးသော နိုင်ငံရေးအကျဉ်း သားများကို အမြန်ဆုံး လွှတ်ပေးရန်လည်း တိုက်တွန်းလျက်ရှိသည်။

ပြီးခဲ့သည့် တနင်္လာနေ့က ရောက်ရှိလာခဲ့သော အမေရိကန် ပြည်ထောင်စု၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရစ် မစ်ချဲလ် ကလည်း မြန်မာ အာဏာပိုင်များနှင့်တွေ့ဆုံစဉ် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာ သောမတ်စ် အိုဟေး ကင်တာနာတို့ကလည်း မကြာသေးမီက ကိုဇာဂနာအပါအ၀င် နိုင်ငံရေးအကျဉ်းသား၂၀၀ ကျော် လွှတ်ပေးမှုကို ကြိုဆိုသော်လည်း နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရန် တောင်းဆိုထားသည်။

နိုင်ငံရေးပိုစတာကြောင့် အဖမ်းခံထားရသူ အစိုးရကိုမေးခွန်းထုတ်

နေသွင်

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပိုစတာ နဲ့အတူ အဖမ်း ခံရပြီးနောက် ထိန်းသိမ်း ခံနေရတဲ့ လူငယ် တဦးက အစိုးရရဲ့ ဒီမိုကရေစီ စနစ် အပေါ်မှာ မေးခွန်း ထုတ်လိုက် ပါတယ်။

ပြည်မြို့ထောင်တွင်းတရားရုံးမှာ အမှုရင်ဆိုင်နေတဲ့ ကိုဇာနည်ထွန်းက ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတယ်လို့ပြောတဲ့ အစိုးရသစ်က နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုခဲ့တဲ့ သူ့ကို ဖမ်းဆီးထားတဲ့အပေါ်မှာ မေးခွန်းထုတ်လိုက်တာပါ။

“ယုံကြည်ချက်ကြောင့် ဆန္ဒဖော်ထုတ်တဲ့အခါမှာ အဲဒီအပေါ်မှာ တစုံတရာ အပြစ်ပေးမယ်ဆိုရင် လက်ရှိနိုင်ငံရေး အခြေအနေ ပြောင်းလဲနေတဲ့ အပေါ်မှာလည်း သိပ်အယုံအကြည်မရှိဘူး။ နဂိုကတည်းကလည်း ယုံကြည်ချက်၊ ခံယူချက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးစေချင်တဲ့ စိတ်နဲ့ လုပ်တာလေ။ အဲဒီအတွက် ကျနော်တို့ကို အပြစ်ပေးမယ်ဆိုရင်လည်း ဒါက မတရားသဖြင့် အပြစ်ပေးခြင်းပေါ့။ အဲဒါဆိုရင် ဘာမှမတတ်နိုင်ဘူးပေါ့။ ကျနော်တို့ကလည်း ဒီအပေါ်မှာ ကျနော်တို့ယုံကြည်ချက် ခံယူချက်ကြောင့် ကျတဲ့အတွက် ကျရင်လည်း ကျပါစေ။”

ကိုဇာနည်ထွန်းကို ဩဂုတ်လတုန်းက ပဲခူးတိုင်း ပြည်မြို့အနီးမှာရှိတဲ့ အင်းမမြို့မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ပိုစတာနဲ့အတူ ဒေသအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းခံရစဉ်က ကိုဇာနည်ထွန်းနဲ့အတူ ဆိုင်ကယ်တစီးတည်း စီးလာတဲ့ သူငယ်ချင်း ကိုဝေဖြိုးပါ အဖမ်းခဲ့ရပြီး စစ်ကြောရေးကာလ၊ အင်းမရဲစခန်းမှာ အစာနဲ့ ရေတွေမပေးဘဲ ထားခဲ့တယ်လို့ ကိုဇာနည်ထွန်းက ပြောပါတယ်။

“ကျနော်တို့ကို စစ်ကြောရေး ၂ ရက်လောက်လုပ်တယ်။ ရေလည်း မသောက်ရဘူး။ ထမင်းစားတဲ့အခါမှာ အိမ်သာရေနဲ့ ဆေးလို့ ပြောတယ်။ အင်းမရဲစခန်းက သူတို့မှာလည်း ရေသုံးစရာ မရှိဘူး၊ ရေလည်းရှားတယ်။”

သူတို့ နှစ်ဦးစလုံးကို လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းမှု၊ တရားမ၀င် ပုံနှိပ်ထုတ်ဥပဒေတို့နဲ့ စွဲချက်တင်ထားပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာ အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်ထဲက ၂၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

လူငယ်များ ၀တ်ထားသော ရွှေဂက်စ် ဆန့်ကျင်ရေး တီရှပ်များ ရဲက သိမ်းဆည်း

နိရဉ္စရာ

ရခိုင် ပြည်နယ် ရသေ့ တောင်မြို့တွင် လူငယ် များ ၀တ်ထားသော ရခိုင်က ရွှေသဘာဝ ဓါတ်ငွေ့ ရပ်တန့်ရေး စာတန်း ပါ တီရှပ် အကျီင်္များ ကို ရဲက အတင် ချွတ်ခိုင်း ပြီးနောက် သိမ်းယူ သွားကြောင်း သတင်း ရရှိသည်။

" ရွှေဂတ်စ် ရပ်တန့်ပါလို့ စာတန်းတွေ ရေးထိုး ထားတဲ့ အကျီင်္တွေ ၀တ်ထားတဲ့ လူငယ် တွေကို ရဲက အတင်း အင်္ကျီတွေ ချွတ်ခိုင်း ပါတယ်။ ကျွန်တော်တို့ လူငယ် တစ်စုက အကျီင်္ တွေကို ၀တ်ဆင်ပြီး လူပ်ရှားမူ စတင် ခဲ့တာ ဖြစ်ပါတယ်။ ရဲက သတင်းရ သွားပြီး အကျီ တွေကို ချွတ်ခိုင်းပြီး သိမ်းဆည်း သွားပါတယ်" ဟု ဦးဆောင် လူပ်ရှား ရာတွင် ပါဝင်သူ လူငယ် တစ်ဦးက ပြောသည်။

နယ်ထိန်း အဖွဲ့မှ ဒုရဲအုပ် ထွန်းသာနှင့် တပ်ကြပ် လှရွှေတို့မှ လူငယ်များ ၀တ်ထားသော အကျီ င်္များကို အတင်းချွတ်ခိုင်းကာ သိမ်းယူသွားခြင်း ဖြစ်ကြောင်း တခြား မျက်မြင် မြို့ခံ တစ်ဦးကလည်း ပြောသည်။

" လူငယ်တွေဆီက ၀တ်ထားတဲ့ ရွှေဂတ်ဆန့်ကျင်ရေး အကျီ င်္တွေကို သိမ်းယူသွားတာက နယ်ထိန်း အဖွဲ့က ဒုရဲအုပ် ထွန်းသာနှင့် တပ်ကြပ် လှရွှေတို့ ဖြစ်ပါတယ်။ လူငယ်တွေကိုလည်း ခြိမ်းခြောက် ကြိမ်းမောင်း သွားပါတယ်" ဟု ပြောသည်။

၎င်းပြင် ရဲအဖွဲ့က အကျီ င်္ဝတ်ပြီး လူပ်ရှားမူ ပြုလုပ်ခဲ့သော လူငယ်များ စာရင်းတွေကိုလည်း ယူဆောင် သွားခဲ့သည်။

" ကျွန်တော်တို့က နာမည်တွေ မေးတယ်။ စာရင်းတွေ လိုက်မှတ်တယ်။ လူငယ် တစ်ဆယ်ကျော် နာမည်ကို ယူသွားပါတယ်။ ပီးရင် ဒီရက်တွေ အတွင်းမှာ ဘယ်ကိုမှ မသွားရဘူးလို့ ပြောပါတယ်။ မြို့နယ်မှူးဆီက ခွင့်ပြုချက် မယူဘဲ ဘယ်ကိုမှ မသွားရဘူးလို့ ပြောပါတယ်။ လိုအပ်ရင် စစ်ဆေးဖို့ ပြောပါတယ်" ဟု ဦးဆောင် လူပ်ရှားရာတွင် ပါဝင်သူ လူငယ်က ဆက်ပြောသည်။

လူငယ်များ ၀တ်ဆင်ထားသော တီရှပ် ရှေ့ဘက်တွင် "ရွှေဂတ်စ် ရပ်တန့်ပါ" ဟု စာတန်းပါရှိပြီး နောက်ကျောဘက်တွင် စာလုံးအစိမ်းရောင်ဖြင့် အမျိုးသာ သဘာဝ သယံဇာ၊ အမျိုးသား အတွက် သုံးပါဟု ပါရှိကြောင်း သူက ဆက်ပြောသည်။

၎င်းပြင် တရုတ်ပြည်သူလူထု သာယာဝပြိုးရေး အတွက် ရခိုင်ပြည် သူလူထုအနေနဲ့ သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးကို ခံသင့်ပါသလား၊ မတော်လောဘကို လျော့ခြင်းဖြင့် သဘာဝ ဘေးအန္တရာယ်ဆိုးများကို ကာကွယ်ပါဆိုပြီး ရေးသားထားသော စာရွက်များကိုလည်း ဖြန့်ဝေခဲ့ကြသည်ဟု သိရသည်။

"လူပ်ရှားရတဲ့ ရည်ရွယ်ချက်ကတော့ တီရှပ် အကျီ င်္တွေမှာ ရေးသားထားတဲ့ အတိုင်း ဖြစ်ပါတယ်။ ဒီရွှေဂတ်စ် ဟာ ကျွန်တော်တို့ ရခိုင်ပြည်သူတွေ အတွက် ကောင်းကျိုး မရှိဘဲ ဆိုးကျိုးတွေ ရှိနေတဲ့ အတွက် ဖြစ်ပါတယ်။ အခုအခါမှာ လူ့အခွင့်အရေး ချိုးဖေါက်မူတွေကို ရခိုင်ပြည်သူတွေ စတင်ခံစားနေကြရပြီ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလူပ်ရှားမူကို ကျွန်တော်တို့ လုပ်တာ ဖြစ်ပါတယ်။ ဘယ်လောက်ဘဲ တားတား နယ်တွေမှာလည်း ဆက်လက် လူပ်ရှားသွားဖို့ စီစဉ်ထားပါတယ်" ဟု သူက ပြောသည်။

အခု လူပ်ရှားမူကို ရသေ့တောင်မြို့မှ လူငယ် (၁၀) ကျော်ခန့် ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက်နေ့တွင် စစ်တွေနှင့် ကျောက်ဖြူတို့တွင် လည်း ပြုလုပ်ရန့်  အစီအစဉ် ရှိကြောင်း သိရသည်။