Friday, October 28, 2011

မြန်မာ အမြောက်တပ် ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ကျပ် ၂၅ သိန်းနှင့် ပြန်လွှတ်ပေး

နိရဉ္စရာ

ရခိုင်ကမ်းလွန်ပြင် မေယုမီးပြတွင် တာဝန်ကျနေသော အမြှောက်တပ် ကင်းစခန်းမှ ဘင်္ဂလာဒေခ်ျ့ ငါးဖမ်း စက်လှေ တစီးကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၂၅ ယူကာ ပြန်လည် လွှတ်ပေးလိုက်သည်ဟု သတင်း ရရှိသည်။

ဆင်မဖြူကျွန်းတွင် စီးပွားရေး လုပ်ကိုင်နေသူ ကိုမောင်သန်းမှ နိရဉ္စရာသို့ ယခုလို ပြောသည်။

"သူတို့ တောင်းတာက ကျပ်သိန်း ၃၀ တောင်းပါတယ်။ ငါးဖမ်း စက်လှေပေါ်မှာ ပါသွားတဲ့ မိုဘိုင်းဖုံးနဲ့ ဆက်သွယ်ပြီး တောင်းတာပါ။ ပိုင်ရှင်က ကျပ် ၂၅ သိန်းပေးပြီး ငါးဖမ်းလှေကို ပြန်ရွှေးခဲ့ရပါတယ်" ဟု ပြောသည်။

စစ်တွေမြို့ အနောက်ဘက်ရှိ မေယုမီးပြတွင် တာဝန်ကျနေသော အမြှောက်တပ်မှ အဖွဲ့တစ်ဖွဲ့သည် ဘင်္ဂလာဒေခ်ျ့ ရေပြင်ပိုင်နက် အတွင်းသို့ အောက်တိုဘာလ ၂၅ ရက်နေ့ ညဥ့်အချိန်တွင် စက်ဘုတ် တစီးဖြင် ရုတ်တရက် ၀င်ရောက်လာပြီး အုန်းကျွန်း အနီးရှိ မော်လဗီကျောက် ပင်လယ်ပြင်တွင် ငါးဖမ်းနေသော ဘင်္ဂလာဒေခ်ျ့မှ ငါးဖမ်း စက်လှေ တစီးကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့သည်။

" အဲဒီ ငါးဖမ်းဘုတ်ပိုင်ရှင်က ဆူလတန် မာဇီး ဖြစ်ပါတယ်။ သူက ရှင်မဖြူကျွန်းကပါ။ ပထမ သိန်း ၃၀ တောင်းတော့ ဘင်္ဂလာ တာကာ(၃) သိန်းပို့ပါတယ်။ အမြောက်တပ်က ပြောတာက ဘင်္ဂလာ တာကာ မလိုချင်ဘူး။ ကျပ်ဘဲ လိုချင်တယ်လို့ ပြောတဲ့ အတွက် မောင်တောက ငွေလဲပြီး အချိုရည်ဗူးတွေ၊ သောက်ရေသန့် ဗူးတွေနဲ့ အတူ အောက်တိုဘာလ ၂၆ ရက်နေ့မှာ မေယုမီးပြကို သွားပြီး စက်လှေကို ရွေးယူခဲ့ရပါတယ်" ဟု သူက ဆက်ပြောသည်။

ယခုကဲ့သို့ မြန်မာ အမြောက်တပ်မှ ဘင်္ဂလာ ငါးဖမ်းစက်လှေကို ပြန်ပေးဆွဲပြီး ငွေ ၂၅ သိန်းတောင်းယူသွားသည့် အပေါ် ဆင်မဖြူကျွန်းမှ တခြား ဒေသခံများကလည်း နိရဉ္စရာသို့ အတည်ပြု ပြောကြားသည်။

သို့သော်လည်း မြန်မာ့ အမြောက်တပ်နှင့် ဆက်သွယ်ရန်ခက်ခဲ သဖြင့် အဆိုပါ သတင်း ဟုတ် မဟုတ်ကို အတည်ပြုရန် မေးမြန်းနိုင်ခြင်း မရှိပါ။

မြန်မာ အမြောက်တပ်သာမက နယ်စပ်တွင် တပ်စွဲထားသော နစက တပ်ဖွဲ့ဝင်များ အနေဖြင့် သူတို့တွင် ငွေ အသုံး လိုလာတိုင်း ယခုကဲ့သို့ ဘင်္ဂင်္လာဒေခ်ျ့ ငါးဖမ်းစက်လှေများကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားကာ ငွေတောင်းခံလေ့ရှိကြောင်း နယ်စပ်နေ ပြည်သူများက ပြောသည်။

No comments: