Friday, October 28, 2011

“ဖေကြီး … ခရီးက ဘယ်တော့ ပြန်လာမလဲ”

ကိုဆောင်း

မင်္ဂလာဒုံလေဆိပ် “ပြည်တွင်း ဆိုက်ရောက်” ခန်းမ တခုလုံး ကြိုဆိုသူများဖြင့် ပြည့်နေသည်။ သတင်းကျွတ် လပြည့်ကျော် ၂ ရက် နံနက် ၁၀ နာရီတွင်ကျောက်ဖြူ – ရန်ကုန် ပြည်တွင်းလေယာဉ် မကြာခင် ဆိုက်ရောက်မည် ဖြစ်သောကြောင့်လေဆိပ် ဝန်ထမ်းများ ပုံမှန် အလုပ်ရှုပ်မြဲပုံစံဖြင့် ပြေးလွှားနေကြသည်။

လာကြိုသူများထဲတွင် တီရှပ်အနီ၊ ဂျင်းဘောင်းဘီအရှည် ဝတ်လျက်၊ အသားဖြူဖြူ သနပ်ခါး ပါးကွက်ကျား လိမ်းထားသည့် အသက် ၆ နှစ်အရွယ် လင်းသန့်လည်းပါသည်။ သူ့အတွက် လေဆိပ်ဆိုသည်မှာ ပထမဆုံး ရောက်ဖူးခြင်း ဖြစ်သောကြောင့် ဟိုဟို သည်သည် လိုက်ကြည့်နေသည်။

ဒီနေ့ လင်းသန့်ဖေဖေ စင်ကာပူက ပြန်ရောက်မည်ဟု အဘွားနှင့် ကြီးကြီးက ပြောသည်။ လင်းသန့် ဖေဖေ့ကို ကြိုရန် မနက် အစောကြီး ကတည်းက လေဆိပ်ရောက်နေခဲ့ခြင်း ဖြစ်သည်။ ဖေဖေက လင်းသန့် ၁ နှစ်သားလောက် ကတည်းကစင်ကာပူ ထွက်သွား ခြင်းဖြစ်ပြီး အခု လင်းသန့် ပထမတန်း တက်မှ ပြန်ရောက်လာခြင်း ဖြစ်သောကြောင့် ဖေဖေ့ကို မှတ်မိမည် မဟုတ်ပေ။

ဘွားဘွားနှင့် ကြီးကြီးက “ဒါ … သားဖေဖေ” ဟု ပြောမှ ဖေဖေ့ကို သိနိုင်လိမ့်မည်။

လင်းသန့် ဖေဖေ၏ သူငယ်ချင်းများလည်း လေဆိပ်တွင် လာကြိုကြသည်။ သူတို့က လင်းသန့်ကို “ဖေဖေ ပြန်လာမှာ ပျော်လား” ဟု မေးသောအခါ လင်းသန့်က “ပျော်တယ်” ဟု ဖြေလိုက်သည်။ တကယ်လည်း လင်းသန့် ပျော်နေသည်။
ဖေဖေ့ သူယ်ချင်းတွေထဲတွင် အဆိုတော် ဇေယျာသော်လည်း ပါသည်။

“ကျနော်တို့ ဇော်ထက်ရဲ့ အိမ်သွားလို့ သားလေးကို ဖေဖေကောလို့ မေးရင် သူက စင်ကာပူသွားတယ်လို့ ဖြေတယ်။ ကြားလိုက်ရရင် ရင်ထဲကို ဆို့သွားတာပဲ” ဟု လင်းသန့်၏ ဖခင်ဖြစ်သူ ကိုဇော်ထက်ကိုကိုအား လာကြိုသူ မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (GW) အဖွဲ့ဝင် ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်က ပြောသည်။

လင်းသန့်ဖေဖေ ကိုဇော်ထက်ကိုကိုက ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးအပြီး အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်အစိုးရကို ဆန့်ကျင်သည့် နိုင်ငံရေးပုဒ်မတခုအဖြစ် လူသိများသော ၅/ ည နှင့် ဖမ်းဆီး ထိမ်းသိမ်း ခံခဲ့ရသည်။ ရခိုင်ပြည်နယ် ကျောက်ဖြူ အကျဉ်းထောင်ထဲတွင် ၄ နှစ်ခန့် နေခဲ့ရပြီးနောက် အောက်တိုဘာ ၁၂ ရက်နေ့ သီတင်းကျွတ်လပြည့်နေ့က သမ္မတရုံး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် လွတ်မြောက်လာခဲ့ရခြင်း ဖြစ်သည်။ လင်းသန့်ကို မိသားစု ဝင်များက သူ့အဖေ ထောင်ကျနေသည်ဟု ပြောမထားဘဲ စင်ကာပူတွင် အလုပ်သွားလုပ်နေသည်ဟုသာ ပြောထားကြသည်။

“သူ့ကို ဖမ်းပြီး ခေါ်သွားတုန်းကလည်း ကလေးက သိပ်ငယ်နေတော့ ဘာမှ နားမလည်ဘူး။ ထောင်ဝင်စာ တွေ့ရင်လည်း ကလေးကို ခေါ်မသွားဘူးလေ။ သူ့အဖေ ခရီးသွားနေတယ်ပဲ ပြောထားတာ” ဟု အဘွားဖြစ်သူက လင်းသန့်ကို ရင်ခွင်တွင် ပိုက်လျက် ဆိုသည်။

လင်းသန့်ကို သူ့ဖခင်၏ ဓာတ်ပုံများ ပြထားသော်လည်း အပြင်တွင် မြင်လျှင် မှတ်မိမည်မဟုတ်ကြောင်း အဘွားက ပြောသည်။

လေယာဉ် ဆိုက်တော့မည်ဟု ဆိုကာ အဘွားက လင်းသန့် လက်ကိုဆွဲပြီး အထဲကို ဝင်သွားသည်။ လင်းသန့်အတွက်လေယာဉ်ကြီး ကို ပထမဆုံး မြင်ဖူးခြင်း ဖြစ်သည်။ လေယာဉ်ကြီး ဆိုက်လာသော်လည်း ဖေဖေက တော်တော်နှင့် ဆင်းမလာ သေး။ ခဏအကြာတွင် အင်္ကျီအဖြူ လက်ရှည်၊ ယောပုဆိုး အနက်ရောင်နှင့် လူတဦးကို ဘွားဘွားက လက်ညှိုးထိုးပြပြီး“ဟိုမှာ ဖေဖေ ဆင်းလာပြီ” ဟု ပြောသည်။

လင်းသန့် ဖေဖေက နိုင်င်ငံခြားက ပြန်လာသည့် တခြား သူတွေလို ဘောင်းဘီရှည်နှင့် မဟုတ်ဘဲ ပုဆိုးနှင့် ဖြစ်နေ သောကြောင့် လင်းသန့်က အထူးအဆန်းသဖွယ် ကြည့်နေသည်။

ဖေဖေက သွားတက်များ ပေါ်အောင်ပြုံးပြရင်း လင်းသန့်တို့ဆီ တန်းတန်း မတ်မတ်လျှောက်လာသည်။ ထို့နောက် လင်းသန့်ကို ပွေ့ချီပြီး နမ်းလိုက်သည်။ လင်းသန့်လည်း ပြုံးရွှင်သွားသည်။

လင်းသန့် ဖေဖေက သူ့ကိုနမ်းပြီး အောက်ချကာ သူငယ်ချင်းများနှင့် ပွေ့ဖက်နှုတ်ဆက်နေသည်။

လေဆိပ်ထဲတွင် ဖေဖေက သူငယ်ချင်းများနှင့် နှုတ်ဆက်နေသည်မှာ တော်တော်ကြာသည်။ လင်းသန့်ကို ဖေဖေ့ သူငယ်ချင်း တယောက် က လက်ကိုင်ထားသည်။ ဖေဖေ့ကို လူတွေအများကြီးက ဝိုင်းကြည့်နေကြသည်။

လေဆိပ်အပြင်ရောက်တော့ ဖေဖေက လင်းသန့်လက်ကိုဆွဲပြီး ကားဆီသွားသည်။ ဒါပေမယ့် ဖေဖေက လင်းသန့်တို့နှင့် ကား အတူတူ မစီးဘဲ သူ့သူငယ်ချင်းတွေရှိနေသော အမိုးဖွင့်ကားကြီး တစီးပေါ်တွင် ပါသွားသည်။

ကိုဇော်ထက်ကိုကိုသည် ၄ နှစ်နီးပါး ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်နေသောကြောင့် သူငယ်ချင်းများထံ သူသိလိုသမျှ မေးမြန်း နေခြင်းဖြစ်သည်။

“ဇော်ထက်က အရင်တုန်းက မင်းသားတယောက်လိုပဲ၊ ကျော့ကျော့လေး နေတာ။ သူဒီလို နိုင်ငံရေးလုပ်ပြီး ထောင်ကျ လိမ့်မယ်လို့ ဘယ်သူမှ မထင်ကြဘူး” ဟု သူ့ ငယ်သူငယ်ချင်းတယောက်က မှတ်ချက်ပြုသည်။

ကိုဇော်ထက်ကိုကိုက ရန်ကုန် သင်္ကန်းကျွန်းမြို့နယ်ရှိ အိမ်ရောက်ရောက်ချင်း သူငယ်ချင်းများနှင့် အားပါးတရ စကား ပြောနေ တော့ သည်။ သူသိလိုသည့် နိုင်ငံရေး ကိစ္စရပ်များကို မေးရင်း ထောင်တွင်း အတွေ့အကြုံများကို မမောနိုင်မပန်းနိုင် ပြောနေသည်။

ထိုအချိန်တွင် လင်းသန့်ကတော့ လှေခါးတိုင်ကို ဖက်ရင်း အဖေဖြစ်သူကို ငေးကြည့်နေသည်။ အခုမှ မြင်ဖူးသည့် သူ့အဖေကို လင်းသန့် အနည်းငယ် စိမ်းနေသည်။ အဖေ့အခေါ်ကို စောင့်ရင်း ဘေးတွင် မယောင်မလည် လုပ်နေပြန်သည်။

ကိုဇော်ထက်ကိုကိုက “သားလာလေ၊ ဖေဖေ့ သူငယ်ချင်းတွေက သားသူငယ်ချင်းတွေပဲလေ” ဟူ၍ သူ့အဖေက လှမ်းခေါ်ချိန် တွင်မူ လင်းသန့်ပျော်သွားသည်။ သူ့ကိုလှမ်းခေါ်သည့် သူ့ဖေဖေကတော့ သူငယ်ချင်းတွေနှင့်သာ စကားလက်ဆုံ ဆက်ကျနေသည်။

ကိုဇော်ထက်ကိုကို၏ သူငယ်ချင်းများ အပြင်ဘက်ခဏ ထွက်သွားစဉ် သားဖြစ်သူ လင်းသန့်ကို ပွေ့ချီလိုက်သည်။

“သား … ဖေဖေ ဘယ်သွားတာလဲသိလား…” ဆိုသည့် အဖေဖြစ်သူ၏ အမေးကို လင်းသန်းက အဖေရင်ခွင်ထဲမှနေ၍အဖေ၏ မျက်နှာကို မော့ကြည့်ကာ “စင်ကာပူ” ဟု ပြန်ဖြေသည်။

ကိုဇော်ထက်ကိုကိုက စိတ်မကောင်း ဖြစ်သွားပုံရသော်လည်း မျက်နှာမပျက်စေရန် ကြိုးစားထိန်းရင်း ရယ်လိုက်သည်။သားဖြစ် သူကို ရင်ခွင် ထဲတွင် ပွေ့ထားစဉ် ရုတ်တရက် ပျို့တက်လာသည်။ အန်ချင်စိတ်ကို ထိန်းထားသည့် ဇော်ထက်ကိုကိုက လက်ထဲမှသားဖြစ်သူကို အောက်သို့ချကာ နောက်ဘေးဘက်သို့ ပြေးသော်လည်း အချိန်မမီတော့ဘဲ အန်ချလိုက်သည်။

လင်းသန့်က သူ့ဖေဖေ ခရီးပန်းလာသောကြောင့် အန်သည်ဟု ထင်နေသည်။ အမှန်က သူ့ဖေဖေသည် ၄ နှစ် နီးပါး ပြင်ပ အစားအစာ များနှင့် ကင်းဝေ နေရာမှ တငုံခန့် သောက်မိ လိုက်သော ကုတ် အချိုရည်ကြောင့် အန်ခြင်းဖြစ်သည်။

အန်လိုက်ရသဖြင့် ပင်ပန်းပြီး ကြမ်းပြင်ပေါ်တွင် ကိုဇော်ထက်ကိုကို လှဲချလိုက်ရာ လင်းသန့်ကလည်း အဖေ့ရင်ခွင်ထဲ ဝင်လှဲလိုက်သည်။

သူ့ကို အကြာကြီးခွဲထားကာ စင်ကာပူသို့ သွားနေသည့် အဖေဟု အထင်ရောက်နေသည့် လင်းသန့်နှင့် ထောင်ကျနေသော ၄ နှစ်တာ ဝေးကွာခဲ့ရသည့် သားဖြစ်သူကို ထွေးပွေ့ထားသော ကိုဇော်ထက်ကိုကိုတို့၏ ခံစားချက်များ မတူညီနိုင်သော်လည်းသားအဖ နှစ်ယောက် ကတော့ ပြန်လည်ဆုံတွေ့ခွင့် ရကြပြီဖြစ်သည်။

ကိုဇော်ထက်ကိုကိုကဲ့သို့ နိုင်ငံရေးယုံကြည်ချက်ကြောင့် နှစ်ရှည် ထောင်ကျခံနေသည့် မိဘများ ရှိနေသကဲ့သို့ ငယ်ရွယ် လွန်းသည့် အချိန်တွင် မိခင် ဖခင်တို့ ထောင်ထဲဝင်သွားရသောကြောင့် ၎င်းတို့၏ မိဘများ ထောင်ကျနေသည်ဟု သိမထားဘဲ ခရီးရှည်သွားနေသည် ဟုသာ သိထားသည့် ရင်သွေးငယ်များ မြန်မာပြည်တွင် အများအပြားရှိနေသည်။

စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခဲ့မှုကြောင့် နှစ်ရှည် ထောင်ကျနေရသော ကိုဂျင်မီနှင့် မနီလာသိန်း၊ ကိုသန့်ဇင်မျိုးနှင့် မလှလှမော် တို့ကဲ့သို့သော မိဘများ၏ ရင်သွေးငယ်များမှာလည်း လင်းသန့်ကဲ့သို့ သူတို့၏ မိဘများ ခရီးက ပြန်အလာကို စောင့်မျှော် နေကြမည်မှာ မလွဲပေ။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံကို လက်ကိုင်ဖုန်းထဲတွင် ထည့်ထားမိသဖြင့် ၅/ ညပုဒ်မနှင့် ထောင်ကျခဲ့ ရသော ရန်ကုန် လှိုင်သာယာမြို့နယ်မှ ကိုကျော်ထွန်းအောင်၏ သားဖြစ်သူမှာမူ မိခင်နှင့် အတူ အဖေဖြစ်သူ ပြန်အလာကို သီတင်းကျွတ် လပြည့်နေ့က အင်းစိန်ထောင်ဘူးဝတွင် တနေကုန် ထိုင်စောင့်ရင်း မိုးချုပ်ခဲ့ရသည်။

No comments: