Friday, October 28, 2011

ဆွမ်ပရာဘွမ်အနီး KIA ၏ တိုက်ခိုက်မှုတွင် မြန်မာစစ်သား ၉ ဦး ကျ

KNG


အောက်တိုဘာ ၂၆ ယမန်နေ့ ကချင်ပြည်နယ်မြောက်ဘက် မြစ်ကြီးနား-ဆွမ်ပရာဘွမ် လမ်းပေါ်ရှိ မြန်မာအစိုးရ စစ်စခန်းတစ်ခုအား KIA မှ တိုက်ခိုက်ခဲ့ရာ အစိုးရစစ်သား ၉ ဦး ကျပြီး စစ်စခန်းကိုလည်း သိမ်းပိုက်လိုက် ကြောင်း ဒေသခံများပြောသည်။

ကျဆုံးသူများတွင် စခန်းမှူး ဗိုလ်ကြီးဇော်ဇော် ပါပြီး တပ်ကြပ်ကြီး တစ်ဦးသာ ထွက်ပြေးလွတ်မြောက်သွားသည် ဟု ဒေသခံများဆက်ဆိုသည်။

KIA ဘက်မှ စစ်သားတစ်ဦး ကျဆုံးသည်ဟု အထက်အရာရှိများ ကချင်သတင်းဌာနသို့ အတည်ပြုသည်။

ဆွမ်ပရာဘွမ်မြို့ အနီး ဒရူခ (Daru Hka) ချောင်းတံတားတွင် တံတားလုံခြုံရေး ယူထားသော မုန်လန်ရှီဒီး (ပူတာအို) နယ်မြေခံ ခလရ အမှတ် (၁၃၈) တပ်ဖွဲ့ နှင့် KIA တပ်မဟာ (၁) တပ်ဖွဲ့များကြား တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများဆိုသည်။

နံနက် ၇ နာရီမှ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ယင်းစခန်းကို KIA မှ သိမ်းပိုက်လိုက်သည်ဟု KIA ကဆိုသည်။

ကျသွားသော မြန်မာစစ်စခန်းမှ သေနတ် ၃ လက်၊ ကျည်ဆံ ၁၁၂၁ တောင့်၊ ဆက်သွယ်ရေးစကားပြောစက်ကြီး (WT) ၁ လုံးနှင့် စကားပြောစက်သေး (RT) ၂ လုံး တို့ကို သိမ်းစည်းရကြောင်း KIA က ဆက်ဆိုသည်။

No comments: