Friday, October 28, 2011

အစာငတ်ခံဆန္ဒပြ နိုင်ငံရေးအကျဉ်းသားများ ပါဆယ်ပေးခွင့်နှင့် ထောင်ဝင်စာ တွေ့ခွင့် ပိတ်ခံရ

ရွှေအောင်

အင်းစိန် ထောင်တွင်း အစာ ငတ်ခံ ဆန္ဒပြ နေတဲ့ နိုင်ငံရေး အကျဉ်းသား နှစ်ဆယ်လောက်​ ​ထပ်​တိုး​ လာ​ပြီး​ ထောင်အာဏာ ပိုင်က ထောင်ဝင်စာ တွေ့ခွင့်နဲ့ ပါဆယ် ပေးခွင့်တို့ ပိတ်လိုက် တယ်လို့ သိရ ပါတယ်။

အောက်တိုဘာ ၂၆ ရက် မွန်းတည့် ၁၂ နာရီ ကတည်းက အစာ ငတ်ခံ ဆန္ဒပြ နေကြတဲ့ အင်းစိန် ထောင်တွင်းက နိုင်ငံရေး အကျဉ်းသား အရေ အတွက် ထပ်တိုး လာနေသလို ထောင်အာဏာပိုင်တွေက ကန့်သတ် ချုပ်ချယ် တာတွေ ပိုလုပ်လိုက် တဲ့အတွက် အကျဉ်းသား မိသားစုဝင်တွေရဲ့ စိုးရိမ် ပူပန် မှုတွေ တိုးလာ နေပါတယ်။

အထက်က ညွှန်ကြားချက်အရ ထောင်ဝင်စာတွေ့ခွင့် ပိတ်လိုက်တယ်လို့ပဲ ထောင်တာဝန်ရှိသူတွေက ပြောပြီး ဘာကြောင့် ထောင်ဝင်စာ တွေ့ခွင့်ပိတ်တယ်၊ ဘယ်နေ့ဘယ်အချိန်အထိ ပိတ်တယ်ဆိုတာလဲ အသိပေးပြောတာ မရှိဘူးလို့ နိုင်ငံရေး အကျဉ်းသား မိသားစု များအကျိုး ဆောင်ကွန် ရက်က ကိုအောင်ဇော်ထွန်းက ပြောပါတယ်။

“ဆန္ဒပြမှု မတိုင်ခင်ကတည်းက နှစ်ရှည် အကျဉ်းသားတွေ ဖြစ်တဲ့အတွက် ကျန်းမာရေးက ချို့တဲ့နေကြတယ်။ နာရီ ၄၈ နာရီကျော် ကြာအထိကို အာဏာပိုင်တွေဘက်က ဘာမှ မလိုက်လျောဘဲနဲ့ အချိန်ဆွဲထားပြီးတော့ ထောင်ဝင်စာတွေလည်း ပိတ်တယ်။ နောက်ဆုံး ရေသောက်ခွင့်ပါ ပိတ်ထားပြီး ပါဆယ်ပေးခွင့်ပါ မပေးတော့ဘူးဆိုရင် သူတို့ရဲ့ ကျန်းမာရေး အခြေအနေက အတော်လေး အသက်အန္တရာယ်ကို စိုးရိမ်ရနိုင်တဲ့ အခြေအနေ ရှိပါတယ်။ အဲ့တော့ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားမိသားစု အကျိုးဆောင်ကွန်ရက် အပါအ၀င် တခြား ဒီမိုကရေစီအင်အားစု တော်တော်များများက စိုးရိမ်ကြောင့်ကြမှုတွေ ရှိနေတယ်။ ဒီကိစ္စကို အမြန်ဆုံး ဆောင်ရွက်ပေးဖို့ဆိုတဲ့ တောင်းဆို လက်မှတ်ထိုးပွဲတွေလည်း လုပ်နေတယ်။”

မနေ့ကတည်းက ဆန္ဒပြနေတဲ့ အကျဉ်းသားတွေအဆောင်ကို ရေဖြတ်ထားလိုက်ပြီး ဒီနေ့ ပါဆယ်ပို့ခွင့်နဲ့ ထောင်ဝင်စာတွေ့ခွင့်ပါ ပိတ်လိုက်တာပါ။

နိုင်ငံရေးအကျဉ်းသားတွေ လျှော့ရက်ပိတ်ထားတဲ့အပေါ် မကျေနပ်လို့ အစာငတ်ခံဆန္ဒပြနေတဲ့သူတွေကို အခုလိုပြုမူတာ မဖြစ်သင့်ဘူးလို့ မကြာခင်က ထောင်ကလွတ်လာတဲ့ စမ်းချောင်းကိုကိုကြီးက ပြောပါတယ်။

“တခြား အကျဉ်းသားတွေကျတော့ လျှော့ရက်ခံစားခွင့်ရပြီး ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေကို မပေးဘူးဆိုတာကတော့။ ပြစ်ဒဏ်ကျလို့ ၁၀ နှစ် ချလိုက်ပြီပဲထား၊ ထပ်ပြီးလျှော့ရက်ကို နုတ်တယ်ဆိုတာ ဒီပြစ်ဒဏ်တခုကိုပဲ နောက်ထပ် ထပ်ဆင့်ချမှတ်သလို ဖြစ်နေပြီ။ ဒါက မဖြစ်သင့်ဘူးလေ။ အခုဆိုရင် သမ္မတကရော၊ ၀န်ကြီးကရော လျှော့ရက်တွေကို ရပါစေလို့ ပြောထားလျက်သားနဲ့ အကျဉ်းဦးစီးဌာနက မပေးတဲ့အပြင် ထောင်ဝင်စာပိတ်တယ်။ ရေပါ ဖြတ်တယ်လို့ ပြောသံကြားနေရတယ်။ ဒါက မကောင်းတဲ့ အနေအထားဗျ။ အရမ်းစိုးရိမ်တယ်ဗျ။ သူတို့အတွက်ကိုလည်း အရမ်း ကိုယ်ချင်းစာတယ်။ ကျနော်တို့ အပြင်ကလည်း တတ်နိုင်သလောက် ၀ိုင်းကူညီမယ်လို့ စဉ်းစားထားပါတယ်။”

သီတင်းကျွတ်လပြည့်နေ့ကမှ ထောင်ကလွတ်လာကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ စုပြီး ကန့်ကွက်ကြောင်း သမ္မတ အပါအ၀င် သက်ဆိုင်ရာကို လက်မှတ်ရေးထိုး ပေးပို့ဖို့ လုပ်နေတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး အင်းစိန်ထောင်ပိုင်ဆီ ဖုန်းဆက်မေးကြည့်တော့ ထောင်ပိုင် အစည်းအဝေး သွားတယ်လို့ပဲ ပြောပါတယ်။

အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ ပြည်တွင်းပြည်ပက ၀ိုင်းဝန်းတောင်းဆိုနေကြချိန်မှာ အခုလို နိုင်ငံရေးအကျဉ်းသားတွေရဲ့ ထောင်တွင်း အစာငတ်ခံ ဆန္ဒပြပွဲ ဖြစ်ပွားနေတာပါ။

No comments: