Thursday, October 27, 2011

နိုင်ငံရေးပိုစတာကြောင့် အဖမ်းခံထားရသူ အစိုးရကိုမေးခွန်းထုတ်

နေသွင်

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပိုစတာ နဲ့အတူ အဖမ်း ခံရပြီးနောက် ထိန်းသိမ်း ခံနေရတဲ့ လူငယ် တဦးက အစိုးရရဲ့ ဒီမိုကရေစီ စနစ် အပေါ်မှာ မေးခွန်း ထုတ်လိုက် ပါတယ်။

ပြည်မြို့ထောင်တွင်းတရားရုံးမှာ အမှုရင်ဆိုင်နေတဲ့ ကိုဇာနည်ထွန်းက ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေတယ်လို့ပြောတဲ့ အစိုးရသစ်က နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး တောင်းဆိုခဲ့တဲ့ သူ့ကို ဖမ်းဆီးထားတဲ့အပေါ်မှာ မေးခွန်းထုတ်လိုက်တာပါ။

“ယုံကြည်ချက်ကြောင့် ဆန္ဒဖော်ထုတ်တဲ့အခါမှာ အဲဒီအပေါ်မှာ တစုံတရာ အပြစ်ပေးမယ်ဆိုရင် လက်ရှိနိုင်ငံရေး အခြေအနေ ပြောင်းလဲနေတဲ့ အပေါ်မှာလည်း သိပ်အယုံအကြည်မရှိဘူး။ နဂိုကတည်းကလည်း ယုံကြည်ချက်၊ ခံယူချက်ကြောင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးစေချင်တဲ့ စိတ်နဲ့ လုပ်တာလေ။ အဲဒီအတွက် ကျနော်တို့ကို အပြစ်ပေးမယ်ဆိုရင်လည်း ဒါက မတရားသဖြင့် အပြစ်ပေးခြင်းပေါ့။ အဲဒါဆိုရင် ဘာမှမတတ်နိုင်ဘူးပေါ့။ ကျနော်တို့ကလည်း ဒီအပေါ်မှာ ကျနော်တို့ယုံကြည်ချက် ခံယူချက်ကြောင့် ကျတဲ့အတွက် ကျရင်လည်း ကျပါစေ။”

ကိုဇာနည်ထွန်းကို ဩဂုတ်လတုန်းက ပဲခူးတိုင်း ပြည်မြို့အနီးမှာရှိတဲ့ အင်းမမြို့မှာ နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး ပိုစတာနဲ့အတူ ဒေသအာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။

အဖမ်းခံရစဉ်က ကိုဇာနည်ထွန်းနဲ့အတူ ဆိုင်ကယ်တစီးတည်း စီးလာတဲ့ သူငယ်ချင်း ကိုဝေဖြိုးပါ အဖမ်းခဲ့ရပြီး စစ်ကြောရေးကာလ၊ အင်းမရဲစခန်းမှာ အစာနဲ့ ရေတွေမပေးဘဲ ထားခဲ့တယ်လို့ ကိုဇာနည်ထွန်းက ပြောပါတယ်။

“ကျနော်တို့ကို စစ်ကြောရေး ၂ ရက်လောက်လုပ်တယ်။ ရေလည်း မသောက်ရဘူး။ ထမင်းစားတဲ့အခါမှာ အိမ်သာရေနဲ့ ဆေးလို့ ပြောတယ်။ အင်းမရဲစခန်းက သူတို့မှာလည်း ရေသုံးစရာ မရှိဘူး၊ ရေလည်းရှားတယ်။”

သူတို့ နှစ်ဦးစလုံးကို လိုင်စင်မဲ့ ဆိုင်ကယ်စီးနင်းမှု၊ တရားမ၀င် ပုံနှိပ်ထုတ်ဥပဒေတို့နဲ့ စွဲချက်တင်ထားပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာ အစိုးရက နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်ထဲက ၂၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

No comments: