နေသွင်
ရဲတပ်ဖွဲ့ဝင်တွေက အရပ်သားတဦးကို ရဲစခန်းဝင်းထဲမှာ အုပ်စုလိုက် ထိုးကြိတ်ခဲ့တဲ့ကိစ္စကို ကာယကံရှင်က အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို စာပို့ တိုင်ကြားထားပါတယ်။
ဩဂုတ်လဆန်းပိုင်းမှာ ပဲခူးတိုင်းပြည်မြို့အမှတ် ၁ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက အရပ်သားဖြစ်တဲ့ ကိုအောင်မင်းစိုးကို သွေးထွက်သံယိုဖြစ်တဲ့အထိ အုပ်စုလိုက် ဝိုင်းဝန်း ထိုးကြိတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနေ့က သူ့ရဲ့ အစ်ကိုတို့ ဇနီးမောင်နှံ စကားများပြီး ရဲစခန်းမှာ အမှုဖွင့်နေတာကို အမှုမဖွင့်ဖြစ်အောင် ကိုအောင်မင်းစိုးက သွားရောက် ဖျောင်းဖျခဲ့ပြီးနောက် ရဲစခန်းက ပြန်အထွက်မှာ ရဲတွေက သူ့ကို ဝိုင်းထိုးခဲ့ကြတာလို့ ပြောပါတယ်။
ကိုအောင်မင်းစိုးက “သူတို့လည်း မူးနေကြတာပဲ။ ကျနော့်ကို ဝိုင်းထိုးတာ ၁၀ ယောက်၊ ၁၅ ယောက်လောက်ရှိတယ်။ စခန်းရှေ့က ဝိုင်းထိုးတာ အချုပ်ခန်းဝ ရောက်သွားတယ်။ ရောက်သွားပြီးတော့ လက်ထိတ်ကို နောက်ပြန်ခတ်ပြီး ဝိုင်းထိုးကြတာ။ ရဲကင်းသမားတွေကော အကုန်လုံး။ မျက်နှာတွေကော၊ နံရိုးတွေကော၊ ရင်ဘတ်တွေ၊ ကျောတွေကို ဖိနပ်တွေနဲ့လည်း ကန်တယ်။ ဆေးလိပ်မီးနဲ့လည်း ခါးကိုထိုးတယ်။ လူမိုက်လာလုပ်တာလားဆိုပြီး မေးတယ်။ ထောင် ၁၀ နှစ်လောက် ကျသွားမယ်ဆိုပြီး ပြောတယ်။ မင်းအချုပ်ထဲမှာ သေသွားလည်း ငါတို့ဘာမှမဖြစ်ဘူးလို့ ပြောတယ်။ ဒဏ်ရာဒဏ်ချက်တွေကို ကုပေးဖို့ပြောတော့ ကုစရာ မလိုဘူးလို့ ပြောတယ်” လို့ ဆိုပါတယ်။
ဒဏ်ရာ အခြေနေအနေနဲ့ ပတ်သက်လို့လည်း ကိုအောင်မင်းစိုးက အခုလိုပြောပါတယ်။
“မျက်နှာတွေရယ်၊ ကျောနဲ့ရင်ဘတ်နဲ့ အောင့်နေတဲ့နေရာတွေရယ်၊ ပွန်းပဲ့နေတဲ့ဟာတွေရယ်။”
မျက်မြင်သက်သေတဦးကလည်း ရဲစခန်းအပြင်ဘက်ကနေ မြင်ခဲ့ရပုံကို အခုလို ပြောပါတယ်။
“အောင်မင်းစိုးက ဒူးထောက်လျက်ကြီး၊ အဲဒါကို ရဲ ၁၄- ၁၅ ယောက်လောက် ဝိုင်းပြီး လက်သီးတွေနဲ့ထိုး၊ အော်ကြဟစ်ကြနဲ့ အောင်မင်းစိုး အသံတော့ မကြားဘူး။ သူ့ကြည့်တော့ လူအုပ်ကြားထဲမှာ ရဲတွေက ဝိုင်းထိုးနေကြတာ။”
အဲဒီညနေမှာပဲ ရဲစခန်းအချုပ်ထဲမှာ ကိုအောင်မင်းစိုးကို သွားတွေ့ခဲ့တဲ့ ဦးမောင်ကြီးကလည်း ရဲတွေ အရက်မူးနေတယ်လို့ ပြောပါတယ်။
“ရဲကိုရိုက်လားလို့ ကျနော်ကမေးတော့ သူဘာမှမလုပ်ဘူးတဲ့။ ကျနော့်ကိုသာ ဝိုင်းပြီးလုပ်ကြတာတဲ့။ ရဲတွေက အောင်မင်းစိုးရိုက်လို့ အင်္ကျီလေးကို ပုံထားပြီး မဟုတ်တဲ့ အင်္ကျီလေးတထည်ကိုပြတယ်။ အောင်မင်းစိုး ရိုက်လို့ အင်္ကျီကြယ်သီး ပြုတ်သွားတယ်ပေါ့။ နောက်တခါ အရပ်သားထဲက ငြိမ်းချမ်းဆိုတဲ့ ရဲက ပြုတ်သွားတဲ့သူကလည်း ကျနော့်ကို အောင်မင်းစိုးက ရိုက်လို့ မေးတချက် နာသွားတယ်တဲ့။ အဲလိုမျိုး မဟုတ်တာတွေ ပြောတာပေါ့။ ရဲတွေအားလုံး မူးနေတာပါ။ ရုံးခန်းထဲမှာ အရက်သောက်နေတာ အရက်ပုလင်းခွံတွေလည်း တွေ့တယ်။ ပုလင်းထောင်ပြီး သောက်နေကြတာပေါ့။”
နောက်တနေ့မှာ ကိုအောင်မင်းစိုးကို (ပြည်) ထောင်ကြီးချုပ်မှာ ချုပ်ထားပြီး ၁၈ ရက် အကြာမှာ ငွေ ၃ သိန်းအာမခံနဲ့ ပြတ်လွှတ်ပေးလိုက်ပါတယ်။
အခုတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကိုအောင်မင်းစိုး ဘက်ကတော့ ရဲတွေကို မတရားရိုက်နှက်မှု၊ မတရားချုပ်နှောင်ခံရတဲ့အမှုနဲ့ တရားစွဲထားပြီး ရဲတွေဘက်က ဝတ္တရားနှောင့်ယှက်မှုနဲ့ ပြန်လှန်တရားစွဲထားပါတယ်။
အမှုကို လာမယ့် နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြည်မြို့နယ်တွဲဖက်တရားရုံးမှာ စစ်ဆေးမှာ ဖြစ်ပြီး၊ မျက်မြင်သက်သေတွေကလည်း ရဲတွေက ကိုအောင်မင်းစိုးကို ဝိုင်းထိုးခဲ့တဲ့ အကြောင်းကို တရားရုံးမှာ သက်သေလိုက်ပေးသွားမယ်လို့ ပြောပါတယ်။
No comments:
Post a Comment