Friday, October 28, 2011

ကယောနီမှ စည်ပင်နှင့်ပေါင်း၍ အခွန်မတရားကောက်ခံနေ

ဖဲမော့

ကရင် နီပြည် ဒီးမော့ ဆိုမြို့နယ် ရူးဖယ်ခူ ရပ်ကွက် နောက်ဖက်ရှိ တောင်ကတုံး များပေါ် တွင်ရှိသော သဲကျင်း များမှ သဲများကို လာရောက် ၀ယ်ယူ နေသော သူများကို မြို့နယ် စည်ပင် သာယာရေး အဖွဲ့နှင့် ကယောနီ အဖွဲ့တို့ ပူးပေါင်းပြီး အခွန် မတရား ကောက်ခံ နေကြောင်း သိရသည်။

သဲလာဝယ်သောသူများ အလာလမ်းတွင် တဲဂိတ်တခုဆောက်ကာ ထော်လာဂျီတစီးလျှင် ၃၀၀ ကျပ် နှင့် ကားတစီးလျှင် ၅၀၀ ကျပ် စီးပေးဆောင်နေကြရသည်။ ဤသို့စည်ပင်နှင့် ကယောနီတို့မှ ကောက်ခံနေသော အကောက်ခွန်များကို မပေးဆောင်နိုင်လျှင် သွားလာခွင့်မပေးဘဲ လက်နက်များဖြင့် ခြိမ်းခြောက်သည်ဟု ဒေသခံတို့က ပြောသည်။

“သူတို့ စည်ပင်နဲ့ ထူလွီးဘာလာ မှာတော့ အဖွဲ့အစည်း ကယောနီတို့ တောင်းစားတယ်” ဟု ဒေသခံတဦးက ပြောသည်။ “မပေးရင် တော့မရ နိုင်ဘူး ပေးမှရမယ် ဘာလို့လဲဆိုတော့ သူတို့ကအဖွဲ့အစည်းနဲ့ရှိတယ် ပြီးတော့ အာဏာရှိတယ် သူတို့ကို ကြောက်ရ တယ်ပေါ့ နော်”

တချို့ဒေသခံများသည် ကိုယ်ပိုင်စက်မရှိ၍ သူများစက်ငှားမောင်းနေရသောကြောင့် စက်ပိုင်ရှင်အား စက်ခပြန်ပေးရသည့်အပြင် အကောက် ခွန်များကြောင့် မိမိတို့အတွက် လုပ်အားခများ နစ်နာမှုရှိလာသည်ဟုဆိုသည်။

“ငါတို့ သူများစက်ကို ငှားမောင်းနေရတဲ့အတွက်ကြောင့် သူများစက်ဖိုးပြန်ပေးရတယ်။ ပြီးတော့ အခွန်ကောက်တွေပေးရတယ် ဒါ့ကြောင့် ငါတို့အတွက် မကျန်တော့ဘူး” ဟု စက်ငှားမောင်းနေရသော ဒေသခံတဦးက ပြောပါတယ်။

အကောက်ခွန်များကို လွန်ခဲ့သောနှစ်ကမှစ၍ ယနေ့တိုင် ကောက်ခံလာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ယခင်တုန်းက အကောက် အခွန်များ ကောက်ခံခြင်း မရှိခဲ့ကြောင်း၊ ယခုကဲ့သို့ အကောက်ခွန်များအား လက်နက်နှင့်အာဏာပြ၍ လာရောက်တောင်းခံနေမှုအပေါ် ဒေသခံများမှ စိတ်ပျက်လက်ပျက် ဖြစ်နေကြရသည်ဟု သိရသည်။

“စိတ်မကောင်းဘူးပေါ့ သူတို့ကိုဒေါသထွက်တယ်ပေါ့နော။ ဒါပေမယ့် သူတို့ကိုပြန်မပြောရဲပါဘူး။ စိတ်ပြန်မတိုရဲပါဘူး သူတို့ကိုလည်း ဘာမှပြန်မလုပ်ရဲပါဘူး” ဟု ဒေသခံတဦးက ပြောသည်။

ယခင်က သဲကျင်းများကို ဒီးမော့ဆိုမြို့ ရူးဖယ်ခူအနောက်ဖက် တောင်ကတုံးများတွင်သာ တူးဖော်ကြပြီး ယခုအခါ ဒေါဒူအနောက်ဖက် တောင်ကတုံးအထိ ကျယ်ကျယ်ပြန့်ပြန့် တူးဖေါ်လာကြသည်။

ဦးခူးရီ ဦးဆောင်သော ကယောနီအဖွဲ့သည် ပြီးခဲ့သည့် ၁၉၉၉ ခုနှစ်က ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ကေအဲန်ပီပီမှ ခွဲထွက်ပြီး မြန်မာစစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲရေး ယူခဲ့သောအဖွဲ့ဖြစ်သည်။ ယခုလက်ရှိ လူအင်အား ၃၀ ဖြင့် ဖရူဆိုမြို့နယ်တွင် အခြေစိုက်သော ကယောနီအဖွဲ့ကို ဥက္ကဌဒေးမိုက ဦးဆောင်လျက်ရှိပြီး ဖရူဆိုနှင့် ဒီးမော့ဆိုဘက်တို့တွင် လမ်းဖြတ်ခွန်များ ကောက်ခံနေသည်။

No comments: