ရန်ကုန်သားတာတေ
“၂၀၇”
“၂၈၀”
“၆၀၀”
“၃၇၆”
“၄၃၂”
ရုက္ခစိုး။ ။ ဟေ့ကောင်တွေ ဘာဖြစ်နေကြတာလဲ။ ထိုင်းမှာ ရေကြီးပြီး စီးပွားပျက်တော့မယ် ကြားလို့ ချဲထိုးစားတော့ မလို့လား။
ကိန်းဂဏန်း များကို တလှည့်စီ ရေရွတ် နေသော ဖိုးရှုပ်နှင့် ကြွက်စုတ် တို့ရှိရာ ချင်းမိုင် ထဖယ်ဂိတ် အနီး ဦးရုက္ခစိုး ရောက်လာပြီး ကောက်ကာ ငင်ကာ မေးလိုက် ခြင်းဖြစ်သည်။ ဦးရုက္ခစိုး အမေးကို မဖြေ သေးဘဲ နှစ်ဦးသား ကိန်းဂဏန်း များကို ဆက်ရွတ် နေကြ သည်။
“၂၀၀၀”
“၁၁၂၂”
“၂၀၁၂”
“၆၃၉၀”
ရုက္ခစိုး။ ။ ဟာ … ၄ လုံးဆိုတော့ ချဲတော့မဖြစ်နိုင်တော့ဘူး။ ဒါဘာလဲဟ … အသစ်ပေါ်တဲ့ ထီလား။
ဖိုးရှုပ်။ ။ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူ။
ကြွက်စုတ်။ ။ မဟုတ်ဘူး … နိုင်ငံရေးအကျဉ်းသား။
ဖိုးရှုပ်။ ။ ဟာ … မြန်မာပြည်မှာ … နိုင်ငံရေးအကျဉ်းသား မရှိဘူးလေကွာ။
ရုက္ခစိုး။ ။ မင်းတို့ဟာက ဘာတွေလဲကွာ။ အခုပြောနေတာကကော အတိတ်စိမ်းတွေလား။
ဖိုးရှုပ်။ ။ မဟုတ်ပါဘူး ဦးရုက္ခစိုးရယ်။ မြန်မာပြည်က ယုံကြည်ချက်ကြောင့်ထောင်ချ ခံနေရတဲ့ အကျဉ်းသား အရေအတွက်ကို ပြောနေတာပါ။
ရုက္ခစိုး။ ။ အရေအတွက် ပြောရင်လည်း တခုတည်းပြောလေကွာ။ အခုဟာက ဘယ်ဟာကို အမှန်ယူရမှာလဲ။
ဖိုးရှုပ်။ ။ ကျနော်တို့လည်း အဲဒါကို သိချင်နေတာ ဦးရုက္ခစိုးရဲ့။ တယောက်တမျိုး အမျိုးမျိုး ပြောနေကြတာ ဆိုတော့ ဘယ်ဟာကို အမှန်ယူရမှန်း မသိတော့ဘူး။
ကြွက်စုတ်။ ။ ဟုတ်တယ် ဦးရုက္ခစိုး။ သူရ ဦးရွှေပန်းက နော်ဝေအသံကိုပြောတော့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမယ်တဲ့။ ဒီ့အရင်တုန်းကတော့ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိပါဘူးတဲ့။
ဖိုးရှုပ်။ ။ AAPP က ကိုဘိုကြည်တို့က နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော်ရှိတယ်တဲ့။ ဦးရွှေပန်းပြောပြီးမကြာဘူး လူ့အခွင့်အရေးကော်မရှင် ဆိုတာကြီးက မြန်မာ့အမှောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူတွေကို လွှတ်ပေးဖို့ တောင်းဆိုပြန်ကော။ အဲဒီနောက်မှာ ၆ ထောင်ကျော် … ကျော် …။
ရုက္ခစိုး။ ။ အခုကို ငါတောင် မူးလာပြီ။ ရှင်းအောင်ပြောကွာ။
ဖိုးရှုပ်။ ။ ရှင်းမှ မရှင်းတာကို ဘယ်လိုလုပ်ရှင်းအောင် ပြောရမလဲ။ မြန်မာ့အမှောင်ထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျသူတွေကို လွှတ်ပေးပါလို့ ပြောပြီးမကြာဘူး … ဟော သမ္မတ ဦးသိန်းလိမ်က …။
ကြွက်စုတ်။ ။ ဟေ့ကောင် … သမ္မတက ဦးသိန်းဇိမ်ပါကွ။
ဖိုးရှုပ်။ ။ သြော် ဟုတ်သားပဲ … သူက နာမည် ပြောင်းတာ ဝါသနာ ပါတယ်ဆိုတော့ နောက်ထပ်များ နာမည် ထပ်ပြောင်းဦးမလားလို့။
ကြွက်စုတ်။ ။ တခါပြောင်းထားတာမှ မကြာသေးဘူး။ နောက်တခါ ပြောင်းလို့ဖြစ်မလား။ ဦးသိန်းဇိမ်ပဲ ထားလိုက်။
ဖိုးရှုပ်။ ။ အေးပါကွာ … အဲဒီသမ္မတ ဦးသိန်းဇိမ်က ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ် မဟုတ်လား။ အဲဒီတော့ အားလုံးကို ခြုံကြည့်လိုက်ရင် မြန်မာပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းချခံရသူ ၆၀၀၀ ကျော်ရှိတယ်လို့ အစိုးရက ယူဆပုံရတယ်။
ရုက္ခစိုး။ ။ ဟေ့ကောင် ဟေ့ကောင် … မင်းဟာက နည်းနည်းတော့ လွန်ပြီထင်တယ်နော်။ ငါ သိသလောက်တော့ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၃၀၀ နီးပါးပဲပါတာ။
ဖိုးရှုပ်။ ။ အင်းလေ … ကျနော်ကကော နိုင်ငံရေးအကျဉ်းသားလို့ ပြောလို့လား။ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူ အရေအတွက် လို့ပဲပြောတာလေ။
ရုက္ခစိုး။ ။ အရာကြီးနဲ့ ဘာဘူကြီးပါပဲကွာ။
ဖိုးရှုပ်။ ။ အရာကြီးနဲ့ ဘာဘူကြီးမဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … ထောင်ကဲကြီးနဲ့ ဘာဘူကြီး ကွာသလိုကွာတယ်။
ကြွက်စုတ်။ ။ ထောင်ကဲကြီးနဲ့ ဘာဘူကြီးကကော ဘာများကွာလို့လဲကွာ … မြန်မာပြည်ကနေ ရသမျှ ခွာမယ်ဆိုတဲ့ နေရာမှာ အတူတူပါပဲ။
ရုက္ခစိုး။ ။ လုပ်ပြန်ပြီ … လိုရင်းကို မရောက်ဘူး။ နိုင်ငံရေးအကျဉ်းသားဖြစ်ဖြစ် … ယုံကြည်ချက်ကြောင့် ဟိုဒင်းချ ခံရသူဖြစ်ဖြစ် အတူတူပဲ လုပ်မနေနဲ့။
ဖိုးရှုပ်။ ။ မတူပါဘူးဆိုဗျာ။ နိုင်ငံရေးအကျဉ်းသားဆိုတာ မြန်မာပြည်မှာ မရှိဘူး … လုံးဝ မရှိဘူး။ ရှိရင် မြန်မာ့အမှောင်ထဲ ထည့်ရေးမှာပေါ့ဗျ။
ကြွက်စုတ်။ ။ အေးပါကွာ မင်းပြောသလို ယုံကြည်ချက်ကြောင့် ဟိုဒင်းချ … အဲ … အတင်းချ … ဟာ ယောင်ကုန်ပြီ အကျဉ်းချ ခဲ့ရတဲ့သူ အရေအတွက်ပဲ ထားပါဦး … မင်းပြောတာက ၆ ထောင်ကျော်ဆို များလွန်းတယ်။
ရုက္ခစိုး။ ။ ဟုတ်တယ် … သမ္မတကို အကျန်တွေပေးပေးနေတဲ့ ဦးကိုကိုလိမ်ဆိုတဲ့သူ ပြောတာတောင် ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူ အရေအတွက်က ၆၀၀ ကျော်ဆို။ ၁၀ ဆတောင်ကွာနေတယ်။
ကြွက်စုတ်။ ။ ကိုဘိုကြည်တို့ စာရင်းအရ ဆိုရင်တောင် ၃ ဆလောက် များနေသေးတယ်။
ဖိုးရှုပ်က ဦးရုက္ခစိုးနှင့် ကြွက်စုတ်ကို အ ရန်ကောဆိုသည့် မျက်နှာပေးနှင့် ကြည့်လိုက်သည်။
ဖိုးရှုပ်။ ။ ၆ ထောင်ကျော် ရှိပါတယ်ဆိုကွာ။ ရှိလို့ပဲ မြန်မာ့အမှောင်ထဲမှာ ဒီနေ့ တောင်းဆို၊ နောက်နေ့ လွှတ်ပေးလိုက်တာ မတွေ့ဘူးလား။
ကြွက်စုတ်။ ။ ဟာ … အဲဒီအထဲမှာ သူခိုးတွေ၊ ဓားပြတွေ၊ ခါးပိုက်နှိုက်တွေ၊ ပြည့်တန်ဆာတွေ၊ မှောင်ရိပ်ခိုမှုတွေ၊ အလွဲသုံးစားမှုတွေက အများကြီးပါတာလေ။
ဖိုးရှုပ်။ ။ အေးလေ … ဒါနဲ့ ငါ မင်းကို မေးရပါဦးမယ် … မင်းမှာကော ယုံကြည်ချက် မရှိဘူးလား။
ကြွက်စုတ်။ ။ ရှိတာပေါ့၊ ကြွက်စုတ်မှာလည်း ကြွက်စုတ်ရဲ့ ယုံကြည်ချက်နဲ့ပဲ … ယုံကြည်ချက် မရှိရင် လူက ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။
ဖိုးရှုပ်။ ။ အေး … အဲဒီလိုပဲကွ … လူရွှင်တော် ကတုံးကြီးမှာ သူ့ အနုပညာယုံကြည်ချက် ရှိသလို … သူခိုးမှာလည်း သူခိုးရဲ့ ယုံကြည်ချက်နဲ့၊ ခါးပိုက်နှိုက်လည်း ခါးပိုက်နှိုက်ရဲ့ ယုံကြည်ချက်နဲ့၊ ပြည့်တန်ဆာလည်း ပြည့်တန်ဆာရဲ့ ယုံကြည်ချက်နဲ့ပဲလေ။ အဲဒီတော့ သမ္မတ လွှတ်ပေးလိုက်တဲ့ ၆ ထောင်ကျော်မှာ အားလုံးက သူ့ယုံကြည်ချက်နဲ့ သူချည်းပဲ။
ရုက္ခစိုး။ ။ ဟုတ်သလိုလိုပဲနော်။ ဒါကြောင့်ထင်တယ် … တချို့ဆို ယုံကြည်ချက် ဘယ်လောက်ပြင်းပြသလဲဆိုရင် လွတ်တာနဲ့ တွေ့တဲ့သူကို တန်းနှိုက်တော့တာပဲတဲ့။
ကြွက်စုတ်။ ။ ခါးပိုက်နှိုက်တယ် လုပ်ပါဦးရုက္ခစိုးရယ်။
ရုက္ခစိုး။ ။ အရေးထဲမှာ … သတ်ပုံပြင်နေပြန်ပြီ။
ကြွက်စုတ်။ ။ မပြင်လို့မရဘူးဗျ … အခုတောင် နိုင်ငံရေးအကျဉ်းသားလား၊ ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရသူလား ဝိဝါဒ ကွဲပြားနေတာ … တော်ကြာ ခါးပိုက်နှိုက်လား … တခြားဟာ … အဲ … သတင်းတို့ဘာတို့ နှိုက်တာလား မကွဲပြားဘူး ဖြစ်မယ်။
ဖိုးရှုပ်။ ။ ဘာပဲနှိုက်နှိုက်ကွာ … ယုံကြည်ချက်ကြောင့် နှိုက်တာပဲ … အဲ … ယုံကြည်ချက်ကြောင့် အကျဉ်းချ ခံရတဲ့သူတွေကို သမ္မတက စေတနာရှေ့ထားပြီး လွှတ်ပေးလိုက်ပြီပဲ။
ကြွက်စုတ်။ ။ မင်းပြောသလိုဆို လွတ်လာတဲ့သူတွေက သူတို့ယုံကြည်ချက်နဲ့ သူတို့ လုပ်စရာရှိတာ လုပ်နေကြပြီပေါ့နော်။
ဖိုးရှုပ်။ ။ ဒါပေါ့ … လူရွှင်တော်ကတုံးကြီးဆိုရင် သူ့အနုပညာ အလုပ်နဲ့ နိုင်ငံရေးအလုပ် … တွဲလုပ်နေပြီ။ သူ့ ယုံကြည်ချက် အရ ပေါ့ကွာ။ တခြားသူတွေဆိုလည်း အဲဒီလိုပဲကွ။ ခိုးတဲ့သူက ဆက်ခိုး၊ နှိုက်တဲ့သူကဆက်နှိုက် လုပ်ကုန်ပြီ။ ဒီတော့ ငါတို့လည်း ပြောထားတဲ့အတိုင်း ယုံကြည်ချက်ကြောင့် လုပ်စရာရှိတာလေး လုပ်ရအောင်။
ရုက္ခစိုး။ ။ မင်းတို့ဟာက … ဘာ … ဘာတွေတုန်းကွ။
ကြွက်စုတ်။ ။ ဘာမှမဟုတ်ပါဘူး … သတင်းကျွတ်လပြည့်နေ့က ဦးရုက္ခစိုးကို ကန်တော့ချင်လို့ လိုက်ရှာတာ နှံ့နေတာပဲ ဘယ်ရောက်နေတာလဲ။
ရုက္ခစိုး။ ။ သြော် ဒါလား … ဗုဒ္ဓဂယာဘက် ဘုရားဖူးခဏသွားတာပါကွ။ ကဲ ကဲ ကန်တော့ချင်လည်း ကန်တော့ကြလေ။ အခုကန်တော့လည်း ရပါတယ်။
ဖိုးရှုပ်နှင့် ကြွက်စုတ်က ဦးရုက္ခစိုးအား ကာယကံ၊ ဝစီကံ၊ မနောကံနှင့် ပြစ်မှားမိသမျှအတွက် ထိုင်ကန်တော့လိုက် ကြသည်။
ရုက္ခစိုး။ ။ အေးအေး သာဓုကွာ … သာဓု … သာဓု … လိုအင်ဆန္ဒတွေ ပြည့်ဝကြပါစေ။ ကဲကဲ … ထကြ ထကြ … မင်းတို့ကို ငါ မုန့်ဖိုးပေးမယ်။ သူများ ကန်တော့လိုက်တဲ့ ငွေလေးနည်းနည်း ငါ့မှာရှိတယ်ကွ။
ဦးရုက္ခစိုးစကားကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ပျော်သွားသည်။
ဖိုးရှုပ်။ ။ မုန့်ဖိုးပေးရင်လည်း ယူရိုငွေလေးဘာလေး ပေးနော်၊ ဒေါ်လာတို့ ဘတ်တို့က ဈေးကျနေတာ။
ရုက္ခစိုး။ ။ စေတနာ ပျက်အောင် မလုပ်စမ်းနဲ့ကွာ … ဟိုက် … မရှိတော့ဘူးဟ။
ကြွက်စုတ်။ ။ ဟင် … ဘာမရှိတာလဲ … ဘာမရှိတော့တာလဲ ဦးရုက္ခစိုး။
ရုက္ခစိုး။ ။ ငါ့ပိုက်ဆံတွေ မရှိတော့တာကွ။ နှိုက်သွားပြီ … ကုန်ပါပြီကွာ။
ဖိုးရှုပ်။ ။ ဘယ်သူနှိုက်သွားတာလဲ … ရှင်းအောင် ပြောပါဦး။
ရုက္ခစိုး။ ။ သီတင်းကျွတ်လပြည့်နေ့က ဗုဒ္ဓဂယာမှာ ဘုရားဖူးနေရာကနေ စိတ်ကူးပေါက်ပြီး ရန်ကုန်အင်းစိန်ထောင် ရှေ့ကို ခဏသွားလိုက်သေးတယ် … အဲဒီမှာ လူတွေက တိုးနေတော့ ငါလည်း သတိမထားမိလိုက်ဘူးလေကွာ။ ဘယ်အချိန် ပါသွားမှန်း မသိလိုက်ဘူး။
ကြွက်စုတ်။ ။ သြော် … လမ်းစားရိတ်မရှိတဲ့ ခါးပိုက်နှိုက်တယောက်က ယုံကြည်ချက်ကြောင့် နှိုက်သွားတာဖြစ်မယ် ထင်တယ်။
ဖိုးရှုပ်။ ။ ကျနော်တို့ကလည်း ယုံကြည်ချက်ကြောင့် ဦးရုက္ခစိုးဆီက ရသလောက် အလှူခံမလို့ စဉ်းစားထားတာ သွားပါပြီ။
ကြွက်စုတ်။ ။ ဒါဆိုရင်တော့ ဖိုးရှုပ်ရေ … မင်းနဲ့ငါတော့ ယုံကြည်ချက်ကြောင့် ဗိုက်မှောက်နေကြသူများ ဆိုပြီး နာမည်ကြီးတော့မှာပဲ။ မထူးပါဘူး ဦးရုက္ခစိုးရယ် … ရှိလာလေးပဲ ချွတ်လှူခဲ့ပါ … ဟိုဒင်း နားတောင်းတို့ ဘာတို့ ပြောပါတယ်။
ရုက္ခစိုး။ ။ ဟာ … ဒါတော့မဖြစ်ဘူးကွ … တော်ပြီတော်ပြီ မင်းတို့နဲ့ ကြာကြာနေရင် ယုံကြည်ချက်ကြောင့်ဆိုပြီး ရသမျှ ချွတ်ယူနေမှ ဒုက္ခ။ ရုက္ခစိုးလည်း ယုံကြည်ချက်တော့ အပျက်မခံနိုင်ဘူး။ ယုံကြည်ချက်ကြောင့် ကိုယ်ယောင်ဖျောက် သွားရတာကိုတော့ နားလည်ပေးကြပါကွာ။
ပြောပြောဆိုဆိုနှင့် ဦးရုက္ခစိုးကိုယ်ယောင် ဖျောက်သွားသောကြောင့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့နှစ်ဦးသားမှာ ယုံကြည်ချက် ကြောင့် ကုန်းဆင်းလိုက်ရန် အလှူအိမ် လိုက်ရှာမည်ဟု ဆုံးဖြတ်လိုက်ကြ လေတော့သတည်း။ ။
No comments:
Post a Comment