Thursday, December 11, 2008

နမ့်ခမ်း-ဗန်းမော်လမ်း ဂိတ်တာဝန်ကျများက ကုန်သည်များထံမှ ငွေတောင်း

မျိုးကြီး

တရုတ်နယ်စပ်မှ နမ့်ခမ်း-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်ကူးနေသည့် ကုန်သည်များက လမ်းကြောင်းတစ်လျှောက်ရှိ ဂိတ်တာဝန်ကျ စစ်တပ် ရဲနှင့်ဝန်ထမ်းပေါင်းစုံကို လဘ်ငွေပေးရသည့် အပြင် နယ်မြေခံစစ်တပ်များက တောင်းသည့် ငွေကိုလည်း ပေးဆောင်နေရကြောင်း သိရသည်။

တရုတ်ပြည်ဘက်မှ လူသုံးကုန်ပစ္စည်းမျိုးစုံဝယ်ယူပြီး ကုန်ကားကြီးများဖြင့် ဗန်းမော်သို့သယ်ဆောင်ရာတွင် လမ်းကြောင်းတစ်လျှောက်ရှိ တာဝန်ကျဂိတ်ပေါင်းစုံနှင့်နယ်မြေခံစစ်တပ်များကို ပေးရသည့်ငွေမှာ ဗန်းမော်အရောက် ကုန်ကားတစ်စီးလျင် ကျပ်ငွေ(ရ)သိန်းခန့် ကုန်ကျ ကြောင်း ဗန်းမော်မှကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

“ဂိတ်တိုင်းဂိတ်တိုင်းကိုက တရားဝင်ပေးရတာ တစ်ဂိတ်ကိုနှစ်သောင်းနူန်း နမ့်ခမ်းကနေ စသွားပြီဆိုတာနဲ့ လမ်းတစ်လျှောက်လုံးမှာ စစ်တပ်က စစ်သားတွေက ဆိုင်ကယ်တွေနဲ့ ၃ ယောက် ၂ ယောက် ဒါမျိုးတွေကိုလည်း မပေးလို့ကိုမရတာ” လို့ သူကပြောပြသည်။

နယ်မြေခံစစ်တပ်များမှ ကုန်ကားကြီးများနောက်လိုက်ကာ လမ်းတစ်လျှောက် ဆိုင်ကယ်ဖြင့်တောင်းချင်သလို တောင်းနေသူများကို ဒေသအခေါ်အရ “ဖါး” ရိုက်သည်ဟု ခေါ်ဆိုပြီး အဆင့်ရာထူးကိုကြည့်၍ ကျပ်(၂၀၀၀) မှ(၅၀၀၀)အထိ ပေးရကြောင်း သိရသည်။

“စစ်တပ်က ကုန်ကားလာပြီဆိုတာနဲ့ ဆိုင်ကယ်တွေနဲ့ နောက်ကလိုက်တဲ့သူ ရှေ့ကဖြတ်တောင်းတဲ့သူအမျိုးမျိုးရှိတယ် ရိုးရိုးစစ်သားတို့ တပ်ကြပ်ကြီးအဆင့်တို့ဆို ၂ထောင် ၃ထောင်လောက်ပေးလိုက်ရင်ရပြီ ဒီထက်အဆင့်မြင့်တဲ့သူဆို ၅ ထောင်လောက်ပေးမှရတာ ” လို့ သူကဆက်ပြောသည်။

လမ်းတစ်လျှောက် ဖါးသမားများ ပေါလွန်းသဖြင့် ဗန်းမော်-နမ့်ခမ်း ကားလမ်းတစ်လျှောက်ရှိ ကတ်ထိပ်မှ မံစီမြို့အ၀င်အထိ ကားကိုလုံးဝရပ်ခြင်း မပြုလုပ်ရဲတော့ပဲ ဂိတ်များကို ဆိုင်ကယ်တစ်စီးဖြင့် လူတစ်ဦးလွတ်ကာ လှိုင်းကြေးကြိုရှင်းထားပြီး ကားကိုမံစီရောက်သည် အထိတောက်လျှောက်မောင်းပြေးရကြောင်း သိရသည်။

၁၀ဘီးကားတစ်စီးစာ တရုတ်ကုန်အပြည့်တင်ဆောင်သွားလျှင် ခရီးတစ်ပတ်လျင် အမြတ်ငွေမှာ ကျပ်သိန်း(၂၀)ကျော်ခန့် အမြတ်အစွန်း ရနိုင်သော်လည်း လမ်းခရီးတွင် စစ်တပ် ရဲနှင့်ဝန်ထမ်းပေါင်းစုံကို ပေးရသဖြင့် ပင်ပန်းသည်နှင့်မကာမိကြောင်း ကုန်သည်က ပြောသည်။

“စပါယ်ယာခက ၃ သောင်း ဒရိုက်ဘာခကလည်း ၆ သောင်းတစ်ပတ်ကို ပေးရသေးတယ် ဒီကောင်တွေကိုကလည်း ၇ သိန်းလောက်ပေး ရတယ်။ အရမ်းပင်ပန်းတယ် ဒီလိုလုပ်ငန်းကလုပ်ရတာနဲ့ရတာမကာဘူး ” လို့ပြောသွားသည်။

တရုတ်နှင့်မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းများဖြစ်သည့်ူ လွယ်ဂျယ်-ဗန်းမော်လမ်းကြောင်းနှင့်လိုင်ဇာ-ဗန်းမော်-မြစ်ကြီးနား လမ်းကြောင်း များတွင်လည်း အလားတူလပ်ငွေပေးရကြောင်း ကုန်သယ်များက ပြောပြသည်။

“စစ်တပ်က တရုတ်ဆိုင်ကယ်တွေဖမ်းထားတာ မှန်သမျ သူတို့ဆီမှာ ရှိနေတော့ ဆိုင်ကယ်နဲ့ ကားနောက်လိုက်ပြီး တောင်းကြတာပေါ့ တချို့ဆို တောင်ပေါ်လမ်းတွေမှာ ညအိပ်စောင့်ပြီးတောင် တောင်းတယ် ကားမလာလို့ရှိရင် ဆိုင်ကယ်ဆီဖိုးမကာမိဘူးဆိုပြီး တွေ့တဲ့ကား ကတော့ မချောင်ဘူးသာမှတ်ပေတော့” လို့ လွယ်ဂျယ်-ဗန်းမော်လမ်းမှ နောက်ကုန်သယ်တစ်ဦးက ပြောပြသည်။


No comments: