Wednesday, September 26, 2012

ရခိုင်လူထုစည်းဝေးပွဲတွင် သတင်းထောက်များကန့်သတ်ခံရ

ဇင်ကီး

စက်တင်ဘာ ၂၅၊ ၂၆ ရက်နေ့များက ရသေ့တောင်မြို့၊ အလိုတော်ပြည့် ကျောင်းတိုက်၌ ကျင်းပသော ရခိုင်ဒေသ လူထုစည်းဝေးပွဲတွင် ကျင်းပ ရေးကော်မတီမှ သတင်းထောက်များအပေါ်ကန့်သတ်မှုများ ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

"ကျနော်တို့ရှင်းရှင်းပြောရရင် ရခိုင်ပြည်နဲ့ရခိုင်လူမျိုးအတွက်ငွေကုန်ကျခံ ပြီးတော့ အခက်အခဲ ကြားက လာခဲ့ကြတာပါ။ ဒီကိုရောက်တော့ ကျင်းပ ရေးကော်မတီက ကျနော်တို့ကင်မရာသမားတွေကို လက်လှမ်းမ မီတဲ့ နေရာကပဲ သ တင်းယူခွင့်ပေးခဲ့တယ်။ ကျနော်တို့က လူထုစည်းဝေးပွဲရဲ့ ဆုံးဖြတ်ချက်တွေကို ကမ္ဘာတစ်ဝှမ်းလုံးသိအောင် မီဒီယာကတဆင့် တာဝန်ယူ ဆောင်ရွက်ပေးဖို့လာခဲ့တာပါ။ အခုလို သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်ခံလိုက်ရတယ်ဆိုတော့ ကျနော်တို့လုံးဝစိတ်မကောင်း ဘူး ဗျာ" ဟု ယူနတီဂျာနယ်မှ သတင်းထောက် ခိုင်ထူး(ကျောက်တော်)ကပြောသည်။


မဇ္ဈိမသတင်းဌာနမှ သတင်းထောက်ကိုသိန်းလှိုင်ကလည်း တစ်မျိုးသားလုံးအတွက် အလုပ်လုပ်တဲ့အခါမှာ မိမိတို့ရခိုင်သတင်းထောက် များ အနေဖြင့် တတ်နိုင်သမျှ အကောင်းဆုံးဖြစ်အောင် ကြိုးပမ်းနေကြသည်ကို မေ့မထားသင့်ကြောင်း၊ သတင်းတစ်ခု၏အမှန်တရား ထက် အ ကြောက်တရားကို ရှေ့တန်းတင်၍ သတင်းထောက်များကို ကန့်သတ်လိုက်ခြင်းသည် အမျိုးသားရေးကို ကန့်သတ်လိုက်ခြင်း နှင့်ပင်တူ ကြောင်း ပြောသည်။

မြစ်မခသတင်းမီဒီယာမှ သတင်းထောက်ကိုမိုးဝေက " အစိုးရအဖွဲ့တွေအပါအ၀င် အခြား အဖွဲ့အ စည်းတွေအားလုံးမှာ လွတ်လွတ်လပ် သတင်း ယူခွင့်ရှိခဲ့တယ်၊ ပွင့်လင်းမြင်သာမှုရှိတဲ့ လူထုစည်းဝေးပွဲမျိုးမှာ သတင်းသမားတွေ ကန့်သတ်ခံလိုက်ရတာကို စိတ်မကောင်းပါဘူး" ဟုပြော သည်။

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း(ရခိုင်ပြည်နယ်)၏ နာယကဖြစ်သူ ဦးဗဂျီးကျော်(စစ်တွေ)ကလည်း သတင်းမှတ်တမ်း ဓါတ်ပုံများယူ ရာ တွင် ရှေ့မှအနီးကပ်ရိုက်ကူးမှုကို ခွင့်မပြုဘဲကန့်သတ်ထားခြင်းကြောင့် အခမ်းအနားဘေး ပြတင်းပေါက်မှခက်ခက်ခဲခဲ ရိုက်ကူးခဲ့ရ သည်ကို အလွန်စိတ်ပျက်မိကြောင်း ပြောကြားသွားသည်။

ရခိုင်ဒေသလူထု အစည်းအဝေးသို့ ပြည်တွင်းပြည်ပသတင်းထောက်ပေါင်း (၉) ဦး ရောက်ရှိသတင်းယူကြသည်ကို တွေ့ရသည်။

ကျင်းပရေးကော်မတီမှ စက်တင်ဘာ ၂၅ ရက်နေ့၊ ပထမနေ့အစည်းအဝေးပွဲမှစ၍ သတင်းထောက်များသည် ယင်းတို့သတ်မှတ်ထားသည့် ကန့်သတ်နေရာ၌သာနေလျက် သတင်းယူကြရန် တရားဝင်ကြေညာခဲ့သည်။

သတင်းထောက်များအနေဖြင့် ၄င်းတို့၏ ကန့်သတ်နေရာမှ ကင်မရာများဖြင့်ရိုက်ကူးရာတွင် အကွာ အဝေး များလွန်းသောကြောင့် မှတ်တမ်း ဓါတ်ပုံများမှာ အရည်အသွေးလုံးဝမရှိဘဲဖြစ်နေခဲ့ရသလို ကော်မတီ၏သတင်း ပြန်ကြားရေးထံ မှလည်း လိုအပ်သောသတင်း အချက် အလက် များကို အချိန်နှင့်တပြေးညီရယူနိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။

No comments: