Wednesday, September 26, 2012

အသိမ်းခံမြေကိစ္စ အသနားခံစာ တင်ထားသော်လည်း မထူးခြားသေး

ကောင်းဝါ

တနင်္သာရီတိုင်း ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက်ရှိ ဘိုးဘွားပိုင်မြေကို ဒေသအာဏာပိုင်များက သိမ်းယူလိုက်ခြင်းကြောင့် သက်ဆိုင်ရာ သို့ အဆင့်ဆင့် တင်ပြထားသည်မှာ တလခန့်ကြာမြင့်ပြီ ဖြစ်သော်လည်း အကြောင်းမထူးသေးကြောင်း ကာယကံရှင်နှင့် လိုက်ပါဆောင်ရွက်ပေး သူတို့က ပြောသည်။

ဇူလိုင်လတွင် ရပ်ကွက် အုပ်ချူပ်ရေးမှူးက မြို့နယ်အုပ်ချူပ်ရေးမှူး၊ ကြေးတိုင်း မြေစာရင်း ဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး ဦးညာဏ်စိန်၏ ဥ ယျာဉ် ခြံမြေ ၃ ဧကကျော်အနက် ထက်ဝက်ခန့်ကို သိမ်းယူလိုက်ခြင်း ဖြစ်သည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင်က ကော့သောင်း ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ အကူအညီဖြင့် ယခုလဆန်းပိုင်းတွင် ကော့ သောင်း မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် စစ်ဗျူဟာထံသို့ အဆင့်ဆင့် အသနားခံစာ တင်ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိ သေးကြောင်း ဦးညာဏ်စိန်က ပြောသည်။

“အရင်က မြို့နယ် အုပ်ချုပ်ရေးမှူးကို တင်တယ်။ ဘာမှ မထူးဘူး။ ဒါနဲ့ ကျနော်က ဥပဒေကို နားမ လည်လို့ ဦးသန်းထွန်း (ဒီမိုကရက်တစ်ပါတီ မြန်မာ တနင်္သာရီတိုင်း စည်းရုံးရေးမှူး) ကို အကူအညီတောင်းပြီး ထပ်တင်တယ်။ ဘာမှပြန်မ ပြောသေးဘူး” ဟု အသက် ၇၀ ဝန်းကျင်ရှိ မြေ ပိုင်ရှင် ဦးညာဏ်စိန် က ပြောသည်။

မြေပိုင်ဆိုင်မှု စာရွက်စာတမ်းများအရ ၎င်းမြေမှာ ၁၉၅၈ ခုနှစ်ကပင် နိုင်ငံတော်သို့ မြေခွန်များ ပေးသွင်းနေသည့် ခြံမြေများ ဖြစ်ပြီး မြေအ ကျယ် အဝန်း ၈ ဒသမ ၄၂ ဧက ရှိကြောင်း သိရသည်။

ဒက်တမန် ကုမ္ပဏီက ကော့သောင်း မြို့ပြလမ်း နိုင်လွန်ကတ္တရာ ခင်းရာတွင် အလုပ်သမားတန်းလျား ဆောက်ရန်နှင့် စက်ယန္တရားများ ထားရှိ ရန်အတွက် ဒေသအာဏာပိုင်များ၏ အကူအညီတောင်းခြင်းကြောင့် ၂၀၀၇ ခုနှစ်တွင် ၎င်းပိုင်မြေများအနက် ၂ ဧကခန့်ကို ပေးခဲ့ ရသည်။

၎င်းပြင် ယခင် အုပ်ချူပ်ရေး အာဏာပိုင်များ၏ မြို့တိုးချဲ့ရန် ဟူသည့် အကြောင်းပြချက်ဖြင့် ကျန်ရှိသည့် မြေများအနက် ၃ ဧကကျော် ကို လည်း ထပ်မံသိမ်းယူခဲ့သည်။

“ဦးညာဏ်စိန်မှာ ၃ ဧက ကျော်ကျော်လောက်ပဲ ကျန်တော့တယ်။ ဒါတွေ ထပ်သိမ်းလိုက်ရင်သူ တော်တော်ဒုက္ခရောက်သွားမယ်” ဟု ဦးသန်း ထွန်း က ပြောသည်။

ဇွန်လတွင်လည်း ကော့သောင်းမြို့ ရွှေပြည်သာနှင့် ရွှေပြည်စိုးရပ်ကွက်အတွင်းတွင်ရှိ ခြံရှင် ၅ ဦးပိုင် ရာဘာ၊ အုန်း၊ ကွမ်း၊ သီဟိုဠ်ခြံမြေ ၄၀ ဧကကျော်ကို ခလရ (၃၄၂) တပ်ရင်းက တပ်မြေအဖြစ် သိမ်းယူရန် အုတ်တိုင်များ လာရောက် စိုက်ထူခဲ့သည်။

၎င်းခြံမြေများသည်လည်း လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) ကျော်ကတည်းက စိုက်ပျိုးလာခဲ့ပြီး၊ ခြံဂရမ်မြေ ပေါက်ကာ နိုင်ငံတော်အစိုးရ သို့ နှစ် စဉ် မြေခွန်များ ပေးသွင်းနေသည့် ခြံများ ဖြစ်သည်ဟု ခြံရှင်များက ပြောသည်။

စစ်တပ်မှ အုတ်တိုင်များ လာရောက် စိုက်ထူထားပြီးနောက် ခြံထွက်သီးနှံများကို ခြံရှင်များအား ခူးယူခွင့် ပြုထားသော်လည်း ထပ်မံတိုးချဲ့စိုက်ပျိုးခွင့် မပြုတော့ကြောင်း ခြံရှင်များက ပြောသည်။




No comments: