Monday, June 29, 2015

ပါရီ၊ ဆန်ဖရန်စစ္စကိုမြို့များထက် ရန်ကုန် နေစရိတ်ကြီး

ဧရာဝတီ

အသုံးအဆောင်များ၊ အ၀တ်အထည်များ၊ ခရီးသွားလာရေးနှင့် ဖျော်ဖြေရေး စရိတ်များ အလွန်အမင်းမြင့်တက်လာ သည့်အတွက် မြန်မာနိုင်ငံသည် နိုင်ငံခြားမှ လာရောက်နေထိုင်သူများအတွက် ကုန်ကျစရိတ် အကြီးမြင့်ဆုံးသော မြို့တော် များ စာရင်းတွင် ထိပ်ပိုင်းသို့ တက်လာသည်ဟု Mercer Global မှ ဇွန်လ ၁၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် နေထိုင်မှုစရိတ် စစ်တမ်းအရ သိရသည်။

ကမ္ဘာတလွှားရှိ မြို့ကြီး ၂၀၇ ခုတွင် စစ်တမ်းကောက်ယူခဲ့ရာ၌ ရန်ကုန်မြို့က ယခုနှစ်အတွင်းတွင် အဆင့် ၆၆ မှ အဆင့် ၂၈ သို့ ခုန်တက်သွားခဲ့သည်။ အခြားသော မြို့ကြီးများဖြစ်သည့် ဆစ်ဒနီ၊ အဘူဒါဘီ၊ အိုဆာကာ၊ ဆန်ဖရန်စစ္စကို၊ ပါရီ၊ ရောမ၊ ထိုင်ပေ၊ အော့စလို နှင့် ၀ါရှင်တန် ဒီစီမြို့များကို ကျော်တက်သွားခဲ့ခြင်းလည်း ဖြစ်သည်။

စစ်တမ်းအရ အာရှဒေသသည် ပြည်ပမှ လာရောက်၍ အလုပ်လုပ်ကိုင်သူများအတွက် ကမ္ဘာပေါ်တွင် ဈေးနှုန်း အမြင့်ဆုံး ဒေသများထဲမှ တခုဖြစ်လာသည့် အချိန်တွင် နှစ်ပေါင်းများစွာ ခေတ်နောက်ကျအိပ်မောကျနေခဲ့ရာမှ စီးပွားရေးသမားများ နှင့် ရင်းနှီး မြှုပ် နှံသူများအတွက် အချက်အချာနေရာတခုဖြစ်လာအောင် အချိန်တို တခုအတွင်း အားထုတ်ခဲ့သည့် မြန်မာ နိုင်ငံက အထူးကိစ္စတခု ဖြစ်နေသည်။ ကုန်ဈေးနှုန်းများကလည်း အထိန်းအကွပ်မရှိ မြင့်တက်နေခဲ့သည်။

ရန်ကုန်မြို့လယ်မှ အကျယ် စတုရန်း မီတာ ၈၀ ခန့်ရှိသည့် တိုက်ခန်းတခုကို ပိုင်ရှင်က ငှားရမ်းခ တလလျှင် အမေရိကန် ဒေါ်လာ ၄၀၀၀ ခန့် ခေါ်နေသည့် အချိန်တွင် နိုင်ငံခြားမှ တင်သွင်းသည့် အခြားပစ္စည်းများ၏ ဈေးနှုန်းကလည်း ရယ်စရာ ကောင်းလောက်အောင် မြင့်တက်နေသည်။ Broadband အင်တာနက် လစဉ်ကြေးက တလလျှင် အမေရိကန် ဒေါ်လာ ၂၀၀ လောက်အထိဖြစ်လာသည်။ အဆိုပါ တန်ဘိုးက ရန်ကုန်မြို့လယ်ရှိ စတိုးဆိုင်တဆိုင် ရရှိနိုင်သည့် နာမည်ကြီးတံဆိပ် ဂျင်း ၀တ်စုံတစုံ သို့မဟုတ် အားကစားဖိနပ် တရံဘိုး ဖြစ်သည်။ ဥပမာအားဖြင့် Volkswagen Golf 2.0 TDI ကားသစ် တစီး၏ တန်ဘိုးက အမေရိကန်ဒေါ်လာ ၇၅၀၀၀ အထိပေးရပြီး ဘန်ကောက်မြို့မှာဆိုလျှင် ထိုပမာဏ၏ ၃ ပုံ ၁ ပုံသာရှိသည်။

အရှေ့တောင်အာရှတွင် ရန်ကုန်မြို့က စင်ကာပူပြီးလျှင် ဒုတိယ ကုန်ကျစရိတ် အများဆုံး မြို့ဖြစ်နေပြီး ဘန်ကောက်မြို့၏ အထက်တွင်ရှိနေသည်။ တကယ်တမ်းဆိုလျှင် စင်ကာပူမှလွဲ၍ အခြားသော အရှေ့တောင် အာရှမြို့များသည်လည်း နေထိုင်မှု ကုန်ကျစရိတ် အဆင့်မြင့်တက်လာခဲ့သည်။ ဥပမာ မနီလာမြို့သည် အဆင့် ၇၅ သို့ရောက်ရှိလာခဲ့သည်။ စရိတ်မြင့်တက်လာမှု အများစုမှာ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပြီး နိုင်ငံခြားမှ တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ၏ ဈေးနှုန်းကို ပိုမိုမြင့်တက်စေခဲ့သည်။

ဥပမာပြရလျှင် စီးပွားရေးတွင် အမေရိကန်ဒေါ်လာကို အခြေပြုသည့် ကမ္ဘောဒီးယားနိုင်ငံ၏ မြို့တော် ဖနွမ်ပင်သည် အဆင့် ၂၇ ခုကျော်၍ အဆင့် ၁၄၂ သို့ရောက်ရှိလာခဲ့သည်။ GDP တိုးတက်မှု လျှင်မြန်လာသလို လူလတ်တန်းစားများကလည်း ပိုမို ချမ်းသာလာကြသည်။ အရှေ့တောင်အာရှတွင် တတိယ စရိတ်အကြီးမြင့်ဆုံးဖြစ်သော ဘန်ကောက်မြို့တွင်မူ ဈေးနှုန်းများ မြင့်တက်လာရခြင်း၌ ငွေကြေးဖောင်းပွမှုနှုန်းကို နိမ့်အောင် ထိန်းထားနိုင်ခဲ့သော်လည်း အိမ်ခြံမြေဈေးနှုန်းများနှင့် သွင်းကုန်ဈေးနှုန်းများ မြင့်တက်လာနေသည်။
“နိုင်ငံရေးနဲ့ စီးပွားရေး မတည်ငြိမ်မှုကြောင့် ဖြစ်ရတဲ့ ငွေကြေးဖောင်းပွမှုတွေက globalization အရ ပြည်ပက ရောက် လာတဲ့ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေရဲ့ ကုန်ကျစရိတ်ကို သက်ရောက်မှုရှိစေပါတယ်” ဟု Mercer၏ အစီရင်ခံစာ တစောင်တွင် ဖော်ပြထားသည်။

ယခုနှစ် စာရင်း၏ ကုန်ကျစရိတ် အများဆုံး မြို့ကြီး ၁၀ မြို့ထဲတွင် အာရှ-ပစိဖိတ်ဒေသမှ ၅ မြို့ပါဝင်နေသည်ကို တွေ့ရသည်။ ဒေသတွင်းတွင် ဟောင်ကောင်က ကုန်ကျစရိတ် အများဆုံးမြို့ ဖြစ်နေပြီး ၎င်း၏ ငွေကြေးကို အမေရိကန် ဒေါ်လာနှင့် ချိတ်ဆက်ထားသည့် အတွက် ဒေသတွင်းတွင် နေထိုင်မှုစရိတ်များ မြင့်တက်စေခဲ့သည်။ ဟောင်ကောင်၏ နောက်တွင် စင်ကာပူ၊ ရှန်ဟိုင်း၊ ဘေဂျင်း နှင့် ဆိုးလ်တို့ ရှိနေသည်။ ရှန်ဟိုင်း၊ ဘေဂျင်း နှင့် ဆိုးလ်တို့ မှာ ယခုနှစ် အတွင်း တွင် ဇယားအပေါ်သို့ ရောက်လာကြခြင်းဖြစ်သည်။ ယန်းငွေ တန်ဘိုး အားနည်းသွားခြင်းကြောင့် တိုကျိုက အဆင့် ၄ ဆင့် ကျဆင်းသွားခဲ့သည်။

ပင်လယ်ကွေ့ဒေသတွင် ဒူဘိုင်း၊ အဘူဒါဘီနှင့် ရီယာဒ့် မြို့များကလည်း နိုင်ငံခြားမှ လာရောက်သူများအတွက် စရိတ် အကြီး ဆုံးမြို့များ ဖြစ်သည်။ ဒိုဟာမြို့က ဒေသတွင်းတွင် အဆင့် ၅ ရှိပြီး ကမ္ဘာ့အဆင့်တွင် အဆင့် ၉၉ ဖြစ်၍ ဂျကာတာနှင့် အဆင့်တူနေသည်ကို တွေ့ရသည်။ ရေနံကြွယ်ဝသည့် အန်ဂိုလာနိုင်ငံမှ လူအန်ဒါသည် အိမ်ငှားခများ မိုးထိအောင် မြင့်တက်နေပြီး နိုင်ငံခြားမှ တင်သွင်းသည့် လူသုံးကုန်ပစ္စည်းများ ဈေးကြီးသည့် အတွက် နိုင်ငံခြားသားများအ တွက် စရိတ် အကြီးဆုံးမြို့များထဲတွင် ဆက်လက်ပါဝင်နေသည်။

Mercer ၏ စစ်တမ်းအရ ကုန်ကျစရိတ် ကြီးမားမှု အနည်းဆုံး မြို့များမှာ ပါကစ္စတန်နိုင်ငံမှ ကရာချိမြို့၊ နမ်မီးဘီးယားမှ Windhoek နှင့် ကာဂျစ္စတန်မှ Bishkek တို့ ဖြစ်သည်။

No comments: