Monday, June 29, 2015

မြန်မာ့ဆင်များ ရေရှည် ထိန်းသိမ်းရေး နိုင်ငံတကာ အဖွဲ့များနှင့် ဆွေးနွေး

တင်ထက်ပိုင်

မန်မာ့ဆင်များ ရေရှည်ထိန်းသိမ်းရေး လုပ်ငန်းစီမံချက် အတွက် အစိုးရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီး ဌာနနှင့် ဆင်ထိန်းသိမ်းရေး ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ ဆွေးနွေးမှု ပြုလုပ်လျက်ရှိကြောင်း သိရသည်။

ယင်းစီမံချက် ရေးဆွဲနိုင်ရန်အတွက် အမေရိကန်နိုင်ငံ အခြေစိုက် WCS (Wildlife Conservation Society) အပါအဝင် ပြည်တွင်း၊ ပြည်ပ သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များနှင့် ၂၀၁၄ နှစ်ကုန်ပိုင်းက တကြိမ် ဆွေးနွေးခဲ့ပြီး ၂၀၁၅ ခုနှစ် နှစ်ကုန် ပိုင်းတွင် ဒုတိယအကြိမ် ထပ်မံ ဆွေးနွေးရန် စီစဉ်ထားပြီး ယင်းစီမံချက်ကို မည်သည့်အချိန် နောက်ဆုံးထား၍ အပြီးသတ် ရေးဆွဲရန်ကိုမူ မသတ်မှတ်ထားရသေးကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန သဘာဝ ဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ပြောသည်။

တရားမဝင် အမဲလိုက် သတ်ဖြတ်မှုများနှင့် သစ်တောပြုန်းတီးမှုများကြောင့် စားကျက်မြေများ ကျဉ်းမြောင်းလာပြီး ဆင်ကောင်ရေ လျော့နည်းလာခြင်း၊ နိုင်ငံတကာတွင် ဆင်စွယ်များ တရားမဝင် တင်ပို့ရောင်းချမှု များလာခြင်း၊ မြန်မာနိုင်ငံတွင် တောဆင်ကောင်ရေနှင့် အိမ်မွေးဆင်ကောင်ရေများ အချိုးမမျှတော့ခြင်းတို့ကြောင့် မြန်မာ့ဆင်များ ထိန်းသိမ်းရေး ရေရှည် လုပ်ငန်းစီမံချက်ကို ရေးဆွဲရန် စီစဉ်ခြင်း ဖြစ်ကြောင်း သဘာဝဝန်းကျင် နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ဧရာဝတီကို ပြောပြသည်။

ဦးဝင်းနိုင်သော်က “မြန်မာနိုင်ငံမှာ တနေ့ထက်တနေ့ တောဆင်တွေ သတ်ဖြတ်ခံနေရတာ များလာတယ်။ ပြီးရင် တောဆင် ကောင် ရေနဲ့ အိမ်မွေးဆင်ကောင်ရေ အချိုးမမျှတဲ့ ကိစ္စတွေ ဖြစ်လာတယ်။ ဆင်နဲ့လူ ပဋ္ဋိပက္ခ ဖြစ်တာပေါ့။ ဆင် စားကျက်တွေ လျော့နည်း လာပြီးတော့ ဆင်နဲ့လူ ထိတွေ့မှုတွေ ဖြစ်လာတယ်။ ဒါတွေကို ဖြေလျှော့ရှင်းလင်းပေးနိုင်ဖို့ ဆင်ထိန်းသိမ်းရေး ရှေရှည် လုပ်ဆောင် သင့်တဲ့ စီမံချက်တခုကို ရေးဆွဲဖို့ လိုလာတယ်”ဟုလည်း ဧရာဝတီကို ပြောသည်။

ဆက်လက်၍ ဦးဝင်းနိုင်သော်က ယခုနှစ် ပွင့်လင်းရာသီမှ စတင်၍ မြန်မာတနိုင်ငံလုံး အတိုင်းအတာဖြင့် ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ပြီး ရရှိလာသည့် အချက်အလက်များဖြင့် ယင်းစီမံချက် ရေးဆွဲနိုင်ရန် စီစဉ်သွားမည်ဟု ပြောဆိုသည်။

ယင်းစီမံချက်သည် အိမ်မွေးဆင်နှင့် တောဆင်ကျက်စားမှုနှင့် ပျံ့နှံ့မှု ဧရိယာများကို ဖော်ထုတ်နိုင်ရေး၊ နှစ်စဉ် တရားမဝင် ဆင်များ သတ်ဖြတ်ခံရခြင်း၊ အမဲလိုက်ခံရခြင်းနှင့် ရောင်းဝယ်ဖောက်ကားမှု အခြေအနေတို့ကို ဆန်းစစ်နိုင်ရေး၊ တောဆင်များအတွက် စားကျက်ကောင်းများ ပြန်လည်ရရှိနိုင်ရေး၊ အိမ်မွေးဆင် ပိုင်ဆိုင်မှုများကို မှတ်ပုံတင်နိုင်ရေးနှင့် မှတ်ပုံတင်ပြီးသား အိမ်မွေးဆင်များကို ပြန်လည် စစ်ဆေးနိုင်ရေးတို့ကို အဓိကထား ဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

အိမ်မွေးဆင်များ မှတ်ပုံတင်ခြင်းသည် တရားမဝင် ဆင်စွယ်ရောင်းဝယ်ဖောက်ကားမှုများကို ဖော်ထုတ်နိုင်ရေးအတွက် အရေးကြီးကြောင်း၊ ဆင်စွယ်ကို အသုံးပြု၍ ပန်းပုနှင့် လက်မှုလုပ်ငန်းများ လုပ်ကိုင်နေသော စက်ရုံ၊ အလုပ်ရုံများပါ မှတ်ပုံတင်ရန် လိုအပ်ပြီး နယ်မြေအေးချမ်းမှု မရှိသော ဒေသရှိဆင်များကို မှတ်ပုံတင်ရန် အခက်အခဲရှိကြောင်း ဦးဝင်းနိုင်သော်က ဖြည့်စွက်ပြောကြား သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော အိမ်မွေးဆင်ကောင်ရေ ၅၀၀၀ နီးပါးရှိပြီး တောရိုင်းဆင် ကောင်ရေ ၃၀၀၀ ခန့်ရှိကြောင်း၊ တောရိုင်းဆင်များသည် မှတ်ပုံတင်နိုင်ခြင်း မရှိဘဲ မြန်မာနိုင်ငံတွင် တောရိုင်းဆင်များကို ထိန်းသိမ်းထားသည့် ဘေးမဲ့တော ၇ ခု ရှိကြောင်း သဘာဝဝန်းကျင်နှင့် သားငှက် တိရစ္ဆာန် ထိန်းသိမ်းရေးဌာနမှ သိရှိရသည်။

ထိုင်းနိုင်ငံသို့ တရားမဝင် ဆင် ရောင်းဝယ်မှေု၏ ၆၀ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံမှ အရင်းခံခြင်းဖြစ်ကြောင်း နိုင်ငံတကာ တောရိုင်း တိရစ္ဆာန် တရားမဝင် ရောင်းဝယ်မှု စောင့်ကြည့်ရေးအဖွဲ့ TRAFFIC ၏ ၂၀၁၄ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ဆင်သည် လုံးဝ ကာကွယ်ထားသော တိရစ္ဆာန်စာရင်းတွင် ပါဝင်ပြီး တရားမဝင် ရောင်းဝယ်ပါက ပုဒ်မ ၃၇/က အရ အများဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်နိုင်ကြောင်း သိရှိရသည်။

No comments: