Monday, June 29, 2015

နိုင်ငံရေး ပါတီများ ရွေးကောက်ပွဲ ကျင့်ဝတ်ဆိုင်ရာ လက်မှတ်ထိုး

တင်ထက်ပိုင်

ရွးကောက်ပွဲ ကျင်းပချိန်နှင့် ပြင်ဆင်နေချိန် ကာလများအတွင်း ရွေးကောက်ပွဲဝင်မည့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများ လိုက်နာသင့်သည့် ကျင့်ဝတ်မူများကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများက ဇွန်လ ၂၆ ရက်တွင် ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်၌ လက်မှတ်ရေးထိုးကြသည်။

ယင်းကျင့်ဝတ်မူ(Code of Conduct)များတွင် အခန်း ၈ ခန်း ပါဝင်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်အောင်မြင်စေရေးကို အထောက် အကူပြုစေရေး၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် စဉ်ဆက်မပြတ် ရှိစေရေး၊ သက်ဆိုင်ရာ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ပါဝင်ဆောင်ရွက်သူများကြား ယုံကြည်မှု တည်ဆောက်ရေး၊ သည်းခံမှုဖြင့် အပြုသဘောဆောင်သော အခြေအနေတရပ် ဖြစ်ပေါ်လာစေရေး၊ ပွင့် လင်းလွတ်လပ်၍ တရားမျှတသော ယှဉ်ပြိုင်မှု ဖြစ်ပေါ်လာစေရေး တို့ကို ရည်ရွယ်ကြောင်း သိရှိရသည်။

ကျင့်ဝတ်မူများသည် တရားဥပဒေအရ ချုပ်နှောင်ထားခြင်းမျိုး မဟုတ်သည့်အတွက် မလိုက်နာသည့် လူပုဂ္ဂိုလ်များနှင့် နိုင်ငံရေးပါတီ များကို အရေးယူနိုင်ခြင်း မရှိသော်လည်း ရွေးကောက်ပွဲတွင် ဂုဏ်သိက္ခာရှိရှိ ယှဉ်ပြိုင်နိုင်ရေးအတွက် အထောက်အကူတခုအဖြစ် ရှိနိုင်လိမ့်မည်ဟု နိုင်ငံရေးပါတီများက ပြောဆိုကြသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက “ဒီကျင့်ဝတ်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှု မရှိဘဲ ဥပဒေ သက်သေခံ တခုအဖြစ်အသုံးပြုပြီး ဥပဒေကြောင်းအရ အရေးယူခြင်း သို့မဟုတ် တရားစွဲဆိုခြင်း မပြုနိုင်ပါဘူး။ သို့သော်လည်း နိုင်ငံ ရေး ပါတီများ အနေနဲ့ သဘောတူထားတဲ့ ကျင့်ဝတ်များကို ကတိကဝတ်အဖြစ် လိုက်နာဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်”ဟု ပြော သည်။

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ အနေနှင့် ယင်းကျင့် ဝတ် မူများအတိုင်း မဲဆွယ်စည်းရုံး ဟောပြောကြရန် တိုက်တွန်းကြောင်းလည်း ဦးတင်အေးက ဆက်လက် ပြောဆိုသည်။

တိုင်းရင်းသား နိုင်ငံရေးပါတီတခုဖြစ်သည့် ပအို့ဝ် အမျိုးသားအဖွဲ့ချုပ်မှ ဗဟို အလုပ်အမှုဆောင် တာဝန်ခံ ဦးစောခွန်ကျော်ဝင်း က နိုင်ငံရေးသည် သိက္ခာနှင့် ရပ်တည်နေရခြင်း ဖြစ်သဖြင့် ယခုကျင့်ဝတ်မူများကို လက်မှတ်ရေးထိုးနိုင်ခြင်းသည် နိုင်ငံရေးပါတီများ၏ သိက္ခာပိုင်းဆိုင်ရာအတွက် အရေးကြီးကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒါလေးထွက်လာတာတော့ အရမ်းကောင်းတယ်။ ဒါပေမယ့် ဥပဒေကြောင်းအရ မဟုတ်တဲ့ အခါကျတော့ အရေးယူလို့တော့ မရဘူး။ ဘာကောင်းသွားလည်းဆိုတော့ နိုင်ငံရေးပါတီ တခုအနေနဲ့ သူ့ရဲ့ ဂုဏ်သိက္ခာပေါ့၊ သူတို့ရဲ့ Dignity လေ။ ဒါလူထုကနေ ဆုံးဖြတ်သွားမှာပေါ့။ သူတို့ရဲ့ အနာဂတ်၊ သူလုပ်မယ့် လုပ်ငန်းတွေအတွက် အခု လက်မှတ်ထိုးထားပြီးတော့ ဒီအတိုင်း မလိုက်နာ၊ မကျင့်သုံးဘူးဆိုရင် သူ့ရဲ့ ဂုဏ်သိက္ခာ အများကြီး ထိခိုက်တယ်။ ကျနော်တို့ နိုင်ငံရေး ရေရှည်လုပ်ဖို့အတွက် ဂုဏ်သိက္ခာက အရေးကြီးတယ်”ဟု ဦးစောခွန်ကျော်ဝင်းက ပြောဆိုသည်။

ယင်းကျင့်ဝတ်မူများသည် ၂၀၁၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက်တွင် နိုင်ငံရေးပါတီ အားလုံးကဆုံးဖြတ်ခဲ့သော ကျင့်ဝတ်မူများကို အခြေခံပြီး ဖက်ဒရယ် ဒီမိုကရေစီ မဟာမိတ် (FDA)၊ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း (NBF)၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ (NUP) ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) တို့ ပါဝင်ဖွဲ့စည်းထားသော ယာယီလုပ်ငန်း ကော်မတီက မူကြမ်းရေးဆွဲပေး ခဲ့ခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မူကြမ်းရေးဆွဲခြင်းတွင် ပါဝင်ပတ်သက်ခြင်း မရှိသော်လည်း ရွေးကောက်ပွဲ ဥပဒေဆိုင်ရာများကို ကူညီပေးထားကြောင်း၊ ၂၀၁၅ ခုနှစ် မေလ ၁၅ ရက်တွင် နိုင်ငံရေးပါတီများအားလုံးက သဘောတူ လက်ခံထားပြီး ဖြစ်ကြောင်း သိရှိရသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးကိုကိုကြီးက ယင်းကျင့်ဝတ်များကို မလိုက်နာပါက တရားဥပဒေနှင့် အရေးမယူနိုင်သော်လည်း သိက္ခာရှိစွာ မယှဉ်ပြိုင်သူများကို အရပ်ဘက်အဖွဲ့အစည်းများနှင့် မီဒီယာများက ဖော်ထုတ်ရန် လိုအပ်ကြောင်း ပြောသည်။

“အခုလိုမျိုး ပြစ်ဒဏ်မပါတဲ့ ချည်နှောင်ထားတာ မဟုတ်တဲ့ ကတိကဝတ်။ သူကတော့ ဘာနဲ့ပဲ ဆိုင်လည်းဆိုတော့ ဂုဏ်သိက္ခာနဲ့ပဲ ဆိုင်တယ်။ လက်မှတ်ရေးထိုးတဲ့သူတွေက ကျနော် လိုက်နာပါ့မယ်လို့ အများရှေ့မှာ လက်မှတ်ထိုးထားတယ်။ လက်မှတ်ထိုးထားပြီး မလိုက်နာရင် သူ့ကိုယ်သူ မလေးစားတာ။ သူကတိပြုထားတာကို သူကိုယ်တိုင် ဖောက်ဖျက်တာ ဖြစ်တဲ့အတွက်ကြောင့် အဲဒီလို အဖွဲ့အစည်းမျိုး၊ အဲဒီလို လူပုဂ္ဂိုလ်မျိုးကို မဲဆန္ဒရှင်တွေက အရေးယူတဲ့ နည်းကတော့ မဲမပေးတာပေါ့”ဟု ဦးကိုကိုကြီးက ပြောဆို သည်။

ကျင့်ဝတ်၏ အခန်း ၄ -၂ တွင် နိုင်ငံရေးပါတီ (သို့) ကိုယ်စားလှယ်လောင်း တစ်ဦးကို ဝေဖန်ပြောဆိုမှုများ ပြုလုပ်ရာတွင် သက်ဆိုင် ရာ ပါတီ သို့မဟုတ် ကိုယ်စားလှယ်လောင်း၏ မူဝါဒများ၊ လုပ်ငန်းစဉ်များအပြင် ကိုယ်စားလှယ်လောင်း၏ အတိတ် ဖြတ်သန်း လုပ်ဆောင်မှုများကိုသာ ဝေဖန်ပြောဆိုခွင့်ရှိသည်။

နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင်တဦး သို့မဟုတ် နိုင်ငံရေးပါတီတခု၏ တက်ကြွလှုပ်ရှားသူတဦး သို့မဟုတ် ကိုယ်စားလှယ် လောင်း တဦးအပေါ် ၄င်း၏ နိုင်ငံရေးတာဝန်နှင့် သက်ဆိုင်ခြင်းမရှိဘဲ ကိုယ်ရေးကိုယ်တာနှင့် ပတ်သက်၍ မမှန်မကန်သော ဝေဖန်မှုများ၊ မှားယွင်းသော ဝေဖန်မှုများ မပြုလုပ်ရဟုလည်း ပါရှိသည်။

ကျင့်ဝတ် အခန်း ၆-၂-၁ (ခ) တွင် “ရွေးကောက်ပွဲ သတင်းယူနေကြသော သတင်းသမားများကို နှောင့်ယှက်ခြင်း၊ ပိတ်ပင်တားဆီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းများကို မပြုလုပ်ရ”ဟု ဖော်ပြထားသည်။

ယင်းလက်မှတ်ရေးထိုးပွဲတွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားသော သတင်းထုတ်ပြန်ချက်၌“ကျင့်ဝတ်ကို လက်မှတ်ရေးထိုးသူများသည် အချိန်မရွေး၊ နေရာမရွေး ယခုစာတမ်းနှင့် ပါဝင်သော အချက်များကို ထပ်မံဖြန့်ချိပေးရန်နှင့် အများပြည်သူ ပိုမိုသိရှိနားလည်စေရန် တာဝန်ယူရမည်”ဟု ဖော်ပြပါရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ စာရင်းများအရ မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီပေါင်း ၇၉ ခုရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လက်မှတ်ရေးထိုးပွဲသို့ တက်ရောက်ရန် ပျက်ကွက်သည့် ပါတီ ၁၂ ပါတီ ရှိကြောင်း သိရှိရသည်။

No comments: