Tuesday, June 30, 2015

စစ်တွေ ပွိုင့်အနီး ကွန်ကရစ်လမ်း အရည်အသွေး မပြည့်မီ၍ မိုးစရွာသည်နှင့် ပျက်စီး

စံမောင်သန်း

Asia Metal Construction ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လုပ်ခဲ့သော စစ်တွေ ပွိုင့်အနီးရှိ ကွန်ကရစ်လမ်း မှာ အရည်အသွေး မပြည့်မီသဖြင့် မိုးစရွာသည်နှင့် အပိုင်းလိုက် ပြိုကျ ပျက်စီးသွားခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပွိုင့်ကို အဆင့်မြှင့်ရန် အတွက် အကြီးစားပြုပြင်မှုများလုပ်နေစဉ် ပွိုင့်အနီးကွန်ကရစ်လမ်းမှာ မိုးစရွာသည်နှင့် ပျက်စီးသွားသဖြင့် စစ်တွေလူထုအကြား ဝေဖန်မှုများ တိုးပွားနေသည်ဟု ဒေသခံများက ပြောသည်။

ယခုပျက်စီးသွားသော လမ်းပိုင်း နေရာသည် ပွိုင့်နှင့် စစ်တွေဟိုတယ်အကြားတွင် တည်ရှိသော ကွန်ကရစ်လမ်း ဖြစ်ပြီး အရှည် ၆၃၀၀ ပေ ရှိကြောင်း၊ ဇွန် လ ၂၁ ရက်နေ့နှင့် ၂၂ ရက်နေ့များတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ဇွန်လ ၂၂ ရက်နေ့ ညနေဘက်တွင် ပေ ၅၀ အရှည် အပိုင်းလိုက် ကျိုးပျက်သွားကြောင်း၊ ယင်းလမ်းအား Asia Metal Construction ကုမ္ပဏီမှ တည်ဆောက်ခဲ့ကြောင်း သိရသည်။

လမ်းဆောက်လုပ်မှု အရည်အသွေးမပြည့်မီ၍ ယခုကဲ့သို့ ပျက်စီးရခြင်းဖြစ်ပြီး၊ အစိုးရနှင့် ကုမ္ပဏီအကြား လုပ်ကိုင်ဆောင်ရွက်မှု ပွင့်လင်းမြင်သာမှုမရှိ၍ ဖြစ်ရသည်ဟု စစ်တွေမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ မတ်လက ပြီးစီးသွားတဲ့လမ်းက ဇွန်လမှာ ပျက်စီးသွားတယ်ဆိုတော့ အရည်အသွေး မပြည့်မီတဲ့ အတွက် ဖြစ်တယ်။ အဓိကတော့ အစိုးရနဲ့ ကုမ္ပဏီအကြား လုပ်ကိုင်ဆောင်ရွက်မှုတွေက ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် ခုလို ဆိုးကျိုးတွေ ဖြစ်လာတယ်လို့ သုံးသပ်မိပါတယ်” ဟု သူက ဆိုသည်။

ဝံလက်ဒေသဖွံ့ဖြိုးရေး ဖေါင်ဒေးရှင်းမှ ဒါရိုက်တာတစ်ဦး ဖြစ်သူ ခိုင်ကောင်းစံကလဲ “ ၀န်ကြီးချုပ်ရဲ့စေတနာကို တန်ဖိုးထားတယ်၊ အသိအမှတ်ပြုပါတယ်။ နိုင်ငံတကာမှာ Budget Transparency ဘတ်ဂျက် ပွင့်လင်းမြင်သာမှုဆိုတာရှိပါတယ်။ ရခိုင်ပြည်နယ်မှာ ရရှိနေတဲ့ ဘတ်ဂျက်တွေ၊ မြန်မာနိုင်ငံမှာ ရရှိနေတဲ့ ဘတ်ဂျက်တွေကို ဘယ်လိုသုံးစွဲနေလဲ၊ ပွိုင့်ကမ်းခြေကို စင်ကာပူလို ဖန်တီးနေတဲ့ နေရာမှာ ဘတ်ဂျက် ပွင့်လင်းမြင်သာမှု ရှိဖို့လိုတယ်။ ကုမ္ပဏီတစ်ခုက လုပ်တယ်၊ ငွေကြေး ဘယ်လောက်သုံးစွဲတယ်ဆိုရုံနဲ့ မပြီးဘူး။ ဒီကုမ္ပဏီဟာ အဲ့ဒီလုပ်ကွက်ကို ရရှိဖို့အတွက် လေလံအမှန်တကယ်ပစ်ခဲ့ရဲ့လား၊ သို့တည်းမဟုတ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နီးစပ်လို့ ရတာလား၊ ဒါမှ မဟုတ် ၀န်ကြီးချုပ်နဲ့ နီးစပ်တဲ့ကုမ္ပဏီတွေက ရတာလားဆိုတာတွေကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ နိုင်ငံတကာ ဘတ်ဂျတ် ပွင့်လင်းမြင်သာမှုနဲ့ နှိုင်းစာရင် ရခိုင်ပြည်နယ်မှာ သုံးစွဲနေတဲ့ ဘတ်ဂျတ်တွေဟာ ပွင့်လင်းမြင်သာမှုမရှိဘူး” ဟု ဆိုသည်။

ယခုကဲ့သို့ သတ်မှတ်ချိန် သက်တမ်းကာလမပြည့်ဘဲ ပျက်စီးသွားလျှင် ကုမ္ပဏီက တာဝန်ယူပြီး ပြန်တည်ဆောက်ပေးရမည်ဟု ခိုင်ကောင်းစံကပြောသည်။

“ဆောက်လုပ်ရေးလုပ်တဲ့နေရာမှာ ကုမ္ပဏီတစ်ချို့ဟာ ရေချိုသဲတွေကို သုံးစွဲရမယ့်နေရာမှာ ရေငန်သဲတွေကို သုံးကြတယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ အစိုးရ တာဝန်ရှိသူတွေ၊ လွှတ်တော် အမတ်တွေကို ငွေကြေးပေးပြီး မိမိတို့လုပ်ကွက်ရဖို့၊ မိမိတို့အကျိုးကိုသာကြည့်ပြီး လုပ်သွားတဲ့ကုမ္ပဏီတွေ ရခိုင်ပြည်မှာ အများကြီးပေါ်ပေါက်လာတယ်။ လူထုအတွက် နစ်နာမှုတွေ အများကြီး ပေါ်ပေါက်နေတယ်”ဟု ၄င်းက သုံးသပ် ပြောဆိုသည်။

ယခုကဲ့သို့ ပျက်စီးခြင်းသည် ကုမ္ပဏီတွင်သာမက အစိုးရတွင်လည်း တာဝန်ရှိသည်ဟု ကိုခိုင်ကောင်းစံက ထောက်ပြ ပြောဆိုသည်။

တိုင်းပြည်ကို တိုးတက်အောင်လုပ်ရာ၌ အစိုးရသက်သက်၊ ကုမ္ပဏီသက်သက် လုပ်၍မရကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ၊ ရပ်မိရပ်ဖက်များ၊ ဒေသခံပြည်သူများလည်း ပူးပေါင်းပါဝင်ခွင့်ရရန် လိုကြောင်း၊ လုပ်ငန်းခွင်တွင် သုံးစွဲသည့် ကျောက်၊ သဲ၊ သံ၊ ဘိလပ်မြေများ အရည်အသွေးသည် ချပေးထားသည့် ငွေကြေးပမာဏနှင့် ကိုက်ညီသလားဆိုသည်ကို ဆန်းစစ်ပြီး လုပ်နေသည့်ကာလတွင်လည်း တင်ပြသွားဖို့ လိုအပ်ကြောင်း ခိုင်ကောင်းစံက နိရဉ္စရာသတင်းဌာနသို့ ပြောသည်။

စစ်တွေမြို့အရှေ့ဘက် ရှုခင်းသာကွန်ကရစ်လမ်းကို ဆောက်လုပ်ခဲ့သည့်မှာ သုံးနှစ်ကျော်ရှိပြီး လုံးဝကျိုးပျက်မှု မရှိသေးသော်လည်း၊ Asia Metal Construction မှ တည်ဆောက်ထားသော ပွိုင့်နှင့် စစ်တွေ ဟိုတယ်အကြားလမ်းကို ဆောက်လုပ်ခဲ့သာမှာ ၃ လခန့်သာ ကြာသေးပြီး နှစ်ကြိမ်တိုင်တိုင် ပျက်စီးသွားပြီဖြစ်သဖြင့် ဒေသခံပြည်သူများက ဝေဖန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်း လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံ ဆေးခန်းများအတွက် နိုင်ငံတော်မှ ဘတ်ဂျက် အများအပြားချပေးပြီး တည်ဆောက်နေသော်လည်း ဆောက်လုပ်ရာတွင် စံချိန် မမီသဖြင့် ကန့်ကွက် တိုင်ကြားမှုများလည်း အများအပြား ပေါ်ပေါက်နေသည်ဟု သိရသည်။ သို့သော် ယင်းအထဲမှ ကုမ္ပဏီအများအပြား သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၊ ဒေသဆိုင်ရာ အာဏာပိုင်များ၊ လွှတ်တော်အမတ်များနှင့် နှစ်ပေါက် တစ်ပေါက်ရိုက်ပြီး လုပ်စားနေကြသဖြင့် အရေးယူ အပြစ်ပေး ခြင်း မရှိသလောက် နည်းပါးကြောင်း သတင်း ရရှိသည်။

No comments: