Monday, June 29, 2015

တရုတ်ဖိအားနှင့် ကိုးကန့်စစ်ပွဲ

နန်းလွင်နှင်းပွင်

တရုတ်အစိုးရရဲ့ ဖိအားပေး ပြောဆိုမှုကြောင့် မြန်မာ့တပ်မတော်နဲ့ ၃ လကြာ ပြင်းပြင်းထန်ထန် ဖြစ်နေတဲ့ ကိုးကန့် ဒေသတိုက်ပွဲတွေကို မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA) က တဖက်သတ် စစ်ရပ်စဲ ကြောင်း ကြေညာလိုက်တဲ့အခါ မြန်မာ့နိုင်ငံရေးမှာ တရုတ်ဩဇာ ကြီးမားလာမှုနဲ့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက သတိပြု သုံးသပ်စရာ ဖြစ်လာပါတယ်။

ကိုးကန့် MNDAA ရဲ့ ထုတ်ပြန်ကြေညာချက်မှာ တရုတ်အစိုးရက တရုတ်-မြန်မာ နယ်စပ် ငြိမ်းချမ်းရေးကို ပြင်းပြစွာ တောင်းဆိုမှုကြောင့် စစ်ရပ်စဲလိုက် ရခြင်းဖြစ်တယ် လို့ ဖော်ပြခဲ့ပါတယ်။

အခုလို တဖက်သတ် စစ်ရပ်စဲလိုက်ချိန်က မြန်မာ့အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ရဲ့ တရုတ်ပြည် ခရီးစဉ်နဲ့လည်း တိုက်ဆိုင် နေတာ၊ အခုလို တဖက်သတ် စစ်ရပ်စဲလိုက်တာ တွေက ငြိမ်းချမ်းရေး လိုချင်တယ်လို့ ပြောထားတဲ့ မြန်မာအစိုးရကို ဖိအားပေးရာလည်း ရောက်နေပါတယ်။

မြန်မာအစိုးရကတော့ ကိုးကန့်ရဲ့ တဖက်သတ် ကြေညာချက်ကို စောင့်ကြည့်နေပြီး မြေပြင်အခြေ အနေတွေ အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချမယ် လို့ တုံ့ပြန်ထားပါတယ်။

ဒါပေမယ့် လက်တွေ့မှာ တဖက်သတ် အပစ်ရပ်ပြီး ၂ ရက်အကြာ အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှုတွေပါ ပါဝင်တယ်လို့ ကိုးကန့် MNDAA ရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ပြောပါ တယ်။

ဦးထွန်းမြတ်လင်းက “တိုက်ပွဲက ၁၂၊ ၁၃ ရက်က ဖြစ်တာပါ။ ကျနော့် အမြင်ကတော့ သူတို့ ငြိမ်းချမ်းရေး မလိုချင်ဘူး ထင်တယ်။ ကျနော်တို့ အပစ်ခတ်ရပ်စဲတယ် ဆိုတာ ကြေညာပြီးပြီပဲ။ ကျနော် အနေတော့ စိတ်မကောင်း ဖြစ်တာပေါ့။ ကျနော်တို့က တိုင်းရင်းသားပဲဟာ ကျနော်တို့ဘက်က ရပ်ဆိုင်း ကြေညာပြီးသားကို အစိုးရဘက်က တုံ့ပြန်မှု ရှိမလား ဆိုတာ ကျနော်တို့လည်း မျှော်လင့်တယ် ပေါ့ဗျာ။ ဒါပေမယ့် တိုက်ပွဲနဲ့ ပြန်တုံ့ပြန်တယ် ဆိုတော့ ကျနော်လည်း စိတ်မကောင်းဘူး” လို့ ဆိုပါတယ်။

အစိုးရနဲ့ ကိုးကန့် MNDAA ကြား နှစ်ဖက် တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံဘက်ကို လက်နက်ကြီး ကျည် ကျရောက်မှုတွေ ရှိခဲ့ရာ လူသေဆုံးမှုတွေ၊ ဒဏ်ရာရမှုတွေ ရှိခဲ့ပါတယ်။

ဒီကိစ္စတွေကြောင့် တရုတ်နိုင်ငံဘက်က ကိုယ်စားလှယ်တွေက ကာကွယ်ရေး ဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ရပြီး တရုတ်ဘက်ကို ကျည် ထပ်မံမကျစေဖို့ ကတိကဝတ်တွေ တောင်းခံခဲ့ပါတယ်။

ဒီလို နယ်စပ်ထိစပ် ပြဿနာကြောင့် ကိုးကန့်အရေးမှာ ပါဝင်လာတဲ့ တရုတ်နိုင်ငံက မြန်မာနိုင်ငံမှာ ရှိနေတဲ့ သူတို့ နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အတွက် မြန်မာကို ဆက်ဆံရေး ဗျူဟာ အပြောင်းအလဲတွေ သိသိသာသာ ပြုလုပ်လာပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်တဲ့ ဒေါက်တာရန်မျိုးသိမ်းက “တရုတ်က မြန်မာနိုင်ငံအပေါ်မှာ အစဉ်တစိုက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအရ ဩဇာကြီးမား ခဲ့တယ်။ လက်ရှိအခြေ အနေမှာ ဖြစ်သင့်တာကတော့ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အတွက် တရုတ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး ၅ ရပ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ကြားဝင်ဆောင်ရွက် ပေးနိုင်မယ် ဆိုရင် တိုင်းပြည်နဲ့ ပြည်သူလူထု အတွက် အကျိုးရှိမယ် လို့ မြင်တယ်” လို့ ဧရာဝတီကို ပြောပါတယ်။

တရုတ်နဲ့ မြန်မာ ၂ နိုင်ငံကြား ဆက်ဆံရေးဟာ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ တက်လာတဲ့ ၂၀၁၁ ခုနှစ်ကစပြီး ခပ်စိမ်းစိမ်းဖြစ်သွားခဲ့ပြီး မြစ်ဆုံဆည် စီမံကိန်း ရပ်ဆိုင်းသွားတာ၊ လက်ပံတောင်း ကြေးနီ စီမံကိန်း ပြန်စာချုပ် ချုပ်ဆိုရတာတို့ အပြင် လတ်တလော မြန်မာနယ်စပ်မှာ တရုတ်တပ်တွေက ကျည်လက်နက်အစစ်တွေ သုံးပြီး စစ်ရေး လေ့ကျင့်ခန်းတွေ လုပ်လာတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပါတယ်။

မြန်မာနဲ့ ဆက်ဆံရေး အဆင် မပြေခဲ့ရင် တရုတ်ဘက်က နစ်နာနိုင်တာက မြန်မာအစိုးရနဲ့ ချိတ်ဆက်ထားတဲ့ စီးပွားရေးဆိုင်ရာ အကျိုးရလဒ်တွေ၊ တရုတ်နိုင်ငံ အတွက် အရေးပါတဲ့ မြန်မာနိုင်ငံက ဓာတ်ငွေ့ပိုက်လိုင်း ကိစ္စတွေနဲ့ နောက်ဆုံး တရုတ်-မြန်မာ-အိန္ဒိယတို့ကို ဆက်သွယ်မယ့် ပိုးလမ်းမ ဆက်သွယ်ရေးဆိုင်ရာ ကိစ္စတွေမှာပါ ကြန့်ကြာ သွားနိုင်လို့ တရုတ်နိုင်ငံက MNDAA ကို ဖိအားပေးပြီး စစ်ရပ်ခိုင်းခဲ့တာလို့ တရုတ်-မြန်မာ နယ်စပ်အရေး လေ့လာ စောင့်ကြည့်သူတွေက ဆိုပါတယ်။

မြန်မာ – တရုတ် နယ်စပ်မှာ နှစ်ပေါင်း ၂၀ ကျော်နေထိုင်ခဲ့တဲ့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ သန်းစိုးနိုင်က “မြန်မာပြည် မြောက်ပိုင်းမှာ ရှိတဲ့ စစ်ပွဲတွေက တရုတ်ရဲ့မဟာဗျူဟာကို အဟန့်အတား ဖြစ်စေတယ်။ ကိုးကန့် ကလည်း တရုတ်ကို သိပ်လွန်ဆန်လို့ ရတဲ့ အခြေအနေ မဟုတ်ဘူး။ ကျနော့် အနေနဲ့ တပ်မတော်ကို ရွေးချယ်မှု မှန်ကန်စေချင်တယ်။ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းဖို့ ကိုးကန့်ကို NCA ထဲ ထည့်စဉ်းစားရမယ်” လို့ ပြောပါတယ်။

တနိုင်ငံလုံး အပစ်ရပ်ရေး စာချုပ် (Nationwide Ceasefire Agreement – NCA) ချုပ်ဆိုရာမှာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီက ချမှတ်ထားသည့် မူဝါဒအရ အပစ်ရပ်အဖွဲ့ ၁၅ ခုနဲ့သာ NCA စာချုပ် ချုပ်ဆို နိုင်မှာ ဖြစ်တယ် လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ အထူးအကြံပေး ဦးလှမောင်ရွှေက ဧရာဝတီကို ပြောပါတယ်။

ဦးလှမောင်ရွှေက “ကိုးကန့် အပစ်ရပ်တာကို MPC အနေနဲ့ မှတ်ချက်ပေးစရာမရှိဘူး၊ ဒါပေမယ့် ပြောရရင် ဘာမှ ထူးတယ် လို့တော့ မထင်ဘူး၊ ကိုးကန့်ကို လက်ခံလို့ မဖြစ်ဘူး။ KIO နဲ့ လက်မှတ်ထိုးတဲ့ ၁၅ ဖွဲ့ထဲမှာ KIO ကို သဘောတူတယ်။ တအာင်း (ပလောင်တပ်) တို့ AA (ရက္ခိုင့်တပ်မတော်) တို့နဲ့တော့ နည်းလမ်းရှာမယ် ဆို ဖြစ်နိုင်တဲ့ အခြေအနေ ရှိပါတယ်” လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီမှ ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင် ဦးအေးသာအောင် ကလည်း “ကိုးကန့်ဘက်က စပြီး အပစ်ရပ်တော့ NCA အောင်မြင်ဖို့ အစိုးရက ပိုပြီး သဘောထား ကြီးသင့်တယ်၊ ၃ ဖွဲ့လုံးကို လက်မှတ်လာထိုးဖို့ အစိုးရက ဖိတ်သင့်တယ်၊ အစိုးရရော တပ်မတော်ရော အမြင်ကျယ်ကျယ်နဲ့ သဘောထားကြီးတာကို ပြဖို့လိုတယ်” လို့ မှတ်ချက် ပြုပါတယ်။

တရုတ်နိုင်ငံက မြန်မာ့ ပြည်တွင်းရေးကို ဝင်စွက်ဖက်တဲ့ သဘောမျိုး မဟုတ်ပေမယ့် အခုငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မှာတောင် တရုတ်က အထူးကိုယ်စားလှယ်တွေ တက်တာမျိုးတွေ ရှိပါတယ်။

ကိုးကန့်အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းမြတ်လင်းက ကိုးကန့်အဖွဲ့နဲ့ တရုတ်အစိုးရမှာ တိုက်ရိုက်ဆက်ဆံမှု မရှိကြောင်း ငြင်းဆိုပြီး တရုတ်အစိုးရက မြန်မာ-တရုတ်နယ်စပ် အေးချမ်းစေချင်ကြောင်း တရုတ်သတင်းဌာနများ၏ ဖော်ပြချက်နဲ့ ၂၀၁၅ ရွေးကောက်ပွဲ ပြုလုပ်မယ့် အချိန် နီးကပ်လာခြင်း တို့ကြောင့် တဖက်သတ် စစ်ရပ်စဲရခြင်း ဖြစ်တယ် လို့ ဧရာဝတီကို ပြောပါတယ်။

ဒါပေမယ့် MNDAA အပါအဝင် ကိုးကန့် တိုက်ပွဲတွေမှာ ပါဝင်နေတဲ့ တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်မတော် (AA) တို့မှာ TNLA ကိုလည်း တရုတ် အစိုးရက တိုက်ပွဲ ရပ်တန့်စေလို ကြောင်း ပြောဆိုမှုတွေ ရှိခဲ့တယ်လို့ TNLA နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က စတင်ခဲ့တဲ့ ကိုးကန့်တိုက်ပွဲတွေ ကြောင့် နှစ်ဖက် ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့သလို စစ်ဘေးရှောင် ဒုက္ခသည်တွေလည်း အများအပြား ရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ် မတ်လအတွင်းမှာ MNDAA အဖွဲ့ကို စစ်ရေးဆိုင်ရာ အချက်အလက်တွေ ပံ့ပိုး ပေးနေတယ် လို့ သတင်း ထွက်နေတဲ့ ယူနန်ပြည်နယ်က တရုတ်စစ်ဗိုလ်ချုပ် တဦးဖြစ်သူ ဟွမ်ရှင်းကို တရုတ်ဗဟိုအစိုးရက အရေးယူခဲ့တယ်လို့ တရုတ် သတင်းတွေက ဆိုပါတယ်။

ကိုးကန့် တိုင်းရင်းသားများဟာ ၁၆ ရာစု ဝန်းကျင်က တရုတ်နိုင်ငံမှ စစ်ရှုံး၍ မြန်မာနိုင်ငံ မြောက်ပိုင်း တောင်တန်းများ ပေါ်သို့ ထွက်ပြေး တိမ်းရှောင်လာသည့် ဟန်မျိုးနွယ်စု ဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း၊ ကိုးကန့်ဒေသ တောင်တန်းများ ပေါ်တွင် အခြေချနေထိုင်ခဲ့ကြသူတွေ ဖြစ်ပါတယ် လို့ ကိုးကန့်-တရုတ် သမိုင်းစာအုပ်မှာ ဖော်ပြထားပါတယ်။

၁၉၅၀ ခုနှစ်မှာ ဟန်မျိုးနွယ်စု ခေါင်းဆောင် နှစ်ဦးက ဦးဆောင်ပြီး မြန်မာအစိုးရ လွှတ်တော်မှာ နိုင်ငံသားဖြစ်ခွင့် ပေးရန် အဆိုတင်ပြရာ အောင်မြင်ခဲ့လို့ ကိုးကန့်တွေဟာ မြန်မာတိုင်းရင်းသား ဖြစ်သွားတာလို့ တရုတ်သတင်းစာဆရာ ကျောက်စွတ်လုံက သူ့ရဲ့ ရွှေတြိဂံ မှတ်တမ်း စာအုပ်မှာ ရေးသားဖော်ပြခဲ့ ပါတယ်။

လက်ရှိ ကိုးကန့်ပြည်နယ်ရဲ့ လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီး၊ ဖုန်းလိုင်း၊ အင်တာနက်လိုင်း၊ ကြေးနန်း စာပို့ လုပ်ငန်းတွေ အားလုံးဟာ တရုတ် နည်းပညာတွေ ဖြစ်နေပြီး သုံးစွဲတဲ့ငွေကြေးက တရုတ်ယွမ်ငွေ ဖြစ်နေပါတယ်။

၂၀ဝ၁ ခုနှစ်မှာ ကိုးကန့် အဖွဲ့ခေါင်းဆောင်တွေနဲ့ တရုတ် ယူနန်ပြည်နယ် အစိုးရတို့ကြား နယ်နိမိတ် ထိန်းသိမ်း စောင့်ရှောက်ရေး၊ နယ်စပ်ကုန်သွယ်ရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို အတူတကွ လုပ်ဆောင်ဖို့ ဆွေးနွေးခဲ့ကြပြီး ကိုးကန့်အဖွဲ့က တရုတ်နိုင်ငံရဲ့ စီးပွားရေး အကူအညီကို တောင်းဆိုခဲ့တယ် လို့ ထိုစဉ်က တွေ့ဆုံပွဲကို ဖိတ်ကြားခံခဲ့ရတဲ့ တရုတ်သတင်းစာဆရာ ကဲ့စုရာက ၎င်းရဲ့ ရွှေတြိဂံ နယ်မြေ မှတ်တမ်းမှာ ရေးသားထားခဲ့ပါတယ်။

အဲဒါတွေကြောင့် မြန်မာနိုင်ငံမှာ ကိုးကန့်အဖွဲ့ကို အကြောင်းပြုပြီး တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှု တိုးမြင့်လာနေတာ ကို ကမ္ဘာမှာ ရုရှားက ခရိုင်းမီးယား ဒေသကို အကြောင်းပြုပြီး ယူကရိန်း အရေးမှာ ဝင်ရောက်စွက်ဖက်မှု ရှိနေတာကို ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက ထောက်ပြလျက်ရှိပါတယ်။ ။

No comments: