Monday, June 29, 2015

ကျောက်တော်မြို့နယ် အပေါက်ဝတွင် ရခိုင်အမျိုးသားပါတီ ရုံးဖွင်

စံမောင်သန်း

ရခိုင်အမျိုးသားပါတီ၏ ပါတီရုံးသစ်ဖွင့်ပွဲ၊ ဆိုင်းဘုတ်စိုက်ထူပွဲနှင့် လူထုတွေ့ဆုံပွဲကို ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာ ရန်တားစုတွင် ဇွန်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆိုင်းဘုတ် စိုက်ထူခြင်းကို နံနက် ၈ နာရီ ၃၀ တွင် ပြုလုပ်ပြီး၊ လူထုတွေ့ဆုံပွဲကို နံနက် ၉ နာရီ၌ ရန်တားဘုန်းတော်ကြီးကျောင်း၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ပါတီ ဒုဥက္ကဋ္ဌများ ဖြစ်ကြသော ဒေါ်အေးနုစိန်၊ ဦးခိုင်ပြည်စိုး၊ တွဲဘက်အတွင်းရေးမှူး ဦးသာထွန်းလှတို့ အါအ၀င် ပါတီ ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် ကျေးရွာသားများ တက်ရောက်ခဲ့သည်။

ပါတီ ဒုဥက္ကဋ္ဌ ဦးခိုင်ပြည်စိုးကပြည်သူများသို့ ရှင်းလင်းပြောကြားရာတွင် မြန်မာနိုင်ငံတွင် နိုင်ငံရေး၌ ယခင်မှ ယခုထိ ရှမ်းပြည်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့သည် ထိပ်တန်းရောက်ပြည်နယ်နှစ်ခုဖြစ်ပြီး ၁၉၉၀ ခု ရွေးကောက်ပွဲနှင့် ၂၀၁၀ ရွေးကောက်ပွဲတို့တွင် သက်ဆိုင်ရာအမျိုးသားပါတီများက လွှတ်တော်ကိုယ်စားလှယ် အများစု အနိုင်ရကာ နိုင်ငံတကာက အလေးထားသည့် ပြည်နယ်များဖြစ်ကြသည် ပြောသည်။

ရခိုင်အမျိုးသားပါတီ ဗဟိုအတွင်းရေးမှူး ဦးသာထွန်းလှကလည်း မိမိတို့ ကိုယ်ပိုင်အမျိုးသားပါတီ ရှိရန် လိုအပ်ခြင်းနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ရခိုင်တွေအနေနဲ့ ၁၉၄၈ ခုနှစ် မတိုင်မီနဲ့ ၁၉၄၈ ခု လွတ်လပ်ရေးရခါစတုန်းက ကိုယ်ပိုင် အမျိုးသားပါတီ မရှိခဲ့တဲ့အတွက် ကိုယ်ပိုင်အမျိုးသား နိုင်ငံရေးရပ်တည်ချက်မရှိခဲ့ကြဘူး။ ဖဆပလ ပါတီမှာပဲ ၀င်ရောက်ပြီး နိုင်ငံရေးလုပ်ခဲ့ကြတယ်။ ကချင်တို့၊ ချင်းတို့၊ ရှမ်းတို့ဟာ လွတ်လပ်ရေးရပြီးတဲ့နောက်မှာ ပြည်နယ်ဖွဲ့စည်းခွင့်ရရှိခဲ့ကြတယ်။ ရခိုင်တွေအတွက်တော့ ပြည်နယ်မပေးခဲ့ဘူး”ဟု ဦးသာထွန်းလှက ပြောသည်။

နောက်ပိုင်းတွင် ရတည ပါတီကိုဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ကို တောင်းဆိုသည့်အခါ၌လည်း ဖဆပလ ပါတီရှိ ရခိုင်အမတ်များက ရခိုင်ပြည်နယ်ရရှိရေးကို ကန့်ကွက်ခဲ့ကြကြောင်း၊ ယနေ့ ကာလတွင်လည်း ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် တိုက်ပွဲဝင်ရာတွင် မိမိတို့ ပြည်နယ်အတွက် ရပ်တည်လုပ်ဆောင်မည့် ရခိုင် အမျိုးသားပါတီ လိုအပ်သည်ဟု ၄င်းကပြောသည်။

“ပါတီတွင်း အမင်္ဂလာစကားတွေ ကြားနေရလို့ စိတ်မချမ်းသာဖြစ်နေရတယ်။ ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်က ရခိုင်အမျိုးသားပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြိုကွဲသွားနိုင်တယ်လို့ ပြောဆိုသံတွေ ထွက်ပေါ်လာပါတယ်။ ပြိုမယ်ဆိုတာကို လေသံတောင်မကြားချင်ဘူး။ အမျိုးသား စည်းလုံး ညီညွတ်ရေး တည်ဆောက်ရေးအတွက် ပါတီနှစ်ခုကို ပေါင်းနိုင်ခဲ့လို့ ရခိုင်အမျိုးသားတွေ လက်မ ထောင်နိုင်ခဲ့ကြတယ်” ဟု ရခိုင်အမျိုးသားပါတီ ဗဟိုဒုဥက္ကဋ္ဌဖြစ်သူ ဒေါ်အေးနုစိန်က ပြောသည်။

နိုင်ငံတကာ၌ ဒီမိုကရက်၊ Republican စသည်ဖြင့် ပါတီများက မိမိတို့ပါတီကို နှစ်ရာချီတည်တံ့အောင် ရပ်တည်ပြီး နိုင်ငံရေးလုပ်လာနိုင်ခဲ့ကြသည်။ မိမိတို့ ကြိုက်သည်ဖြစ်ဖြစ်၊ မကြိုက်သည်ဖြစ်ဖြစ် တရုတ်ပြည်ကွန်မြူနစ်ပါတီသည်လည်း နှစ်ပေါင်းမြောက်များစွာ ရပ်တည်လာနိုင်ခဲ့သောပါတီဖြစ်သည်။ မိမိတို့ အနေဖြင့် ပါတီပြိုကွဲရေကို ဦးတည်စကားမပြောဘဲ ပါတီတည်တံ့အောင် မည်သို့လုပ်ဆောင်ကြမည်ကို စဉ်းစားကြရမည်။ မူမကောင်းမလျှင် မူကိုပြင်ရမည်။ လူမကောင်းလျှင် လူကို ပြင်ရမည်ဟု ဒေါ်အေးနုစိန်က ပြောသည်။

လူထုတွေ့ဆုံပွဲကို နံနက် ၉ နာရီတွင် စတင်ပြီး မွန်းတည့် ၁၂ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။ အခမ်းအနားသို့ ပါတီဗဟိုမှ ဒုဥက္ကဋ္ဌနှစ်ဦး၊ အတွင်းရေးမှူးတစ်ဦး၊ မြို့နယ်ခေါင်ဆောင်းများ၊ ကျေးရွာကော်မတီဝင်များနှင့် စိတ်ပါဝင်စားသူ ကျေးရွာသား ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရခိုင်အမျိုးသားပါတီ၌ ၂၀၁၅ ရွေးကောက်ပွဲအတွက် လွှတ်တော်ကိုယ်စားများကို ရွေးချယ်လျက်ရှိရာ တချို့နေရာများ၌ အငြင်းပွားမှုများဖြစ်ပွားလျက်ရှိပြီး၊ ရသေ့တောင်နှင့် မာန်အောင် မြို့နယ်တို့၌ မြို့နယ်ပြင်ပမှ လာရောက်အရွေးခံသူများကို ကန့်ကွက်ဆန္ဒပြမှုများလည်း ဖြစ်ပေါ်ခဲ့သည်။

No comments: