Monday, June 29, 2015

မင်းပြားတွင် ဂုဏ်ပြု ထားရှိမည့် ဦးဥတ္တမကြေးရုပ်တု ရောက်ရှိ

စံမောင်သန်း


မင်းပြားမြို့တွင် ဂုဏ်ပြု ပူဇော် ထားရှိမည့် ဆရာတော်ဦးဥတ္တမ ကြေးသွန်းရုပ်တုသည် ဇွန်လ ၂၁ ရက်နေ့က မင်းပြားမြို့သို့ ရောက်ရှိလာကြောင်း မင်းပြားမြို့ခံ ဦးသိန်းစံက ပြောသည်။

ယင်း ဆရာတော်ရုပ်တုမှာ အမြင့် ၇ ပေရှိပြီး ကြေးပိဿာချိန် ၂၂၀ ပိဿာရှိကြောင်း၊ မြောက်ဦးမြို့မှ ကြေးသွန်းပညာရှင် ဦးဦးကျော်ညွန့်က သွန်းလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းရုပ်ထုကို ယခုအခါ မင်းပြားမြို့ဓမ္မာရုံ၌ထားရှိပြီး မည်သည့်နေရာ၌ စိုက်ထူမည်ကို မြို့သူမြို့သားများနှင့် သံဃာတော်များကို ဆွေးနွေးညှိနှိုင်းကြမည် ဖြစ်သည်။

ဆရာတော်ဦးဥတ္တမ ကြေးရုပ်ထု သွန်းလုပ်ရေးကို မင်းပြားမြို့နယ် သံဃာ့နာယကဥက္ကဋ္ဌက ဦးစီးဦးဆောင် ပြုလုပ်ခဲ့ပြီး မြို့ခံများက ငွေကြေးပါဝင်ခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။

ဆရာတော်ဦးဥတ္တမသည် မြန်မာနိုင်ငံ အင်္ဂလိပ်နယ်ချဲ့တို့ လက်အောက်မှ လွတ်လပ်ရေးရရှိရန် တိုက်ပွဲဝင်ရာ၌ နိုင်ငံရေးမျိုးစေ့ကို ချပေးခဲ့သူဖြစ်သည်။ ရခိုင်ပြည်သူတို့က ဆရာတော်ကို ဂုဏ်ပြုသည့်အနေဖြင့် ဆရာတော်ဦးဥတ္တမရုပ်ထုကို ရခိုင်ပြည်နယ်ရှိ မြို့နယ်များတွင် စိုက်ထူလျက်ရှိကြောင်း သိရသည်။

No comments: