Sunday, June 28, 2015

ပြည်ပရောက် မြန်မာနိုင်ငံသားများ မဲပေးနိုင်

DVB

၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် (သို့) နိုဝင်ဘာလဆန်းမှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ မဲပေးနိုင်ရေးအတွက် စာရင်းပေးကြဖို့ အမေရိကန် အခြေစိုက် မြန်မာ သံရုံးက ထုတ်ပြန်ကြေညာပါတယ်။

ဇွန် ၂၅ ရက်စွဲနဲ့ အမေရိကန်အခြေစိုက် မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ မဲပေးခွင့်ရှိတဲ့သူတိုင်း မဲပေးနိုင်တဲ့ အခွင့်အရေး မဆုံးရှုံးစေဖို့ ကျန်နေသေးတဲ့ ၂၀၁၅ အောက်တိုဘာ လကုန်မှာ အသက် ၁၈ နှစ်ပြည့်မယ့်သူတွေကို သက်ဆိုင်ရာ ကောင်စစ်ဝန်ချုပ်ရုံး၊ မြန်မာသံရုံးနဲ့ အဖွဲ့ရုံးတွေမှာ စာရင်းပေးသွင်းဖို့ နှိုးဆော်ထားပါတယ်။

မြန်မာအစိုးရရဲ့ ခွင့်ပြုချက် (သို့) အမေရိကန်ပြည်ထောင်စုမှာ တရားဝင် ၀င်ရောက်နေထိုင်တဲ့ မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်တဲ့ မြန်မာနိုင်ငံသား စာရင်းကို ၂၀၁၄ သြဂုတ်လကုန်ပိုင်းကတည်းက ပြုစုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

မြန်မာတွေ သိန်းနဲ့ချီ အလုပ်လုပ်နေကြတဲ့ စင်ကာပူမှာတော့ မြန်မာသံရုံးက တရားဝင် ထုတ်ပြန်ကြေညာတာမျိုး မရှိသေးဘဲ မြန်မာတွေအချင်းချင်း သံရုံးဝက်ဘ်ဆိုဒ်ကယူပြီး ပုံစံဖြည့်နေတာမျိုးပဲ ရှိတယ်လို့ စင်ကာပူမှာအလုပ်လုပ်တဲ့ ဦးအောင်ခိုင်က ပြောပါတယ်။

“သံရုံးက ကြေညာချက် မထုတ်ပါဘူး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ ၀က်ဘ်ဆိုဒ်ကမြင်လို့ လူတွေက ရှယ်ကြတာ၊ မြန်မာသံရုံးဝက်ဘ်ဆိုဒ်မှာ တဆင့်တဆင့် ၀င်လိုက်ရင် ၂၀၁၅ ရွေးကောက်ပွဲဆိုတာလေးရှိတယ်၊ အဲ့ဒါကို လူတွေက မိတ္တူဆွဲ ဖြည့်ပြီးတော့ ပို့တာတို့ ဘာတို့လုပ်ကြတာ။”

အလားတူ မြန်မာအများစု သန်းနဲ့ချီ အလုပ်လုပ်နေကြတဲ့ ထိုင်းနိုင်ငံ၊ မြန်မာသံရုံးကလည်း မဲပေးဖို့ကိစ္စ ခုချိန်ထိ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

No comments: