Tuesday, June 30, 2015

အဖြေ ရှာမရသေးတဲ့ လယ်ယာမြေသိမ်းပြဿနာများ

မေစစ်ပိုင်

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စုရှိ ရေပူကျေးရွာသားများပိုင် လယ်ယာမြေများကို စစ်တပ်က သိမ်းဆည်း ခဲ့သဖြင့် ဒေသခံကျေးရွာသား အသက် ၆၂ နှစ်အရွယ် ဦးမြင့်အောင်သည် မေလ ၁၂ ရက်က ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီဖြင့် မီးရှို့ ခြင်းဖြင့် မြေသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြရာမှ သေဆုံးခဲ့သည်။

ဦးမြင့်အောင် နေထိုင်ရာ ရေပူကျေးရွာရှိ ရွာသားများ၏ လယ်ယာမြေဧကပေါင်း မြောက်မြား စွာကို အရှေ့တိုင်း စစ်ဌာန ချုပ် က ၂၀၁၄ ခုနှစ်တွင် သိမ်းယူခဲ့သည့်အပေါ် ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ ရင်း အသက်ဆုံးရှုံးခံခဲ့သည့် လယ်သမား တဦး ဖြစ်သည်။

“နောက်ဆုံးတော့ သူ စာရေးထားတယ်လို့ပဲ ပြောသွားတယ်။ ၃ ထပ်သားပေါ်မှာ စစ်တပ်သိမ်း ထားတဲ့မြေများ ပြန်ပေးပါ။ အကျိုးတူ ဖက်စပ်တူ မြေပြန်ပေးပါ။ မောင်နိုင် မြေတိုင်း (ခြစား) အလိုမရှိ၊ ရာအိမ်မှူးတင်ရွှေ အလိုမရှိလို့ ရေးထားတာပါ” ဟု သေဆုံးသွားသည့် လယ်သမား ဦးမြင့်အောင်၏ မိသားစုဝင် ဒေါ်မော်မော်ဦးက ပြောသည်။ ဦးမြင့်အောင်ကဲ့သို့ပင် နိုင်ငံ တဝန်းမှ လယ် သမားအများအပြားမှာ လယ်ယာမြေ ပြဿနာများ၊ စားဝတ်နေရေး ပြဿနာ များနှင့် ဆန္ဒပြမှု များကြောင့် အာဏာပိုင်များ၏ တရားစွဲဆို ထောင်ချမှုများကို ဆက်တိုက် ကြုံတွေ့နေကြရသည်။

ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဗြောသလန်းကျေးရွာမှ လယ် ၁၀ ဧကကျော် သိမ်း ဆည်းခံထားရသည့် လယ်သမား ကိုတင်မောင်လွင် က “အသိမ်းဆည်းခံခဲ့ရတဲ့မြေတွေ ပြန်ရဖို့ လယ် သမားတွေစုစည်းပြီး သမ္မတ၊ ဒုသမ္မတ ရော၊ စစ်တပ် ဘက်ကိုရော အသနားခံစာတွေတင်တာ ဖန်တရာ တေနေပြီ။ လယ်/စီ ကော်မတီတွေကလည်း ပိုက်ဆံ တွေယူပြီး လုပ်စားနေကြတယ်လို့ ကျနော်တို့မြင် တယ်။ လယ်သမားတွေက ပြေစာလေး တစောင် လောက်လုပ်ပေးပါဆို မလုပ်ပေးဘူး။ ရဲတွေကလည်း ကျနော်တို့ဘက်ကမပါဘူး” ဟု ဧရာဝတီကို ပြောသည်။

လယ်များ သိမ်းဆည်းခံခဲ့ရပြီး နောက်ပိုင်း စားဝတ်နေရေးအတွက် ခက်ခဲစွာ ရုန်းကန်နေရပြီး စားရန်လောက်ငရုံမျှ သာရှိ သည်ဟု မိသားစုဝင် ၁၀ ဦးရှိသည့် ကိုတင်မောင်လွင်က ဆိုသည်။ အလားတူ ဧရာဝတီတိုင်းဒေသကြီး ညောင် တုန်းမြို့ နယ် ဗြောသလန်းနှင့် အင်းမကျေးရွာ ၂ ရွာ မှ လယ်သမား ၇၀ ကျော် ပိုင်ဆိုင်သည့် လယ်ဧက ၁၉၉၉ ဒသမ ၂၁ ဧကကို မြို့နယ်မှ ဖွဲ့စည်းထားသည့် စိုက်ပျိုးရေး တိုးမြှင့်မှုအဖွဲ့ (စိုက်၊ တိုး၊ မြှင့်) က အကြောင်းပြချက်မပေးဘဲ ၂၀ဝ၅ ခုနှစ်ခန့်က သိမ်း ဆည်းခဲ့ပြီး လုပ်ငန်းရှင်တဦးသို့ လုပ်ကိုင်ခွင့်ပေးလိုက် သဖြင့် လုပ်ကိုင်ခွင့်ရရှိသွားခဲ့သည့် လုပ်ငန်းရှင်နှင့် လယ်သိမ်း ခံခဲ့ရသည့် လယ်သမားများမှာလည်း ထိပ်တိုက်တွေ့ဆုံ ခိုက်ရန်ဖြစ်ပွားမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြသည်ဟု ဒေသခံ များ က ပြောဆိုခဲ့သည်။

လတ်တလော၌ အဆိုပါမြေနေရာများတွင် သိမ်းဆည်းခံခဲ့ရသည့် လယ်သမားအချို့က ဝင်ရောက် ထွန်ယက်ခဲ့ရာမှ ခိုက် ရန် ဖြစ်ပွားမှုနှင့် ဓားထိုးမှုအထိ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ အစိုးရက ပြန်ပေးသည်ဆိုသည့် လယ်ယာ မြေ အများစုမှာ အောက်ခြေဝန်ထမ်းများ၏ အကျင့်ပျက် ခြစားမှုများကြောင့် မူလပိုင်ရှင် လယ်သမားများသည် မြေယာများ ပြန်မရကြ ကြောင်း လယ်သမားအရေး ဆောင်ရွက်သူများက ဝေဖန်ပြောဆိုကြသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းက “တလွဲ တချော်ပေးနေတာကို သက်ဆိုင် ရာ အောက်ခြေမှာ ရှိတဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ ပြောထားတယ်။ အရေးယူရင်လည်း အများသိအောင် ကြေညာပေးဖို့ ပေါ့။ သူတို့က အများကြီးချမ်းသာနေတဲ့သူတွေဆိုရင် အလုပ်ပြုတ်ရုံလောက်နဲ့ ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့ရဲ့ နာမည်ဂုဏ်သိက္ခာကိုပါ ထိခိုက် အောင်ကြေညာပေးဖို့ တောင်းဆိုထားတယ်” ဟု ပြောသည်။

လွှတ်တော်အတွင်းတင်သွင်းထားသည့် အစိုးရ၏ ဗဟိုမြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီ အစီရင်ခံ စာ၌ မြေယာဧက မည်မျှ သိမ်းဆည်းခဲ့သည်ကို ဖော်ပြမထားကြောင်း၊ မြေယာ ပြန်လည်ပေးအပ်ရာ တွင် မည်သူ့ကိုပြန်လည် ပေးအပ် ကြောင်း၊ မည်သည့် ဒေသမှဖြစ်သည်ကို တိကျစွာ ဖော်ပြမထားဟု လွှတ် တော်ကိုယ်စားလှယ် အများအပြားက ပြောဆို ကြသည်။

ထို့ကြောင့် အစိုးရ ကော်မတီ၊ လွှတ်တော်နှင့် သိမ်းဆည်းခံတောင်သူများ ပါဝင်သည့် သုံးပွင့်ဆိုင် တွေ့ဆုံမှုကို ပြုလုပ် သင့်ကြောင်း၊ ထို့အပြင် တောင်သူ များကို တရားစွဲ ထောင်ချနေသည်များကို အစိုးရ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြရန် လိုအပ် ကြောင်း၊ လျော်ကြေးပေးရေးကိစ္စနှင့် ဥပဒေတရပ် ရေးဆွဲပြဋ္ဌာန်းရေးတို့ကို အလျင်အမြန် ပြုလုပ်ရန် လွှတ်တော် ကိုယ်စားလှယ်များက အစိုးရသို့ တောင်း ဆိုထားသည်ဟု သိရသည်။

“အောက်ခြေဝန်ထမ်းတွေက ပိုက်ဆံပေးနိုင်သူ ကို ဒီမြေက ဂရန်မပေါက်ဘူးဆိုပြီး မြေလွတ်မြေရိုင်း လုပ်ပိုင်ခွင့် လျှောက်ခိုင်း ပြီး ကြားထဲကနေ ပေးလိုက် တာ။ တကယ်က မူလပိုင်ရှင်တွေ လက်ထဲမှာ အခွန် ပြေစာတွေရှိတယ်။ အဲဒါတွေကို မြေ/စီ ကော်မတီ က အသိအမှတ်မပြုဘူး။ တချို့ကိစ္စတွေမှာ ဥပဒေနဲ့ အညီ ညစ်လို့လည်းရတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ဆိုသည်။

သို့သော် ဒုသမ္မတ ဦးဉာဏ်ထွန်းဦးဆောင်သည့် လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ (လယ်/စီ ကော် မတီ) က စစ်အစိုးရ လက်ထက်၌ အကြောင်းအမျိုးမျိုး ပြ၍ သိမ်းဆည်းခဲ့သည့် လယ်ယာမြေများကို စိစစ်မှု များပြုလုပ်၍ မူလပိုင်ရှင်လက်ထဲသို့ ပြန်ထည့် ပေး လျက်ရှိသည်ဟု ယနေ့အချိန်ထိ တုံ့ပြန်ပြောဆိုနေဆဲ ပင် ဖြစ်သည်။ အဆိုပါကော်မတီ သည် ၂၀၁၂ ခုနှစ်မှ စတင် ကာ လယ်သမားများ၏ လှုပ်ရှားမှုများ ဆက်တိုက် ဖြစ်လာပြီး နောက်ပိုင်း ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီးသက် ဆိုင်ရာဒေသ အလိုက် ကော်မတီ၊ ကော်မရှင်များစွာ ဖြင့် ထပ်မံခွဲခြားဖွဲ့လိုက်ပြီး လယ်ယာမြေ ပြန်ပေး ရေးအတွက် အလုပ်လုပ် ရသည် ဟု သိရသည်။

“ဒီအလုပ်က တော်တော်ရှုပ်ထွေးပါတယ် တကယ်လုပ်ကြည့်မှသိပါမယ်။ တချို့လည်း ဒီအပေါ် မူတည်ပြီး စီးပွားရေး လုပ်စား နေတာ အများကြီးပါ။ တချို့လည်း အကြောင်းအမျိုးမျိုးပြ ဖန်တီးနေတာ အများကြီးဆိုတာ အကုန်သိပါတယ်။ ကျနော်တို့က ဆောင်ရွက်ဖို့ စေတနာရှိလို့ စေတနာပါပါနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ စိစစ်ရန် ကျန်ရှိနေတာကို ဆက်လက် ရှင်းသွားမှာ ဖြစ်ပါတယ်။ ပိုင်ရှင်မှာ သူပိုင်တယ် ငါပိုင်တယ် ဖြစ်နေတဲ့အတွက် ပေးတာမှားမှာစိုးရိမ်လို့ စိစစ်နေ တဲ့အပိုင်းတွေ ပါတယ်”ဟု လယ်ယာမြေ စီမံခန့်ခွဲမှု ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထဲရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ၁၂ ကြိမ် မြောက် ပြည်သူ့ လွှတ်တော် ပုံမှန်အစည်အဝေးတွင် ပြောဆိုထားသည်။

အစိုးရ ဦးဆောင်ဖွဲ့စည်းထားသည့် လယ်ယာ မြေ စီမံခန့်ခွဲမှု ကော်မတီများသည် ကျေးလက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း ဒေသ ကြီး နှင့် ဗဟိုအဆင့်ဟူ၍ ၅ ဆင့်ရှိကြောင်း၊ အဆင့်တိုင်းရှိ ကော်မတီများ၏ ဥက္ကဋ္ဌများသည် အထွေထွေ အုပ်ချုပ်ရေးမှူး နှင့် ဝန်ကြီးချုပ်ကဲ့သို့သော အာဏာပိုင်အဆင့်မှ ပုဂ္ဂိုလ် များက ဦးဆောင်နေကြောင်း၊ အောက်ခြေမှ အဆင့် ဆင့် မမှန် မကန် ပြုလုပ်မှုနှင့် အကျင့်ပျက်ခြစားမှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ ကော်မတီများတွင် အမှန်တကယ် သိမ်းဆည်းခံနေရသည့် လယ်သမားများနှင့် လွှတ် တော်ကိုယ်စားလှယ်များ ပါဝင် မဖွဲ့စည်းထားကြောင်း သိရသည်။

“အစိုးရ ပြန်ပေးတဲ့မြေကို မရတဲ့ လယ်သမား အမှုတွေ ကျနော်တို့ ကွန်ရက်ဆီကို အဆက်မပြတ် လာနေတယ်။ လယ်ယာ မြေ အမှုပေါင်း ၃၀ဝ၀ဝ ကျော် ရှိနေတယ်။ နောက်ပြီး အောက်ခြေခြစားမှု ပြဿနာတွေ ဖြစ်တယ်။ သူတို့တွေ ရှင်းနိုင်တာ ၅၊ ၆ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်။ လယ်ယာမြေ စီမံ ခန့်ခွဲမှုကော်မတီတွေကို ဖျက်သိမ်းပစ်ရမယ်။ လယ် သမား ကိုယ်စား လှယ်တွေ ပါဝင်တဲ့ ခုံရုံးတွေ သီးခြား ဖွဲ့ပေးရမယ်။ လယ်သမားတွေက ဘယ်လိုမှ နာလန် မထူနိုင်တော့ဘူး” ဟု တောင်သူလယ်သမား အကျိုး ဆောင်ကွန်ရက်မှ ဦးဇော်ရန်းက ပြောသည်။

လိုအပ်ချက်များရှိနေသည့် ၂၀၁၂ ခုနှစ် လယ် ယာမြေဥပဒေကို အစိုးရက ပြင်ဆင်ရမည်ဖြစ်ပြီး အမှန်တကယ် နစ်နာနေသူ လယ်သမားများ၏ အခွင့်အရေးကို အလေးအနက် ထားသင့်သည်ဟု လယ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်ကြ သည်။

အစိုးရ ဦးဆောင်ဖွဲ့စည်းထားသည့် မြေအသုံး ချမှု စီမံခန့်ခွဲမှု ဗဟိုကော်မတီက တောင်သူလယ် သမားများ၏ လယ်ယာ မြေ သိမ်းဆည်းခံရမှုများ တိုင်ကြားလာသည့်အပေါ် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်မှ ၂၀၁၅ ခုနှစ်၊ မေ ၁၅ ရက်အတွင်း တိုင်ကြားမှု ၁၄၉၉၉ မှုတွင် ၇၆၉၇ မှုကို ဖြေရှင်းပေး ခဲ့သည့်အတွက် ၆၈၀၂ မှုသာ ကျန်ရှိကြောင်း ပြောဆိုခဲ့သည်။

လယ်ယာမြေ သိမ်းဆည်းခံရမှု အများဆုံး ဖြစ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တခုတည်းတွင် ၂၀၁၂ ခုနှစ်မှ ၂၀၁၅ ခုနှစ် မတ်လအထိ ၃ နှစ်တာ ကာလအတွင်း ဗဟိုကော်မတီမှ ရရှိထားသည့် မြေယာအစီရင်ခံစာ ၁၅ စောင်တွင် တိုင်ကြားမှု ၁၇၃၈ မှုရှိခဲ့ပြီး အစိုးရဖြေရှင်းရန် ၉၂၅ မှု ကျန်နေ သေးကြောင်း၊ ကျန်အမှုများကို ကော်မတီက လွှတ် တော်ကိုယ်စားလှယ်များနှင့် ပူးပေါင်းဖြေရှင်းမည် ဖြစ်ကြောင်း သိရသည်။

စားနပ်ရိက္ခာ ဖူလုံမှု ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(FSWG) ၏ စစ်တမ်း တွင် မြန်မာတနိုင်ငံလုံးမှ တောင်သူများ အသိမ်းဆည်းခံထားရသည့် လယ်မြေ ဧကပေါင်း ၆ သန်းကျော်ရှိပြီး ၄ သန်းခန့်မှာ စစ်တပ်က သိမ်းဆည်းခဲ့ခြင်း ဖြစ်ကြောင်း သုံးသပ် ဖော်ပြထားသည်။

“တနိုင်ငံလုံးမှာ လယ်ဧက သိန်း၊ သန်းချီပြီး အသိမ်းဆည်းခံနေတာကို ကြည့်မယ်ဆိုရင် ဆိုးဆိုး ဝါးဝါးကိစ္စဖြစ်နေတာ၊ ဒီကိစ္စကို ဘယ်လိုရပ်တန့်နိုင် မလဲ၊ ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ပညာရှင်ဆန်သော အစီရင်ခံစာ သုံးသပ်ချက်တွေ လုပ်ဆောင်သင့်ပေ မယ့် ဒါတွေကို လုပ်ဆောင်မှု အားနည်းနေခြင်းက လူအများထောက်ပြနေတဲ့ အချက်တွေ ဖြစ်ပါတယ်” ဟု Equality Myanmar အဖွဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ပြပြောဆိုသည်။

လယ်သမားများကို ခိုးမှု၊ အိမ်ကျော်နင်းမှု စသည့် ပုဒ်မများတပ်၍ ဖမ်းဆီးထောင်ချနေခြင်း သည် ရှိထားသည့်ဥပဒေကို လိုသလို အသုံးချပြီး ခြိမ်းခြောက်သည့်သဘော သက်ရောက်နေသဖြင့် တရားဥပဒေစိုးမိုးမှုအပေါ် လူအများ အယုံအကြည် မဲ့လာနိုင်သည်ကို အာဏာပိုင်များအနေဖြင့် သဘော ပေါက်သင့်သည်ဟု လူ့အခွင့်အရေး လှုပ်ရှားဆောင် ရွက်သူများက ထောက်ပြကြသည်။

ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက “အစိုးရဖွဲ့ထားတဲ့ ကော်မတီက နစ်နာခဲ့တဲ့ ပြည်သူ တွေရဲ့လယ်ယာမြေတွေ ပြန်လည် ရရှိနိုင်အောင် ဆောင်ရွက်စေခဲ့ပေမယ့် မြေပြင် အခြေအနေနဲ့ လုံးဝမတူတာတွေ တွေ့နေရတယ်။ စွန့်လွတ်ပါတယ်ဆိုပြီးတော့ ကိန်းဂဏန်း အရေ အတွက်အားဖြင့်သာ ဖော်ပြထားတာ ဘယ်သူကို စွန့်လွတ်တယ် ဆိုတာမျိုးအပြင် အမှုတမှုချင်း သီးခြားဖော်ပြတာ၊ ဒေသအလိုက် ဖော်ပြတာမျိုး လည်း မရှိဘူး” ဟု ပြောသည်။

“အစီရင်ခံစာအပေါ် လွှတ်တော်မှာ လာရှင်းပြ တော့ သူတို့တွေက သိမ်းထားတဲ့ မြေဧကတွေကို မှန်မှန်ကန်ကန် မဖော်ပြ နိုင်ဘူး။ လယ်သမားတွေ ခမျာ အချင်းများမှုတွေ ဖြစ်တယ်။ တရားမျှတစွာ ဖြေရှင်းခွင့်မရဘဲ ကျူးကျော်သူ များအဖြစ် ၄၄၆/ ၄၄၇ စည်ပင်အက်တွေနဲ့အပြစ်ခံ အဆုံးစွန်အသက် သေရတဲ့အထိ ကြုံနေရတာတွေကို အစီရင်ခံစာထဲ မှာ တစုံတခုမှ ဖော်ပြထားတာမရှိဘူး” ဟု ဒုသမ္မတ ဦးဉာဏ်ထွန်း ဦးဆောင်ဖွဲ့စည်းထားသည့် လယ်ယာ မြေစီမံခန့်ခွဲမှု ကော်မတီ၏ အစီရင်ခံစာနှင့် ပတ်သက်ပြီး ဦးမင်းသူက ဝေဖန်ပြောဆိုသည်။

၂၀၁၄ ခုနှစ်ကုန်ပိုင်းက ဧရာဝတီတိုင်းဒေသ ကြီး၊ မော်ကျွန်းမြို့နယ်က လယ်သမား မိသားစုဝင် ၆ ဦးကို လယ်ပေါင် ခံထားသူ၊ အုပ်ချုပ်ရေးမှူးနှင့် အာဏာပိုင်တချို့ ပူးပေါင်းပြီး အိမ်ကျော်နင်းမှု၊ ခိုးယူမှု ပုဒ်မများဖြင့် ထောင်ဒဏ် ၆ လ ချခဲ့ကြောင်း၊ မွန်ပြည်နယ် သထုံမြို့နယ်အတွင်းမှ လယ်သမား ၉ ဦးကို အာဏာပိုင်များက အိမ်ကျော်နင်းမှု၊ ကျူးကျော် ဝင်ရောက်မှု ပုဒ်မများဖြင့် ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခဲ့သည်ဟု တောင်သူလယ်သမား အကျိုးဆောင် ကွန်ရက်မှ သိရှိရသည်။ ထိုဖြစ်ရပ်များသည် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသက်တမ်းအတွင်း အဖြေရှာမရသေးသည့် အခြေအနေတွင် ရှိနေဆဲ ဖြစ်သည်ကို တွေ့မြင်ရသည်။

No comments: