Tuesday, June 30, 2015

ဦးသိန်းစိန်အစိုးရ လက်ထက် ကလေးသူငယ်အခွင့်အရေးလုပ်ငန်းဖော်ဆောင်မှု နောက်ဆက်တွဲစာချုပ်ထိုးခြင်းသာရှိဟုဆို

ဟိန်းကိုစိုး

ဦးသိန်းစိန်းအစိုးရက ကလေးသူငယ် အခွင့်အရေးနှင့် ပတ်သက်ပြီး ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးစာချုပ်၏ နောက်ဆက်တွဲ CRC –Convention on the Rights of the Child (OP-SC) စာချုပ် တစ်ခုသာ လက်မှတ် ထိုးနိုင်ခဲ့သည်ဟု လူ့အခွင့်အရေးလုပ်ဆောင်နေသည့် Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဇွန်လ ၂၈ရက်တွင် မဇ္ဈိမကို ပြောသည်။

“ကလေးတွေနဲ့ ပက်သက်ပြီးတော့ စာချုပ်ထိုးထားတယ်ပဲ သိတယ်၊ ဘာတွေ အကောင်အထည်ဖော်နေတယ် ဆိုတာ ဘာမှမသိရဘူး။ စာချုပ်လက်မှတ်ထိုးရုံပဲ မဟုတ်ဘဲ စာချုပ်ပါ အချက်တွေက ဘာတွေဆိုတာကို အားလုံးကို ချပြရမယ်” ဟု ၎င်းကဆိုသည်။

နောက်ဆက်တွဲစာချုပ်ဖြစ်သည့် ကလေးများအားရောင်းချခြင်း၊ ပြည့်တန်ဆာအဖြစ် အသုံးပြုခြင်း ညစ်ညမ်းစာပေများတွင် အသုံးချခြင်း ဟူသည့် CRC (OP-SC) နောက်ဆက်တွဲ စာချုပ်ကို ၂၀၁၂ခုနှစ်တွင် ဦးသိန်းစိန် အစိုးရက လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။

ဦးသိန်းစိန်အစိုးရမတိုင်မီကပင် မြန်မာနိုင်ငံက ကလေးသူငယ်ဆိုင်ရာ အခွင့်အရေး ပင်မစာချုပ် (CRC –Convention on the Rights of the Child) ကို ၁၉၉၁ ခုနှစ်ကပင် လက်မှတ်ရေးထိုးထားခြင်းဖြစ်သည်။

စာချုပ်များကို အစိုးရအဆက်ဆက်တို့ လက်မှတ်များထိုးခဲ့သော်လည်း စာချုပ်ပါ အချက်အလက်များကို ပြည်သူများသို့ အသိပေးခြင်း၊ အကောင်ထည်မှုများကို ချပြမှုမရှိခြင်းတို့ကြောင့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ မြန်မာနိုင်ငံတွင် တိတိကျကျ ထွက်ပေါ် သိရှိခြင်းမရှိကြောင်း ဦးအောင်မျိုးမင်းကပြောသည်။

ယင်းသို့ အကောင်အထည်ဖော်အားနည်းမှုများရှိနေခြင်းကြောင့် မြန်မာနိုင်ငံတွင်းရှိ ကလေးသူငယ်များ၏ ပြောင်းရွှေ့ခြင်းဆိုင်ရာ အချက်အလက်များကို United ACT အဖွဲ့က စစ်တမ်းကောက်ယူခဲ့သည်။

ယင်းစစ်တမ်းကို သုံးနှစ်တစ်ကြိမ် အစိုးရက တင်ပြရသည့် ကုလသမဂ္ဂ CRC ကော်မတီသို့ အစီရင်ခံစာ မတင်ပြမီ၎င်းတို့က ကြိုတင် တင်ပြသွားရန် ပြင်ဆင်နေသည်။

ယင်းစစ်တမ်းကို ရန်ကုန်တိုင်းရှိ မြို့သစ်များဖြစ်သည့် လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒေါပုံ၊ မြောက်ဥက္ကလာ နှင့် လှိုင်မြို့နယ်တို့အတွင်းရှိ ရွှေ့ပြောင်းနေထိုင်ကြသည့် အသက် ၁၄နှစ်မှ ၁၈နှစ်ကြားရှိသူ ၇၅ဦးကို အစု အဖွဲ့လိုက် တွေ့ဆုံမေးမြန်းထားခြင်း ဖြစ်သည်။

စစ်တမ်းကောက်ယူခဲ့သည့် ၇၅ဦးတွင် ယောက်ျားလေး ၄၄ဦးနှင့် မိန်းကလေး ၃၁ဦးထိ ပါဝင်ပြီး ၎င်းတို့သည့် စီးပွားရေးကြောင့် ပြောင်းရွှေ့ရသူ ၄၂ဦး၊ ပညာရေးကြောင့် ၁၅ဦးနှင့် အခြားအကြောင်းအရာများကြောင့် ၁၈ဦးတို့ဖြစ်ကာ ဧရာဝတီ၊ ရှမ်း၊ ပဲခူး၊ မကွေး၊ ရခိုင်၊ မွန်၊ မန္တလေးတိုင်းတို့မှ ရန်ကုန်သို့ အသီးသီး ပြောင်းရွေ့ခဲ့ခြင်း ဖြစ်သည်။

ယခုထုတ်ပြန်သည့် စစ်တမ်းသည် ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြသည့် ကလေးများမှ အချို့ကို မေးမြန်းကာ ထုတ်ပြန်ခဲ့ပြီး ကလေးသူငယ်များ ပြည်ပသို့ ထွက်ခွာသွားကြသည့်အကြောင်းအရင်းကိုလည်း ထိုင်းနိုင်ငံရှိ United ACT အဖွဲ့က သုံးလအတွင်း စစ်တမ်းကောက်ယူကာ ထုတ်ပြန်သွားဦးမည်ဟု United ACT မှ ဦးထက်မြက်က ဆိုသည်။

ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးစာချုပ်ကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၅၀ ကျော်က လက်မှတ်ရေးထိုးထားသည်။

No comments: