Wednesday, October 19, 2016

နယ်မြေတစ်လက်မမှ ကျူးကျော်မခံဟု မောင်တောတွင်ရောက်နေသည့် ပြည်ထဲရေးဝန်ကြီး ပြောကြား

မာန်ယုကျော် (ရွှေဝမြေ)


နယ်မြေကျူးကျော်သူတွေလက်ထဲ မြန်မာ့မြေတစ်လက်မမျှ အပါမခံနိုင်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက မောင်တောတွင် ပြောကြားလိုက်သည်။

“ငါတို့နယ်မြေကို တစ်လက်မမှ အပါမခံနိုင်ဘူး။ ဘာလူမျိုးဖြစ်နေနေ ငါတို့မြန်မာပြည်တွင်းမှာ နေရင် တို့နိုင်ငံရဲ့အာဏာစက်အောက်မှာ နေကိုနေနိုင်ရမယ်။ မနေနိုင်ရင်တော့ ညောင်း။ တို့နိုင်ငံတွင်းမှာနေရင် တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးမှုအောက်မှာ နေနိုင်ရမယ်။ တို့ရဲ့ တည်ဆဲ ဥပဒေနဲ့ အညီနေနိုင်ရမယ်။ မနေလို့မရဘူး။ မနေရင် တည်ဆဲဥပဒေနဲ့အညီ ထိထိရောက်ရောက်အရေးယူမယ်”ဟု ပြည်ထောင်စုဝန်ကြီးက အောက်တိုဘာလ ၁၇ ရက်နေ့က မောင်တောခရိုင်အုပ်ချုပ်ရေးမှူးရုံးတွင် သတင်းထောက်များကိုပြောဆိုခဲ့သည်။

အောက်တိုဘာလ ၉ ရက်နေ့က နယ်ခြားစောင့်ရဲဌာနချုပ်အပါအဝင် စခန်း (၃)ခုအား အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး အကြမ်းဖက်သောင်းကျန်းသူ ၁၆ ဦးအား ဖမ်းဆီးထားနိုင်ပြီဖြစ်ပြီး သူတို့အား ဥပဒေနဲ့အညီ ညှဉ်းပမ်းနှိပ်စက်ခြင်းမရှိဘဲ စိစစ်အရေးယူနေသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ယင်းအပြင် ရခိုင်နယ်စပ်ရှိ တိုင်းရင်းသားကျေးရွာများမှ ဒေသခံများ နေရပ်စွန့်ခွာမပြေးရန်နှင့် ယင်းတို့၏လုံခြုံမှုအတွက် အပြည့်အဝတာဝန်ယူပေးမည်ဟု ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

“ဒီနယ်မြေကနေ တိုင်းရင်းသားတွေစွန့်ခွာသွားခဲ့ရင် ကျန်တဲ့လူတွေ ဝင်လာလိမ့်မယ်။ မဝင်စေချင်ဘူး။ အဲဒါကြောင့် တတ်နိုင်သမျှ ဒီနယ်မြေမှာရှိတဲ့လူတွေဟာ နယ်မြေကိုစွန့်ခွာပြီး ထွက်ပြေးတာမျိုးထက် ဒီနယ်မြေမှာရှိတဲ့ တိုင်းရင်းသားပြည်သူလူထုကို ငါတို့ကာကွယ်ပေးမယ်။”ဟု ဝန်ကြီးက ဆိုသည်။

ဒေသခံများ စိုးရိမ်ကြောက်လန့်မှုမရှိစေရန်လည်း နယ်ခြားစောင့်ရဲစခန်းများ အကြမ်းဖက်မှု ဖြစ်စဉ်တွင် ခိုးယူခံခဲ့ရသည့် လက်နက်များကိုလည်း မရရအောင် ပြန်လည် ရှာဖွေသွားမည်ဟုလည်း ဆိုသည်။

“ဒီလက်နက်တွေ မရမချင်းတော့ လျှော့ပေးမှာမဟုတ်ဘူး။ ပြန်ပြီးတော့ ရှင်းရမယ်။ ရှာရမယ်။ ဒီလိုမှ မလုပ်ရင် တို့တာဝန်မကျေဘူး။”ဟု ဝန်ကြီးက ပြောသည်။

လက်ရှိတွင် မောင်တောဒေသလုံခြုံရေးအတွက် နယ်ခြားစောင့်ရဲတပ်ဖွဲ့အပါအဝင် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လဝက၊ အကောက်ခွန်ဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်နေသည်ဟု ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက ပြောဆိုသည်။ သို့လည်း လက်ရှိတွင် လုံခြုံမှုကင်းမဲ့နေသည်ဟုဆိုကာ ရခိုင်နယ်စပ်ကျေးရွာများမှ ဒေသခံ ထောင်ချီ အိုးအိမ်စွန့်ခွာကာ မောင်တော၊ ဘူးသီးတောင်နှင့် စစ်တွေမြို့များသို့ ထွက်ပြေးတိမ်းရှောင်လျက်ရှိနေကြသည်။

No comments: