Wednesday, October 19, 2016

ရခိုင်ကို အကြမ်းဖက်မှု ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ သတင်းပေးမှုဖြင့် ကြိုတင်ကာကွယ်ရန် ပြင်ဆင်ထားဟု ဒေါ်အောင်ဆန်းစုကြည်ပြော

မဇ္ဈိမ

တပ်မတော်အဖွဲ့ဝင် ရဲတပ်ဖွဲ့ဝင် ကိုးဦး ကျဆုံးခဲ့သော ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော မြို့နယ်များတွင် အောက်တိုဘာ ၉ ရက်က ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုအတွက် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ သတင်းပေးမှုဖြင့် ကြိုတင်ကာကွယ်မှုများ လုပ်ထားပြီးဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် Hindustan Times သတင်းဌာနတို့ တွေ့ဆုံစဉ် ထည့်သွင်း ပြောသွားခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော နိုင်ငံများသည်လည်း အဓိကအရေးပါသည့် အခန်းကဏ္ဍက ပါဝင်ပေးကြောင်းနှင့် သို့ရာတွင်လည်း လုံခြုံရေးရှုထောင့်ဘက်မှသာ ဖြစ်နိုင်ကြောင်း သူမက ပြောသွားသည်။

"ဘင်္ဂလားဒေ့ရှ်က တကယ့်ကို ကျွန်မတို့နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်၊ ဖြစ်နိုင်ဖွယ်ရာ တိုက်ခိုက်မှုတွေ ရှိလာခဲ့ရင်လည်း သူတို့ ကျွန်မတို့ကို သတင်းတွေ ကြိုပေးတော့ ကျွန်မတို့လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်နိုင်တာပေါ့" ဟု သူမက ဆိုသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၉ ရက်က ရခိုင်ပြည်နယ်ရှိ ရဲတပ်စခန်းသုံးခုအပေါ် အကြမ်းဖက် တိုက်ခိုက်သွားမှုနှင့် ပတ်သက်နေသူ အမျိုးသားနှစ်ဦးအား ဘင်္ဂလားဒေ့ရှ်ဘက်မှ လွှဲပြောင်းပေးအပ်ခဲ့သည့် အပေါ် ဒေါ်အောင်ဆန်းစုကြည်က သိရှိကြောင်းပြောဆိုသွားပြီး တိုက်ခိုက်မှုများတွင် ပါကစ္စတန်၌ ခြောက်လ သင်တန်း တက်ထားသူတစ်ဦးက ဦးဆောင်စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ပြောဆိုသွားခဲ့သော်လည်း ယင်းကိစ္စနှင့် ပတ်သက်၍ ထိန်းထိန်းသိမ်းသိမ်း ပြောဆိုသွားသည်။

"အသေးစိတ်တော့ ကျွန်မတို့ သိမထားပါဘူး၊ အဲဒီ သူ သင်တန်းခြောက်လကို ဘယ်တုန်းက တက်ထားခဲ့တာလဲ ကျွန်မတို့ မသိဘူး၊ နောက်ပြီး အစ္စလမ် နိုင်ငံတော်တော်များများရဲ့ ငွေကြေးထောက်ပံ့မှု သူရထားခဲ့တယ်လို့ပဲ ကျွန်မတို့ သတင်းရထားခဲ့တယ်၊ ဒါတွေကို သတင်းရင်းမြစ် တစ်ခုတည်းကနေပဲ ရထားတာ ဖြစ်တဲ့တွက်ကြောင့် လုံ့ဝ အမှန်အကန်လို့တော့ ယူဆလို့ မရကောင်းပါဘူး" ဟု သူမက ပြောသွားသည်။

အလားတူ သူမအစိုးရအဖွဲ့အနေဖြင့် လက်ရှိအချိန်အခါတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်ရော ရခိုင်ပြည်နယ်ရှိ မတူညီသော လူ့အဖွဲ့အစည်းများအကြား ပြန်လည်သင့်မြတ်မှုရရေး အတွက်ကိုလည်း လုပ်ဆောင်နေလျက် ရှိကြောင်း ပြောဆိုသွားသည်။

အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုဖြစ်သည့် ရခိုင်ကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်တွင် ကောင်းစွာ လေ့ကျင့် သင်ကြားခဲ့သူတစ်ဦး ဦးဆောင်သည့် အဖွဲ့တစ်ခုအပေါ် ပြစ်တင်ထားခဲ့သော်လည်း အကြမ်းဖက်မှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အဖွဲ့အစည်းများ သို့မဟုတ် နိုင်ငံများကိုမူ သီးခြားခွဲထုတ်ထား၍မရနိုင်ကြောင်း မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။

ကမ္ဘာ့အသိုင်းအ၀ိုင်းအနေဖြင့် အကြမ်းဖက်မှုကို သီးခြားအဆက်ဖြတ် ခွဲထုတ်ဖယ်ရှား ပစ်ရမည်ဖြစ်ပြီး မည်သည့်အတွက်ကြောင့် အကြမ်းဖက်မှုကို ကျူးလွန်ရသည်ဆိုသည့် အကြောင်းရင်းများနှင့် ပတ်သက်၍လည်း အလေးထား သုံးသပ်ရမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က Hindustan Times သတင်းဌာနသို့ ပြောကြားသွားသည်။

ယခုအခါ နယ်စပ်ဖြတ်ကျော် အကြမ်းဖက်မှုကို မူဝါဒတစ်ခုအဖြစ် အသုံးပြုနေသည့်ကိစ္စနှင့်စပ်လျင်း၍ ပါကစ္စတန်ကို သီးခြားဖယ်ထုတ်ရန် အိန္ဒိယ၏ လုပ်ဆောင်နေမှုအပေါ် သူမက ဆန့်ကျင် ပြောကြားသွားခဲ့သည်။

"အကြမ်းဖက်မှုဖြစ်စဉ်တွေ ကမ္ဘာတစ်ဝှမ်းမှာ တော်တော်လေးကို ကြုံတွေ့နေရပါတယ်၊ အဲဒီအကြမ်းဖက် ၀ါဒကို သီးခြား ဖယ်ရှားရှင်းလင်းပစ်ရမယ်လို့ ကျွန်မထင်တယ်လေ၊ ဒါပေမယ့်လည်း လူပုဂ္ဂိုလ် တစ်ဦးချင်းတွေ ဒါမှမဟုတ်အဖွဲ့အစည်းတွေ ဒါမှမဟုတ် နိုင်ငံတွေ အနေနဲ့ကတော့ ကျွန်မတို့ ဖယ်ထုတ်ထားလို့ မရနိုင်ပါဘူး" ဟု အကြမ်းဖက်ဝါဒကို ထောက်ပံ့ပေးခြင်းကြောင့် အစ္စလမ်မာဘတ်ကို သီးခြားဖယ်ထုတ်ထားရန် နယူးဒေလီအစိုးရ၏ ကြိုးပမ်းချက်အပေါ် ပြောဆိုသွားသည်။

"အခြေခံအားဖြင့်တော့ ကျွန်မတို့ အကြမ်းဖက်ဝါဒကို ဖယ်ရှားရှင်းလင်းနိုင်ဖို့ ကြိုးပမ်းနေတာပါ၊ အကြမ်းဖက်ဝါဒအကြောင်း စဉ်းစားကြည့်ရင် လူတွေဘာကြောင့် ဒီဝါဒကို ကျင့်သုံးရတာလဲဆိုတဲ့အပေါ် အဖြေတစ်ခုရဖို့ ကျွန်မတို့အားလုံး ၀ိုင်းဝန်းလုပ်ကိုင်ကြဖို့တော့ လိုမယ်လို့ ထင်ပါတယ်" ဟု သူမက ပြောဆိုသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယထက် တရုတ်တို့ဘက်ကိုသာ ပိုယိမ်းနေခဲ့သည်ဆိုသော ထင်မြင် ယူဆချက်များ ထွက်ပေါ်နေမှု အပေါ်တွင်လည်း သူမက ပယ်ချသွားခဲ့ပြီး " ကျွန်မတို့ဟာ တကယ့် ဘက်ညီတဲ့ ဟန်ချက်တစ်ခုကို အမြဲထိန်းထားရပါမယ်၊ ဘာလို့လဲဆိုတော့ နှစ်နိုင်ငံစလုံးဟာ ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေ ချည်းပါပဲ၊ ဒါကြောင့်မို့လည်း ဘက်မလိုက် နိုင်ငံခြားရေးဝါဒကို ဆက်လက် ထိန်းသိမ်းထားနိုင်မှာဖြစ်ပါတယ်" ဟု သူမက ပြောသွားသည်။

မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံကို ဒေသတွင်းရှိ အင်အားအကောင်းဆုံး ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအဖြစ် ရှုမြင်ကြောင်းနှင့် မိမိတို့ နိုင်ငံတွင်လည်း ဒီမိုကရေစီယဉ်ကျေးမှု အမြစ်တွယ်အောင် ကြိုးပမ်း လုပ်ဆောင်ရာတွင် ကြုံတွေ့လာမည့် စိန်ခေါ်မှုများကို ဖြေရှင်းရာ၌ ကူညီပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသည်။

အလားတူ အိန္ဒိယအနေဖြင့် မြန်မာ၏ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက အခန်းကဏ္ဍတစ်ခုကနေ ကူညီပေးနိုင်ကြောင်းလည်း သူမက ပြောသည်။ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းကို ထောက်ပံ့ပေးနေသည့် ကျေးလက်ဒေသစီးပွားရေးဖွံ့ဖြိုးမှုနှင့်စပ်လျင်း၍ " ဒီနေရာမှာ ကျွန်မတို့ အလုပ်အကိုင်တွေ ဖန်တီးပေးဖို့ လိုပါတယ်၊ ပြည်သူတွေကို မျှော်လင့်ချက်တွေ ပေးနိုင်ဖို့လိုပါတယ်၊ ဒါကြောင့်မို့ အချိန်တိုအတွင်း ထင်သာမြင်သာရှိမယ့် တိုးတက်မှုကောင်းတွေ ရနိုင်ဖို့ လိုပါတယ်၊ ဒီအတွက်ကြောင့် အိန္ဒိယအနေနဲ့ ကျွန်မတို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်" ဟု သူမက ပြောသည်။

အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်ဒေသများနှင့် မြန်မာနိုင်ငံအကြား ဖွင့်လှစ်လမ်းဖွင့်ပေးခြင်းနှင့် ပတ်သက်၍ သူမက အထူးသတိထား ပြောဆိုသွားပြီး ဆက်သွယ်ရေးသည် ကုန်သွယ်မှုပိုင်းကို တိုးမြင့်ဖွံ့ဖြိုး စေနိုင်သော်လည်း ယင်း၏ အခြားပြဿနာများကိုလည်း ယူဆောင်လာနိုင်ကြောင်း သူမက ပြောဆိုသွားသည်။

No comments: