Wednesday, October 5, 2016

ကျောက်ဖြူတွင် အမျိုးသမီးငယ်နှစ်ဦးအား အနိုင်ကျင့် ရိုက်ပုတ်စော်ကားမှု ဖြစ်ပွား

ရွှေရအောင်(တောင်ကုတ်)


ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် ရခိုင်အမျိုးသမီးနှစ်ဦးအား အနိုင်ကျင့်ရိုက်ပုတ် စော်ကားမှု ဖြစ်စဉ်တစ်ခု ယနေ့ နေ့လယ်က ဖြစ်ပွားခဲ့သည်ဟု သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျောက်ဖြူမြို့နယ် ဂုံးချွိန်ကျေးရွာမှ ရခိုင်အမျိုးသမီးငယ်နှစ်ဦးသည် ပင်လယ်ကမ်းစပ်တွင် ပေါက်ရောက်သော ဒေသခေါ် ပဲပွင့်သွားခူးနေစဉ် ငါးရှာကွန်ပစ်နေသူ ဘင်္ဂလီနှစ်ဦးမှ အနိုင်ကျင့်ပြီး ရိုက်ပုတ်မှုများ ပြုလုပ်ခဲ့သည်ဟု ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ နိရဉ္စရာသို့ ပြောကြားသည်။

“ အမျိုးသမီးငယ်နှစ်ဦးကတော့ ဂုံးချွိန်ကျေးရွာနေ ဦးကျော်နိုင်ဦးရဲ့ သမီး မ၀ိုင်းစိန် (၁၈) နှစ်နဲ့ ဦးငပိန်အောင်ရဲ့ သမီး မခင်မာနွယ် (ဇီးချေ) ( ၁၅)နှစ်တို့ ဖြစ်ပါတယ်။ အဲဒီကလေးမလေးနှစ်ဦးကို ရိုက်ပုတ်ပြီးတော့ အတင်း ငွေတောင်းတာပေါ့။ အခုတော့ ကျူးလွန်သူ ဘင်္ဂလီ နှစ်ဦးကို အရေးယူထားပါပြီ” ဟု ရဲတာဝန်ရှိသူက ပြောသည်။

အမျိုးသမီးငယ်နှစ်ဦးအနက်မှ တစ်ဦးမှာ ယောင်္ကျားလေး တစ်ဦးနှင့် ဆင်တူနေပြီး ၎င်းမှ ပြန်လည် ရိုက်ပုတ် ပြီး အတင်း ထွက်ပြေးလာခဲ့ကြောင်း၊ မိန်းခလေးနှစ်ဦးတွင် ပါလာသော ငွေ ၅၀၀ အား လုယက် ယူဆောင် သွားကြောင်း သိရသည်။

ပြစ်မှု ကျူးလွန်သူ ဘင်္ဂလီနှစ်ဦးမှာ ကျောက်တစ်လုံး ဒုက္ခသည် စခန်းမှ ဦးမောင်လှ၏ သား နေမိုးထွန်း အသက် (၂၇) နှစ် ဘင်္ဂလီ/အစ္စလာမ်နှင့် အပေါင်းအပါ တစ်ဦးတို့ ဖြစ်ကြောင်း၊ သူတို့အား ကျောက်ဖြူ မြို့မ ရဲစခန်းမှ (ပ)၆၇၄/ ၁၆ ရာဇသတ်ကြီးပုဒ်မ- ၃၈၄/၃၅၄/၃၂၃ အရ အမှုဖွင့် အရေးယူထားကြောင်း ရဲက ပြောသည်။

ယခုအဖြစ်အပျက်မှာ ၂၀၁၂ အရေးအခင်း နောက်ပိုင်း ကျောက်ဖြူမြို့တွင် ပထမဆုံးအကြိမ်ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လုံခြုံရေးအရ သတိထားရန် လိုအပ်ကြောင်း ကျောက်ဖြူဒေသဖွံ့ဖြိုးရေးကော်မတီမှ ဦးထွန်းကြည်က နိရဉ္စရာ သို့ပြောသည်။

“ ခုလိုဖြစ်ရတာက အဲဒီမှာ သူတို့ ဘင်္ဂလီဒုက္ခသည်တွေကို တရားဝင် ထွက်ပေါက် ၀င်ပေါက် သတ်မှတ် ထားတာရှိတယ်။ ဒါပေမယ့် တခြား အပေါက်တွေကလည်း ၀င်ထွက်သွားလာနေကြတာတွေ ရှိတယ်။ ဈေးဝယ်ရက်မဟုတ်ဘဲလည်း ဈေးတွင်း သွားလာနေတယ်။ ဒါဟာ လုံခြုံရေးအားနည်းမှုပါ။ ဒါ့ပြင် စဉ်းစားစရာက မနေ့ကလည်း ဒီလို ဖြစ်စဉ်မျိုး ဘူးသီးတောင်မှာ ဖြစ်တယ်။ ဒီကနေ့ ကျောက်ဖြူမှာ ဖြစ်တယ်။ ရခိုင်တွေအတွက် သံသယမကင်းစရာတွေ တွေ့လာရတယ်။ ပြောရင် လူ့အခွင့် အရေးလို့ ပြောဦးမယ်။ အာဏာပိုင်တွေ သေချာစစ်ဆေးဖို့လိုတယ်” ဟု ဦးထွန်းကြည်မှ ပြာသည်။

လွန်ခဲ့သော ၁၀ ရက်အတွင်း ယခု ဖြစ်စဉ် အပါအ၀င် ဘင်္ဂလီလူမျိုးများမှ ရခိုင်လူမျိုးများအား တိုက်ခိုက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး စက်တင်ဘာလ ၂၅ ရက်နေ့က ပုဏ္ဍားကျွန်းမြို့နယ် ကံချောင်း ပိုက်ဆိပ်မှ ရေလုပ်သား တစ်ဦး ဖြစ်သူ ဦးမောင်အေးထွန်း (၃၃) နှစ် စက်လှေတစ်စီးမှ ဘင်္ဂလီ ငါးဦးမှ ဓါးများ၊ လေးဂွများဖြင့် တိုက်ခိုက်၍ ဒဏ်ရာ ရရှိသွားခဲ့သဖြင့် စစ်တွေ ပြည်သူ့ဆေးရုံကြီးတွင် တင်ပို့ခဲ့ရသည်။

အောက်တိုဘာလ ၃ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ စံဂိုးထောင်အုပ်စု နွားရုံတောင်ကျေးရွာမှ ဒေါ်လှသာစိန် (၅၇) နှစ် အား ငါးရှာနေစဉ် ဘင်္ဂလီတစ်ဦးမှ အဓမ္မပြုကျင့် သတ်ပစ်ရန် ကြံစည်ကြိုးစားမှု တစ်ခု ဖြစ်ပွားခဲ့သည်။

No comments: