Friday, October 28, 2016

ခိုင်မျိုးထွန်းကို (၁၁) ကြိမ်မြောက် ရုံးထုတ်

စံမောင်သန်း၊ စစ်တွေ


တပ်မတော်ကို အကြည်အညိုပျက်စေမှုဖြင့် ဖမ်းဆီးခံထားရသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP မှ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းကို မနေ့က စစ်တွေမြို့နယ် တရားရုံးတွင် (၁၁) ကြိမ် မြောက်ရုံးထုတ်ခဲ့သည်။

ခိုင်မျိုးထွန်းအား ဖမ်းဆီးထိန်းသိမ်းထားသည်မှာ ၃ လ နီးပါးကြာမြင့်ခဲ့ပြီဖြစ်ပြီး အောက်တိုဘာလ ၂၄ ရက်နေ့က ရုံးထုတ်မှုမှာ (၁၁) ကြိမ်မြောက် ဖြစ်သည်။ သို့သော်လည်း ယနေ့ထိ ခိုင်မျိုးထွန်း အမှုကို ဆုံးဖြတ်ချက် အမိန့်ချမှတ်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

ယခင်အပတ်များက ခိုင်မျိုးထွန်းကို ရုံးထုတ်လာစဉ် သူ့အား ထောက်ခံသူများက တရားရုံးပတ်ဝန်းကျင်တွင် စုရုံးပြီး ကြွေးကြော်သံများဖြင့် ကြွေးကြော် ခဲ့ကြသော်လည်း အောက်တိုဘာလ ၂၄ ရက်နေ့က ရုံးထုတ်စဉ် ထောက်ခံသူ ၁၀၀ ခန့် ရောက်ရှိလာသော်လည်း ကြွေးကြော်မှု တစ်စုံတစ်ရာ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း သိရသည်။

“ခိုင်မျိုးထွန်းကို ထောက်ခံသူတွေထဲက တစ်ချို့တစ်ဝက်ကို တရားရုံးထဲကို ၀င်ခွင့်ရအောင် စာရင်းပေးပြီးတော့ တာဝန်ရှိသူတွေဆီမှာ တောင်းဆိုခဲ့တယ်။ သူတို့ကလည်း စာရင်းပေးထားတဲ့ လူ ၅၀ ကို တရားရုံးထဲ ၀င်ခွင့်ပြုခဲ့ပါတယ်။ ကျန်တဲ့ လူ ၅၀ ခန့်က တရားရုံးပြင်ပမှာ ငြိမ်သက်စွာ စောင့်နေခဲ့ကြပါတယ်။ အခုအချိန်က လယ်သမားတွေ စပါးရိပ်သိမ်းချိန်ဆိုတော့ ခိုင်မျိုးထွန်းကို လာရောက်ထောက်ခံသူတွေ လျော့နည်းလာတာပါ”ဟု ခိုင်မျိုးထွန်းအမှုကို လိုက်ပါကူညီနေသူ ရက္ခိုင့်အလင်းတံခါး တက်ကြွလှုပ်ရှားသူများအဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

တရားရုံးပတ်ဝန်းကျင်တွင် ကြွေးကြော်သံ တစ်စုံတစ်ရာ မပြုလုပ်ဘဲ ငြိမ်သက်နေသော်လည်း ခိုင်မျိုးထွန်းကို ရုံးထုတ်လာစဉ် လုံခြုံရေး တာဝန်ကျသူများက သေနတ်ဖြင့် ချိန်ရွယ်ထားသည်ကို မြင်တွေ့ရ၍ စိတ်မကောင်း ဖြစ်မိသည်ဟု ဒေါ်ကျော့စိန်က ဆက်လက်ပြောကြားသည်။

“ခိုင်မျိုးထွန်း အချုပ်ကားပေါ်က ဆင်းလာတဲ့အချိန်မှာ လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ချိန်ရွယ်ပြီးတော့ ဆင်းလာတယ်။ ဒါပေမယ့် မောင်တောအကြမ်းဘက် တိုက်ခိုက်မှုနဲ့ ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလီ နှစ်ယောက်ကိုတော့ ဘာရဲအစောင့်မှာ မပါဘူး။ အဲဒီနှစ်ယောက်ကို ကျတော့ နောက်ထောင်သားတွေနဲ့အတူ တန်းစီပြီး ထုတ်လာတာကို တွေ့မြင်ရပါတယ်။ အဲ့ဒါကြောင့် ကျွန်မက ရခိုင်သားကိုတော့ သေနတ်နဲ့ ချိန်ထားကြ၊ ဘင်္ဂလီတွေကိုတော့ ဒီလိုမျိုးလွတ်ထားပေးကြ။ အဲ့ဒီလိုမျိုးလုပ်ဆောင်တဲ့အတွက် ဘင်္ဂလီတွေဆီမှာ အကြမ်းဘက် တိုက်ခိုက်ခံရတာပါလို့ ရဲတာဝန်ရှိသူတွေကို ပြောပြခဲ့တယ်” ဟု သူမက ပြောသည်။

ခိုင်မျိုးထွန်းကို အောက်တိုဘာလ ၂၄ ရက်နေ့က ရုံးထုတ်လာစဉ် ခိုင်မျိုးထွန်းကို ထောက်ခံအားပေးသူများ လာရောက်မှု နည်းပါးပြီး တရားရုံးပတ်ဝန်းကျင်တွင် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း လုံခြုံရေးများကို ယခင်အတိုင်း တင်းကြပ်စွာ ချထားသည်ကို တွေ့ရှိခဲ့ရသည်။

No comments: