Thursday, October 27, 2016

မောင်တောကိစ္စ ရခိုင်ပြည်နယ်လွှတ်တော်မှ စုံစမ်းရေးကော်မရှင်ဖွဲ့

စံမောင်သန်း၊ စစ်တွေ


အောက်တိုဘာလ ၉ ရက်နေ့က မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့်စခန်း ၃ ခု အကြမ်းဘက်တိုက်ခိုက်ခံရမှုကို စုံစမ်းရန် ရခိုင်ပြည်နယ်လွှတ်တော်မှ အဖွဲ့အ၀င် ၁၁ ဦးပါ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ဟု သိရသည်။

ယင်းကော်မရှင်ကို အောက်တိုဘာလ ၂၄ ရက်နေ့ နေ့လယ်ပိုင်က ရခိုင်ပြည်နယ်လွှတ်တွင် ပြုလုပ်သော လွှတ်တော်ကိုယ်စားလှယ်များ ညှိနှိုင်းအစည်းအဝေးမှ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်ဟု ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သည့် စစ်တွေမဲန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇောဦးက ပြောသည်။

“အောက်တိုဘာလ ၉ ရက်နေ့က မောင်နဲ့ ရသေ့တောင်မြို့နယ်အတွင်းက နယ်ခြားစောင့် ကင်းစခန်းသုံးခု တစ်ပြိုင်နက် တိုက်ခိုက်ခံခဲ့ရတဲ့ ဖြစ်စဉ်ကို စုံစမ်းဖို့အတွက်ရယ်၊ အဲ့ဒီလိုမျိုး ပြဿနာတွေကို နောက်နောင် မဖြစ်ရအောင် လူ့အဖွဲ့အစည်းအတွင်းမှာ ဘာတွေကို ဖာထေးနိုင်မှာလဲဆိုတာရယ်၊ အချုပ်အခြာအာဏာ သက်ရောက်အောင် ဘယ်လိုနည်းလမ်းတွေ လိုမှာလဲ ဆိုတာတွေကို အဖြေရှာဖို့အတွက်၊ လေ့လာစုံစမ်းဖို့ ၁၁ ဦးပါဝင်တဲ့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းလိုက်ပါတယ်”ဟု ဦးကျော်ဇောဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ကော်မရှင်တွင် အဖွဲ့ခေါင်းဆောင် ၁ အဖြစ် မြေပုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကလည်းကောင်း၊ အဖွဲ့ခေါင်းဆောင် ၂ အဖြစ် ဘူးသီးတောင် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်ကလည်းကောင်း တာဝန်ယူဆောင်ရွက်မည်ဖြစ်ပြီး ကော်မရှင်ထဲတွင် ပါတီအသီးသီးမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များပါဝင်ပြီး၊ တပ်မတော်မှ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကိုလည်း အဖွဲ့ဝင်အဖြစ် လျာတားထားသည်ဟု ဆိုသည်။

ယင်းကော်မရှင်အနေဖြင့် အကြမ်းဘက်မှုဖြစ်ပေါ်ရသည့်အကြောင်းခံများ၊ လုံခြုံရေးအရ မြို့ရွာဖွဲ့စည်းမှု အနေအထားများ၊ လုံခြုံရေးအရ ဆောင်ရွက်ရန်လိုအပ်ချက်များ၊ ဘင်္ဂလီများနေထိုင်သည့် ကျေးရွာများတွင် ပြည်ထောင်စုမြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာစက် သက်ရောက်စေရန် ဌာနပေါင်းစုံ၏ ဥပဒေသက်ရောက် စိုးမိုးသည့်နေရာဖြစ်အောင် မည်သို့ဆောင်ရွက်မည် စသည့်ကိစ္စရပ်များကို သုံးသပ်အဖြေရှာမည့် တာဝန်များ ပါဝင်သည်ဟု ဦးကျော်ဇောဦးက ပြောသည်။

ကော်မရှင်အနေဖြင့် အောက်တိုဘာလ ၂၅ ရက်နေ့မှ စတင်၍ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များသို့ ကွင်းဆင်းပြီး လေ့လာမှုများကို လုပ်ဆောင်မည်ဖြစ်ကြောင်း၊ လေ့လာစုံစမ်းတွေ့ရှိချက်များကို နှစ်ပတ်အတွင်း လွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြပြီး၊ လွှတ်တော်ခေါ်ယူရန် လို မလို၊ မည်သည့်ဆုံးဖြတ်ချက်များလိုအပ်သည် စသည်ဖြင့် သုံးသပ်ချက်များထွက်ပေါ်လာမည်ဟု ဆိုသည်။

ယင်းအပြင် ရခိုင်ပြည်နယ်လွှတ်အနေဖြင့် ကျပ်သိန်း ၅၀ မတည်၍ စစ်တွေ၊ ဘူးသီးတောင်နှင့် မောင်တောမြို့ပေါ်ရှိ နပ်ရပ်စွန့်ခွာလာသည့် ဒုက္ခသည်များကိုလည်း ထောက်ပံ့ကူညီသွားမည်ဟု သိရသည်။

ရခိုင်ပြည်နယ်လွှတ်တော်မှဖွဲ့စည်းလိုက်သော စုံစမ်းရေးကော်မရှင်သည် ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ သက်တမ်း သတ်မှတ်ထားပြီး လိုအပ်လျှင် လိုအပ်သလို သက်တမ်းတိုး ဆောင်ရွက်သွားမည်ဟု လေ့လာသိရှိရသည်။

No comments: