Thursday, October 27, 2016

လစ်လပ်မဲဆန္ဒနယ်မြေအားလုံးတွင် အန်အယ်လ်ဒီ ၀င်ရောက်ယှဉ်ပြိုင်မည်

နော်နိုရင်း

လာမယ့်ဧပြီလ ၁ ရက်နေ့ ကျင်းပဖို့ရှိတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လစ်လပ်နေရာအားလုံးမှာ ၀င်ရောက်ယှဉ်ပြိုင်သွားမယ်လို့ အန်အယ်လ်ဒီ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“နေရာအားလုံးဝင်ပြိုင်မှာပါ။ ကျနော်တို့ အောင်နိုင်ရေးဘာညာတော့ ဘာမှမခွဲရသေးပါဘူး။ လူလည်းမရွေးရသေးပါဘူး။ မကြာခင်လုပ်မှာပါ။ ”

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာလည်း အန်အယ်လ်ဒီက ဘယ်သူကို အစားထိုးယှဉ်ပြိုင်ဖို့ ရွေးချယ်မလဲဆိုတာလည်း မသိရသေးပါဘူး။

နိုင်ငံတ၀န်း လစ်လပ်မဲဆန္ဒနယ်မြေ ၁၈ ခုမှာ ကြားဖြတ်ရွေးကောက်ပွဲတွေကို လာမယ့် ၂၀၁၇ ခ ဧပြီ ၁ ရက်မှာ ကျင်းပပြုလုပ်သွားဖိုရှိနေတာပါ။ ညောင်ရွှေမဲဆန္ဒနယ် အမှတ် (၁) က လွှတ်တော်အမတ်တဦး ကွယ်လွန်သွားတဲ့အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် လစ်လပ်နေရာပေါင်း ၁၉ နေရာ ဖြစ်လာဖို့ရှိနေပါတယ်။

လတ်တလော ပြည်သူ့လွှတ်တော်လစ်လပ်မဲဆန္ဒနယ် ၉ ခု၊ အမျိုးသားလစ်လပ်မဲဆန္ဒနယ် ၃ခုနဲ့ ပြည်နယ်တိုင်း လွှတ်တော်လစ်လပ်နယ်မြေ ၆ ခု တို့မှာ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က တရားဝင် ကြေညာထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မလုပ်ဖြစ်ခဲ့တဲ့ မြို့နယ် ၇ ခု အနက် ၂ ခုကို ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်မှာ ဖြစ်ပေမယ့် ကျန် ၅ ခုမှာတော့ ကြားဖြတ်ရွေးကောက်ပွဲ မလုပ်ပေးနိုင်သေးပါဘူး။

ပန်ဆန်း၊ ပန်ဝါ၊ နားဖန်း၊ မိုင်းမောနဲ့ မိုင်းလား မြို့နယ်တွေမှာ လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲတွေ မကျင်းပနိုင်သေးပါဘူး။

ကြားဖြတ်ရွေးကောက်ပွဲဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း နာမည်စာရင်းတင်သွင်း တာတွေ၊ နာမည်စာရင်းစိစစ်တာတွေကို လာမယ့် နိုဝင်ဘာလ ၂၈ ရက်နေ့ကနေ ဒီဇင်ဘာလ ၁၈ ရက်နေ့အတွင်း လုပ်ဆောင်သွားမှာဖြစ်ပြီး ဇန်န၀ါရီလ ၂ ရက်နေ့မှာ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်မယ့် ကိုယ်စားလှယ်လောင်း နာမည်စာရင်းတွေ ကို ကြေညာသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

No comments: