Tuesday, October 4, 2016

အစိုးရတပ် ရွာထဲ လက်နက်ကြီး ပစ်ခတ် ကလေး ၁ဦးသေ၊ ၂ဦး ထိခိုက်

Kachinnews


ရှမ်းပြည်နယ် မြောက်ပိုင်း ကချင်ရွာထဲ မြန်မာ အစိုးရတပ် တပ်မ ၉၉ တပ်ဖွဲ့မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ကလေးငယ် ၁ဦး သေဆုံးပြီး အခြား ကလေးငယ် ၂ဦး ဒဏ်ရာ ရရှိခဲ့သည်။

ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) နယ်မြေ၊ မုံးကို မြို့နယ် Hpawng Seng ကျေးရွာ အရှေ့ဘက် Puwang ရွာထဲသို့ တပ်မ ၉၉ လက်အောက် တပ်ဖွဲ့များက အောက်တိုဘာ ၁ ရက် စနေနေ့ နံနက် ၆ နာရီခန့်မှ လက်နက်ကြီးများ စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

၎င်း ကျေးရွာတွင် “မိမိတို့ တပ်ချ ထားခြင်း မရှိ” ဟု နာမည် မဖော်လိုသူ KIA တပ်မဟာ (၆) ထိပ်ပိုင်း အရာရှိ တဦး ကချင် သတင်း ဌာန KNG ကို ပြောသည်။

သေဆုံးသူမှာ အသက် ၁ နှစ် ၆ လ သာ ရှိသေးသော မိန်းကလေး Mangshang Zung Myaw ဖြစ်ပြီး လက်နက်ကြီး ထိမှန်မှုကြောင့် နီးစပ်ရာ တရုတ်ဘက်ခြမ်း Mangshi ဆေးရုံ ခေါ်သွားရာ လမ်းတွင် သေဆုံးသွားခဲ့သည်ဟု ဆိုပါသည်။

ဒဏ်ရာ ပြင်းထန်သော အသက် ၆ နှစ် ခန့် Lagwi Bawm Lang သည် ယခုချိန် Mangshi ဆေးရုံမှာ ဆေးကုသ နေသည်ဟု Hpawng Seng ကျေးရွာ ခရစ်ယာန် ဓမ္မ ဆရာ တဦးက ယခုလို ပြောပါသည်။

“Bawm Lang က အခြေအနေ နည်းနည်းဆိုးတယ်။ အခု မန်ရှီ (တရုတ်ပြည်) ဆေးရုံမှာဘဲ။ အူလည်း ပြတ်သွားတယ်။ အသည်း မှာလည်း လက်နက်ကြီး အဆံ နည်းနည်းဝင်သွားတယ်။ အဲဒါကိုတော့ ထုတ်လိုက်ပြီလို့ ပြောတယ်။ ဆေးရုံ ဘယ်လောက်ကြာ တက်ရမယ်ဆိုတာတော့ မသိဘူး။"

အသက် ၅ နှစ်အရွယ် Lagwi Ting Kyang သည် ဒူး နားမှာ လက်နက်ကြီး ထိမှန်ခဲ့သော်လည်း ဆေးကုပြီး ယခုချိန် နေအိမ်တွင် ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း ဆရာက ပြောပါသည်။

စနေနေ့ နံနက်ပိုင်း Puwang ရွာသည် အစိုးရတပ်၏ လက်နက်ကြီး ၆ ကြိမ် ပစ်ခတ်ခံရ ပြီးနောက် ရွာသားများ လုံခြုံရာသို့ ထွက်ပြေးခဲ့သည်။ နောက်ပိုင်း စစ်တပ်နှင့် ရွာသူကြီးများ၏ ပြန်ခေါ်မှုကြောင့် အများစု ရွာ ပြန်လာ ကြသည်ဟု ဆိုပါသည်။

တပ်မ ၉၉ တပ်ဖွဲ့များက ရွာထဲ စခန်းချလျှက် ဆက်လက် ရှိနေသေးကြောင်း သိရသည်။

No comments: