နိရဉ္စရာ၊
အလိုတော်ပြည့် ဆရာတော်ကြီးသည် ယနေ့ နံနက်က မောင်တောသို့ မြို့သို့ ရဟတ်ယာဉ်ဖြင့် သွားရောက်ပြီး စားနပ်ရိက္ခာ ပြတ်လပ်နေသော တိုင်းရင်းသားကျေးရွာများအတွက် ဆန်အိတ် ၂၀၀ နှင့် ကျပ် သိန်း ၁၅၀ ကူညီလှူဒါန်းခဲ့သည်။
အလိုတော်ပြည့်ဆရာတော်ကြီးထံမှ ဆန်အိတ် ၂၀၀ နှင့် ကျပ်သိန်း ၅၀ လည်းကောင်း၊ ပုဂံမြို့ အလိုတော်ပြည့်ကျောင်းဆရာတော် ဦးပဏ္ဍိမှ ကျပ်သိန်း ၁၀၀ ကူညီလှူဒါန်းခဲ့သည်။
၎င်းဆန်အိတ်များနှင့် အလှူငွေများကို မောင်တောမြို့ အလိုတော်ပြည့် ကျောင်းတွင် အခမ်းအနားဖြင့် ပေးအပ်ရာ ၎င်းအခမ်းအနားသို့ အလိုတော်ပြည့်ဆရာတော်ကြီးအမှူးပြုသော ကျောင်းထိုင် ဆရာတော်များ၊ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်း၊ ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ၊ ဘူးသီးတောင်မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း၊ ရသေ့တောင်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်၊ ANP အတွင်းရေးမှူး ဦးသာထွန်းလှ၊ မောင်တော ခရိုင်ဥက္ကဋ္ဌ ဦးရဲထွဋ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မောင်တောမြို့သူ မြို့သားများ၊ ခိုလုံရောက်ရှိနေကြသော ရခိုင်လူမျိုးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အလိုတော်ပြည့် ဆရာတော်ကြီးက ဤမြေ ဤဒေသသည် မိမိတို့ ဘိုးဘွားပိုင် နယ်မြေဖြစ်ပါကြောင်း၊ မိမိတို့ဘိုးဘွားဘီအင်များခေတ်အဆက်ဆက် ဦးခေါင်းချရာ နယ်မြေလည်း ဖြစ်ပါကြောင်း၊ မိမိတို့ အနေဖြင့် လုံခြုံရေး စိတ်မချရပါက လောလောဆယ်တွင် လုံခြုံရေး ကောင်းမွန်သော နေရာများတွင် စုရပ်လုပ်ပြီး နေထိုင်ကြစေလိုကြောင်း၊ မောင်တောမြို့ပေါ်တွင်လည်း နေထိုင်နိုင်ပါကြောင်း၊ သို့သော် မိမိဒေသကို စွန့်ခွာပြီး မသွားစေလိုကြောင်း၊ မိမိတို့တွင် သမိုင်းနှင့် ချီပြီး ခါးသီးသော အတွေ့အကြုံများရှိသဖြင့် သင်ခန်းစာ ယူပြီး မိမိတို့ဒေသကို မစွန့်ခွာသင့်ကြောင်း၊ တပ်မတော်မှ ရှင်းလင်းရေး နယ်မြေတည်ငြိမ်ရေးများ ပြုလုပ်နေသဖြင့် များမကြာမီ အခြေအနေ တည်ငြိမ်လာမည် ဖြစ်သဖြင့် အစိုးရိမ် မလွန်ကဲကြရန်လိုအပ်ကြောင်း ပြောကြားသွားခဲ့သည်။
ဆရာတော်ကြီးမှ လှူဒါန်းသော ဆန်အိတ်များ၊ ငွေများကို လွဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ် နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းနှင့် ခရိုင်ဥက္ကဋ္ဌတို့မှ လက်ခံ ယူခဲ့ကြသည်။

No comments:
Post a Comment