Tuesday, October 18, 2016

ယနေ့တွင်လည်း ဘူးသီးတောင်ဆိပ်ကမ်းမှ လူပေါင်း ၇၀၀ ကျော်ခန့် စစ်တွေသို့ သင်္ဘောဖြင့် ထွက်ခွာ

နိရဉ္စရာ၊


ယနေ့နံက်က ဘူးသီးတောင်မှ စစ်တွေသို့ သင်္ဘောတစ်စီးနှင့် အမြန်ယာဉ် တစ်စီး ထွက်ခွာသွားရာ လူပေါင်း ၇၀၀ ကျော်လိုက်ပါသွားခဲ့သည်ဟု သတင်း ရရှိသည်။

“ တရားဝင် သင်္ဘောလက်မှတ် ဖြတ်တာက ၃၉၉ ဦးပါ။ ကလေးတွေ အပါအ၀င်ဆိုရင် လူပေါင်း ၆၀၀ ခန့် စစ်တွေသို့ လိုက်ပါသွားကြပါတယ်။ နောက် အမြန်ယာဉ်နဲ့ လူပေါင်း ၁၃၀ ကျော် ပါသွားပါတယ်။ စုစုပေါင်း ၇၀၀ ကျော်ထွက်ခွာသွားပါတယ်” ဟု ဘူးသီးတောင်တွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်နေသူ ANP ပါတီ အတွင်းရေးမှူး ဦးသာထွန်းလှက ပြောသည်။

ယခုထွက်ခွာသူများမှာ စစ်ပြေးရှောင်များ၊ ၀န်ထမ်းများဖြစ်ကြောင်း သိရသည်။

ယမန်နေ့ကလည်း လူပေါင်း ၂၀၀၀ ကျော်ခန့် ဘူးသီးတောင်မြို့မှ စစ်တွေမြို့သို့ လိုက်ပါသွားကြကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝေက ပြောသည်။

“ မနေ့က သင်္ဘောနှစ်စီး အပြည့်၊ အမြန်ရေယာဉ်နှစ်စီးမှာလည်း အပြည့်ဘဲ။ ကျွန်မထင်တာ စုစုပေါင်း ၂၀၀၀ ကျော်ခန့် ပါသွားပါတယ်။ ကျွန်မတို့ကတော့ မသွားစေချင်ဘူး။ ဒါပေမယ့် လုံခြုံရေးကြောင့်ဆိုတော့ တားမြစ်ဖို့ အခက်အခဲရှိပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။

ရခိုင်တိုင်းရင်းသားကျေးရွာများတွင် ယောင်္ကျားများသာ ကျန်ရှိနေပြီး မိန်းမနှင့် ကလေးများမှာ ဘေးလွတ် လုံခြုံရာသို့ ဆက်လက်ထွက်ခွာလျက် ရှိနေကြာင်း သတင်းရရှိသည်။

No comments: