Thursday, October 20, 2016

အဓမ္မ (လု) အခွင့်အရေး ခွင့်မပြုနိုင်ဟု တပ်မတော် သတင်းစာ သတိပေး

မဇ္ဈိမ

ရခိုင်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် လှေစီးဒုက္ခသည်များနှင့် ပတ်သက်၍ တပ်မတော်ရေ၏ ကြိုးပမ်းချက်များနှင့် လူသားချင်း စာနာထောက်ထားသည့် ကူညီမှုများကို ဖေါ်ညွှန်းထားပြီး လူ့အခွင့်အရေးကို ဥပဒေနှင့်အညီ ခွင့်ပြုထားပြီး အဓမ္မဆန်သည့် (လု) အခွင့်အရေးကိုမူ ခွင့်မပြုနိုင်ကြောင်း တပ်မတော်ပိုင် မြဝတီသတင်းစာ အာဘော်က သတိပေးလိုက်သည်။

“မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများနည်းတူ လူ့အခွင့်အရေးကို ဥပဒေနှင့်အညီ ခွင့်ပြုထားသည်မှာ အားလုံး သိပြီးဖြစ်သည်။ သို့သော် အဓမ္မဆန်သည့် (လု) အခွင့်အရေးကိုကား မြန်မာနိုင်ငံအပါအဝင် မည်သည့် ကမ္ဘာ့နိုင်ငံတွင်မျှ ခွင့်ပြုမထားကြောင်း သတိမူကြပါရန်” ဟု အာဘော်က ဆိုသည်။

အောက်တိုဘာ ၁၉ ရက်ထုတ် မြဝတီသတင်းစာ၏ “သူများလို တို့မရိုင်း တိုင်းသိပါရဲ့” ခေါင်းစဉ်ဖြင့် ရေးသားထားသည့် အာဘော်တွင် ဖေါ်ပြခြင်းဖြစ်သည်။ အာဘော်တွင် “ရခိုင်ပြည်နယ်တွင်း မှီတင်းနေထိုင်သူ အားလုံးသည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းတည်ဆောက်ကြရန် တာဝန်ရှိသည်” ဟုလည်းဆိုသည်။

တပ်မတော်(ရေ)နှင့် တပ်မတော်(လေ)တို့သည် ၂၀၁၅ ခုနှစ် မေလ ၂၁ ရက်တွင် ပင်လယ်ပြင်အတွင်း ဒုက္ခရောက်နေသည့် လှေစီးသွားလာသူ ၂၀၈ ဦးကို လူသားချင်း စာနာ ထောက်ထားသည့်အနေဖြင့် ကယ်တင်ခဲ့ပြီး စိစစ်မှုများ ဘင်္ဂလာဒေ့ရှ်နိုင်ငံနှင့်အတူ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

အလားတူ ၂၀၁၅ ခုနှစ် မေလ ၂၉ ရက်ကလည်း တပ်မတော်(ရေ) သည်ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မြန်မာ့ရေပိုက်နက်အတွင်း လှေစီးသူ ၇၃၄ ဦးကို ကယ်တင်ခဲ့ပြီး စောင့်ရှောက်ထားခဲ့သည်ဟုလည်း ရေးသားထားသည်ကို တွေ့ရသည်။

No comments: