Friday, October 21, 2016

ငြိမ်းချမ်းရေးဆွေးနွေးဆွေးနေချိန် တိုင်းရင်းသားဒေသတွင် ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန်တောင်းဆို

စိုးသူအောင်

ငြိမ်းချမ်းရေးဆွေးနွေးပွဲများပြုလုပ်နေချိန် တိုင်းရင်းသားဒေသများတွင် တပ်မတော်ဘက်မှ ထိုးစစ်ဆင်နေမှုများ ရပ်တန့်ပေးရန် ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တောင်းဆို လိုက်သည်။

“တစ်ပြည်လုံး ပြည်သူလူထုတစ်ရပ်လုံး ပြီးတော့ နိုင်ငံတော်အစိုးရ၊ လွှတ်တော်၊ တပ်မတော် အားလုံးကို ကျွန်တော် မေတ္တာရပ်ခံခြင်းပဲဖြစ်ပါတယ်။ သူတို့ (အပစ်ရပ်လက်မှတ်မထိုးရသေးသည့် UNFC မှ နိုင်ငံရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ (DPN) အနေနဲ့လည်း လိုလိုလားလားနဲ့ ၂၁ရာစုပင်လုံကိုလည်း လာတတ်ပါတယ်။ UNFC ဥက္ကဌ ကိုယ်တိုင်လည်း မိန့်ခွန်းပြောပါတယ်။ ငြိမ်းချမ်းရေးလိုလားတဲ့အကြောင်း သူတို့ပြောပါတယ်။ ပြီးတော့ ခုလည်းပဲ ဒီလိုတိုက်ပွဲတွေဖြစ်နေတဲ့ကြားမှာ DPN ခေါင်းဆောင်တွေ အဖွဲ့လိုက်လာပြီးတော့ ဒီမှာ အစည်းဝေးလာတတ်ပါတယ်။ ဒီလိုအစည်းဝေးလာတတ်တဲ့ဟာကြီးက ဘာကိုပြလဲဆိုတော့ သူတို့လည်းပဲ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါချင်တယ်။ ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို ကျွန်တော်တို့ အားလုံးပူးပေါင်းဆောင်ရွက်မှပဲအောင်မြင်မယ်" ဟု ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းကပြောဆိုသည်။

ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ကျင်းပသည့် နိုင်ငံရေးမူဘောင်ပြန်လည်သုံးသပ်ခြင်းအစည်းဝေး အပြီးတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းဝေးကို အစိုးရနှင့်တပ်မတော်ဘက်မှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားလက်နက်ကိုင် EAO ဘက်မှကိုယ်စားလှယ်များ၊ အပစ်ရပ်လက်မှတ်မထိုးရသေးသည့် DPN ဘက်မှကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့မှ ကိုယ်စားလှယ်များ တတ်ရောက်ခဲ့ပြီး အမျိုးသားအဆင့်နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲကျင်းပနိုင်ရေးလုပ်ငန်းလမ်းညွှန်များ နှင့် NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့များ လက်မှတ်ရေးထိုးနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၁၈ရက်မှ စတင်ကျင်းပခဲ့ပြီး ယနေ့ (၂၀ရက်နေ့)တွင် ပြီးစီးရန် လျားထားသော်လည်း ဆွေးနွေးမှုများ မပြီးပြတ်သေးသည့်အတွက် ၂၁ရက်တွင် ဆက်လက်ဆွေးနွေးကြမည်ဖြစ်သည်။

ကချင်၊ ရှမ်းနှင့် ကရင်ပြည်နယ်များတွင် မြန်မာ့တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ်တန့်ပေးရန်နှင့် ညှိနှိုင်းဆွေးနွေး အဖြေရှာနိုင်ရေး စစ်ရေးနည်းဖြင့် ဖြေရှင်းနေမှုကို အမြန်ဆုံး ရပ်တန့်ပေးရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က အောက်တိုဘာလ ၈ ရက်နေ့တွင် တောင်းဆိုခဲ့သည်။

UNFC အနေဖြင့် ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း ဦးသိန်းစိန် အစိုးရ လက်နက်က နိုင်ငံရေးမူဘောင် ညှိနိုင်းဆွေး နွေးခြင်း၊ NCA ကို ၂၀၁၃-၂၀၁၅ ခုနှစ်အတွင်း အစိုးရနှင့် ညှိနိုင်းဆွေးနွေး၍ နှစ်ပေါင်း ၇၀ နီးပါးကြာ ပြည်တွင်း စစ်ကို အပြီးတိုင် ရပ်စဲနိုင်ရန် ကြိုးပမ်းခဲ့ သော်လည်း ဦးသိန်းစိန်အစိုးရက NCAတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အား လုံး ပါဝင်ခွင့်ကို လက်မခံခဲ့သဖြင့် ယနေ့တိုင် စစ်ပွဲများ အနိဌာရုံများကို ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေရကြောင်း အောက်တိုဘာ ၈ ရက် UNFC မှ ထုတ် ပြန်ချက်တစ်ခု တွင်ထုတ်ပြန်ထားသည်။

No comments: