မာန်ယုကျော် (ရွှေဝမြေ)
ဆူပူမှုဖြစ်နေသည့် မောင်တောမြို့နယ်တွင် ကျောင်းဆရာတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရ၍ မောင်တောမြို့နယ် ပြည်သူ့ဆေးရုံတွင် အရေးပေါ်လူနာအဖြစ်ဆေးကုသခံနေရသည်။
သေနတ်ဖြင့်ပစ်ခတ်ခြင်းခံရသူမှာ မောင်တောမြို့နယ်တောင်ပိုင်းရှိကန်သာယာ(အထက်)ကျေးရွာမှ မြိုလူမျိုး အလွတ်တန်းကျောင်းဆရာဖြစ်သူဦးသန်းထွန်း (၃ဝ နှစ်ခန့်)ဖြစ်သည်။
“သူ့ဗိုက်မှာ သေနတ်ဒဏ်ရာတစ်ချက် တွေ့ပါတယ်။ ခုချိန်ထိတော့ သတိမရသေးဘူး”ဟုဆေးရုံသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် မောင်တောမြို့ခံတစ်ဦးကပြောသည်။
ဦးသန်းထွန်းသည် အောက်တိုဘာလ ၁၅ ရက်နေ့ နံနက်ပိုင်းက တောထဲတွင်ဝါးခုတ်သွားစဉ် ယခုကဲ့သို့ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး သွေးအိုင်ထဲလဲနေသည့် သူ့အား မိသားစုဝင်များကတွေ့ရှိခဲ့၍ မောင်တောဆေးရုံသို့ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
သူ့အား မည်သည့်အဖွဲ့က ပစ်ခတ်ခဲ့သည်ဆိုသည်ကို နိရဉ္စရာက သီးခြားအတည်ပြုချက်မရသေးသော်လည်း အကြမ်းဖက် စီးနင်းတိုက်ခိုက်သူ အုပ်စုခွဲများ၏ လက်ချက်ဟု ဒေသခံများက ပြောဆိုသည်။

No comments:
Post a Comment