စိုင်းအောင်ဆိုင်း
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် မူးယစ်ဆေးဝါးများနှင့်အတူ ဒေသတွင်းလှုပ်ရှားနေသည့် ပြည်သူ့စစ် တပ်ဖွဲ့၏ ၀တ်စုံနှင့်အသုံးအဆောင်များဖမ်းဆီးရမိကြောင်းသိရသည်။
အောက်တိုဘာလ ၂၁ ရက်နေ့က လာရှိုးမြို့၊ ရပ်ကွက်(၁) လမ်းမတော်လမ်းတွင် အိုက်နောင် (ခ) အိုက်လောင် ( ခ) လူစီအမ် မောင်းနှင်လာသောမော်တော်ဆိုင်ကယ်အား တားဆီးစစ်ဆေးစစ်ဆေးရာ သေနတ်တလက်ဖမ်းဆီးမိပြီး မူးယစ်ဆေးဝါးများ နှင့်အတူ ပြည်သူ့စစ်ဝတ်စုံများ ကိုပါနောက်ဆက်တွဲစစ်ဆေး တွေ့ရှိရခြင်းဖြစ်သည်ဟု ဆိုပါသည်။
သူ့ဆိုင်ကယ်ထဲကနေ ပစ္စတိုတစ်လက်၊ ကျည်ကဒ်နဲ့ သူ့ဘောင်းဘီအိတ်ထဲကနေ ဘိန်းမဲတွေကိုဖမ်း ဆီးရမိတယ်။ အခုသူ့ကို စစ်ဆေးနေဆဲ။ သူဘယ်အဖွဲ့ထဲကလည်းဆိုတာ စစ်ဆေးသိရှိပြီဖြစ်ပါတယ်။ ထုတ်ပြန်လို့တော့မရသေးဘူး – ဟု တာဝန်ကျရဲတပ်ဖွဲ့ဝင်က သျှမ်းသံတော်ဆင့်သို့ ပြောသည်။
အဆိုပါအမှုနှင့် ဆက်စပ်ပြီး အမှတ် ၄ ရပ်ကွက် ဇီဇဝါလမ်းရှိ ၄င်း၏နေအိမ်သို့ ထပ်မံရှာဖွေရာ ကျည်ဆံ စစ်အသုံးအဆောင် ပစ္စည်းများ၊ စစ်ဝတ်စုံများ၊ ထပ်မံဖမ်းဆီးရမိကြောင်း၊ ဘိန်းဆီရည်ဟုယူဆရသည့် အမဲရောင်အရည် ၂၇ မီလီ လီတာတို့လည်း ဖမ်းဆီးရမိကြောင်း၊ ကွတ်ခိုင်အခြေစိုက်ပြည်သူ့စစ်တပ်ဖွဲ့ တဖွဲ့မှ တပ်ဖွဲ့ဝင်ဖြစ်ကြောင်းသိရသည်။
တရားမဝင် မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းများ လက်ဝယ်ထားရှိကိုင်ဆောင်မှုဖြင့် အိုက်နောင် (ခ)လူစီအမ် အသက်(၄၂)နှစ်၊ မုန်းဝန်း/တရုတ်/ဗုဒ္ဓဘာသာ၊ ကျဘမ်းအလုပ်သမား ဆိုသူအား ပြစ်မှုအမှတ်(ပ)၁၆၁/၂၀၁၆၊ မူးယစ်ဆေးဝါးအမှု ပုဒ်မ ၁၅/၁၆(ဂ)/၂၂(ခ) ဖြင့် လာရှိုးမြို့မ ရဲစခန်းမှ အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း တာဝန်ကျရဲအရာရှိ တဦးက ပြောသည်။

No comments:
Post a Comment