မဇ္ဈိမ
လာမည့် သုံးနှစ်တာ ကာလအတွင်းတွင် မြန်မာနိုင်ငံ အပါအဝင် အရှေ့အာရှ နှင့် ပစိဖိတ် ဒေသရှိ နိုင်ငံများ၏ စီးပွားရေး ကြီးထွားဖွံ့ဖြိုးမှုမှာ ကြံ့ကြံ့ခံနိုင်မည့် အခြေအနေမျိုးတွင် ဆက်ရှိနေလိမ့်မည်ဟု မျှော်လင့်ရကြောင်း အောက်တိုဘာလ ၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ် အစီရင်ခံစာသစ်က ဆိုသည်။
သို့ရာတွင် ဒေသတွင်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ပတ်သတ်၍ အရေးကြီးသည့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရဆဲ ဖြစ်ပြီး၊ ဒေသတွင်း နိုင်ငံများအနေဖြင့် ဘဏ္ဍာရေး ပြဿနာများကို လျှော့ချနိုင်ရန်အတွက် လုပ်ဆောင်စရာများ ရှိနေသည်။ ရေရှည်တွင် ဒေသတွင်းနိုင်ငံများ အနေဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ ကွာဟချက်များကို ဖြည့်ဆည်းခြင်း၊ အာဟာရ ချို့တဲ့မှု လျှော့ချခြင်း၊ ဘဏ္ဍာရေးကဏ္ဍတွင် ပါဝင်ပတ်သတ်မှုကို ချဲ့ထွင်ခြင်း စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာက အကြံပြုထားသည်။
တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုမှာ နှေးကွေးသွားမည်ဟု မျှော်လင့်ရသော်လည်း ပိုမို၍ ကြံ့ကြံ့ခံနိုင်မည့် အနေအထားမျိုးတွင် ဆက်ရှိနေလိမ့်မည်ဟု အစီရင်ခံစာသစ်က ဆိုခဲ့ပြီး၊ ယခုနှစ်တွင် ဖွံ့ဖြိုးမှုနှုန်း ၆ဒသမ၇ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၇ ခုနှစ်တွင် ၆ဒသမ၅ ရာခိုင်နှုန်း နှင့် ၂၀၁၈ ခုနှစ်တွင် ၆ဒသမ၃ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု ဆိုသည်။ အရှေ့အာရှ နှင့် ပစိဖိတ်ရှိ ကျန်ဒေသများတွင် ဖွံ့ဖြိုးမှုနှုန်းမှာ ယခုနှစ်တွင် ၄ဒသမ၈ ရာခိုင်နှုန်း၊ ၂၀၁၇ခုနှစ်တွင် ၅ ရာခိုင်နှုန်း နှင့် ၂၀၁၈ခုနှစ်တွင် ၅ဒသမ၁ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း ဆိုခဲ့သည်။ ဒေသတစ်ခုလုံး ခြုံငုံကြည့်လျှင် ၂၀၁၆ ခုနှစ်တွင် အရှေ့အာရှဒေသ၌ ဖွံ့ဖြိုးမှုနှုန်း ၅ဒသမ၈ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု မျှော်လင့်ရကာ ၂၀၁၇-၂၀၁၈ တွင် ၅ဒသမ၇ ရာခိုင်နှုန်း ရှိလိမ့်မည်ဟု မျှော်လင့်ရကြောင်း အစီရင်ခံစာသစ်က ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆-၂၀၁၇ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းမှာ ဆက်လက်ခိုင်မာလျက် ရှိသော်လည်း ငွေကြေးဖောင်းပွမှု မြင့်မားလျက်ရှိကြောင်း အစီရင်ခံစာက ထောက်ပြထားသည်။ မြန်မာနိုင်ငံတွင် လက်ရှိကာလအတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှုန်းမှာ ၇ဒသမ၈ ရာခိုင်နှုန်း ရှိမည်ဟု ခန့်မှန်းထားကာ ငွေကြေးဖောင်းပွမှုနှုန်းကို ၈ဒသမ၅ ရာခိုင်နှုန်းသို့ လျှော့ချနိုင်လိမ့်မည်ဟု မျှော်လင့်ရကြောင်း ဆိုသည်။ မြန်မာနိုင်ငံသည် ကာလတို မက္ကရိုစီးပွားရေး တည်ငြိမ်မှုရှိရေး ဆိုင်ရာ စိန်ခေါ်မှုများကိုလည်း ရင်ဆိုင်နေရကြောင်း ကမ္ဘာ့ဘဏ် အစီရင်ခံစာက ဖော်ပြထားသည်။ဘဏ္ဍာရေး စေ့စပ်သေချာမှု၊ ငွေကြေးဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာအောင် မြှင့်တင်ခြင်း၊ ငွေကြေးဖလှယ်မှု နှုန်းထား တည်ငြိမ်မှု၊ ဘဏ်လုပ်ငန်း စီမံခန့်ခွဲကြီးကြပ်မှု အရည်အသွေးများ မြှင့်တင်ခြင်း စသည့် ဆောင်ရွက်မှုများသည် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများကို ထိန်းချုပ်ရာတွင် အထောက်အကူပြုနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုနှင့် ပတ်သတ်၍ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှ နှင့် ပစိဖိတ်ဒေသ စီးပွားရေး အရာရှိချုပ် Sudhir Shetty က “အလားအလာကောင်းတွေ ရှိပေမဲ့၊ ဒေသတွင်း စီးပွားရေးဖွံ့ဖြိုးမှုမှာ အရေးကြီးတဲ့ စိန်ခေါ်မှုတွေ ရှိနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပိုမိုကျပ်တည်းလာတာ၊ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု ထပ်ပြီး နှေးကွေးလာတာ၊ တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးမှု မျှော်လင့်ထားတာထက် ပိုနှေးလာတာ စတာတွေဟာ အရှေ့အာရှရဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို စမ်းသပ်ပါလိမ့်မယ်။ အဲဒီ မသေချာ မရေရာမှုတွေကြောင့် စီးပွားရေးမူဝါဒ ချမှတ်သူတွေဟာ လတ်တလော နှစ်တွေမှာ ရှိခဲ့တဲ့ ဘဏ္ဍာရေး ဟန်ချက်မညီမှုတွေ လျှော့ချဖို့ အရေးကြီးပါတယ်။
ရေရှည်ကာလနှင့် ပတ်သတ်၍၊ ဘက်စုံဖွံ့ဖြိုးမှုကို မြှင့်တင်နိုင်မည့် မူဝါဒနည်းလမ်းဆိုင်ရာ နယ်ပယ်လေးခုကိုလည်း အစီရင်ခံစာက အကြံပြုခဲ့သည်။
ပထမ အချက်မှာ တရုတ်နိုင်ငံအနေဖြင့် ကျေးလက်ဒေသနေ ပြည်သူများ နှင့်၊ မြို့ကြီးများသို့ ပြောင်းရွှေ့လာကြသူများအတွက် အခြေခံ ဝန်ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာအောင် စီမံပေးခြင်းအားဖြင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချကာ၊ အတိတ်က အောင်မြင်မှုပေါ်တွင် ဆက်လက်တည်ဆောက်သွားရန် အစီရင်ခံစာက အကြံပြုထားသည်။
ဒုတိယအချက်မှာ ဒေသတွင်းရှိ အခြားနိုင်ငံများ အနေဖြင့် အများပြည်သူဆိုင်ရာ အသုံးစရိတ်များ ဟန်ချက်ညီလာအောင် ပြန်လည် ထိန်းညှိခြင်းအားဖြင့် အခြေခံအဆောက်အအုံဆိုင်ရာ ကွာဟချက်များကို ဖြည့်ဆည်းပေးခြင်း၊ public-private ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း နှင့် အများပြည်သူဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး ပိုမိုထိရောက်မှု ရှိလာအောင် ဆောင်ရွက်ခြင်းတို့ကို လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြုထားသည်။
တတိယအချက်မှာ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက်ရှိသော အာဟာရချို့တဲ့မှု ပြဿနာကို မူဝါဒ ချမှတ်သူများအနေဖြင့် ကိုင်တွယ်ဖြေရှင်းကြရန် အစီရင်ခံစာက တိုက်တွန်းထားသည်။ ကလေးသူငယ်များ အာဟာရ ချို့တဲ့မှုမှာ နိုင်ငံတော်တော်များများတွင် ဖြစ်ပေါ်လျက်ရှိကာ အတန်ငယ် ကြွယ်ဝသော နိုင်ငံများတွင်ပင် တွေ့ရှိရကြောင်းနှင့် အာဟာရချို့တဲ့မှုသည် ကျန်းမာရေး နှင့် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုများသို့ ဦးတည်သွားစေနိုင်ကာ၊ ထိုကဲ့သို့ ချို့တဲ့မှုများ ဖြစ်လာလျှင် ဖြေရှင်းရန် ခက်ခဲကြောင်း ထောက်ပြထားသည်။ ကလေးသူငယ် ဖွံ့ဖြိုးရေး အစီအစဉ်များ၊ အာဟာရ ဖြည့်တင်းပေးရေး အစီအစဉ်များ ဆောင်ရွက်ခြင်း စသည်တို့ အပါအဝင် သင့်လျော်သော အစီအစဉ်များကို ညှိနှိုင်းလုပ်ဆောင်သွားကြရန် အစီရင်ခံစာက အကြံပြုထားသည်။
နောက်ဆုံးအချက်အနေဖြင့်၊ ဘဏ္ဍာရေး ဝန်ဆောင်မှုများအား အသွင်ပြောင်းခြင်း နှင့် အားလုံးအတွက် အဆင်ပြေမည့် ဘဏ္ဍာရေးစနစ် ဖော်ဆောင်ခြင်း စသည်တို့တွင် နည်းပညာကို ထိရောက်စွာ အသုံးချကြရန် ဒေသတွင်းနိုင်ငံများကို အကြံပြုထားသည်။ အရှေ့အာရှ နှင့် ပစိဖိတ် ဒေသမှာ နည်းပညာ တိုးတက်မှုရှိကာ လက်ကိုင်ဖုန်း အသုံးပြုမှုလည်း မြင့်မားသော်လည်း၊ ဘဏ္ဍာရေး ဝန်ဆောင်မှုကဏ္ဍ တွင် နောက်ကျ ကျန်နေကြကြောင်း အစီရင်ခံစာက ဆိုသည်။ ဘဏ္ဍာရေးဆိုင်ရာ ဆန်းသစ်ပြောင်းလဲခြင်းမှနေ၍ အကျိုးကျေးဇူးများကို ရိတ်သိမ်းနိုင်ရန်အတွက် နိုင်ငံများအနေဖြင့် သက်ဆိုင်ရာ ဥပဒေမူဘောင်များ အားကောင်းလာအောင် ဆောင်ရွက်ခြင်း၊ စားသုံးသူ အကာအကွယ်ပေးရေး အစီအစဉ်များ မြှင့်တင်ခြင်း စသည်တို့ကို ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း အစီရင်ခံစာက ဆိုခဲ့သည်။
No comments:
Post a Comment