ဖြူနှင်းဝေ (စစ်တွေ)
ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောမြို့နယ်များမှ ထွက်ပြေးတိမ်းရှောင်လာကြပြီး စစ်တွေမြို့တွင် ခိုလုံနေကြသူများသည် အစိုးရကစီစဉ်ပေးထားသော စစ်တွေမြို့ ဓည၀တီ ဘောလုံးကွင်း ရွက်ဖျင်တဲများတွင် နေထိုင်နေကြရပြီး အခက်အခဲများရှိနေသည်ဟုသိရသည်။
အောက်တိုဘာလ ၂၃ရက်နေ့ နေ့လယ်ပိုင်းက စစ်တွေမြို့ ဓည၀တီဘောလုံးကွင်းရှိ ဒုက္ခသည်များကို သွားရောက်မေးမြန်းစဉ် ယင်းသို့ပြောကြားခဲခြင်းဖြစ်သည်။
” အခုလက်ရှိမှာတော့ မိုးရွာလို့ အိပ်တဲ့နေရာတွေကို ရေပြည့်လာတဲ့အတွက် ညဖက်မှာ ကလေးတွေကိုခေါ်ပြီး ဘောလုံးကြည့်တဲ့စင်ကို ပြောင်းပြီးအိပ်ရပါတယ်။ အခုဆိုရင်လည်း ရေတွေ့နဲ့မို့လို့ ရေမစိုတဲ့နေရာလေးမှာ နေကြတယ်လေ။ မိုးရွာရင် ရေ၀င်တယ်။ နေသာလာရင်လည်း တအားပူတယ် မနေနိုင်ဘူး။ ပူလွန်းလို့ ခေါင်းကိုက်တယ်။ ဒီနေ့ မနက်ပိုင်းကဆိုရင် မိန်းကလေးတစ်ယောက် အသက်ရှုကျပ်လာလို့ ဆေးရုံ တက်သွားရတယ်လေ။ ထမင်းဟင်းတွေ့ကိုတော့ စစ်တွေမြို့မှာရှိတဲ့ ရက်ကွက်တွေက ထမင်းထုပ်ပို့ကြတယ်။ ထမင်းစားရတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် ထမင်းစားဖို့ ပန်းကန်ကမရှိဘူး။ အခုဆိုရင် ဆောင်းရာ သီဝင်လာပြီဆိုတော့ အေးလာပြီ အခုတော့ တစ်မိသားစုကို စောင်တစ်ထည်စ်ီပေးတယ်။ ကလေးတွေ့နဲ့ အသက်ကြီးပိုင်တွေကို အဓိကပေးတာလေ” ဟု မောင်တောမြို့နယ် ဗောထီးကုန်းကျေးရွာက တိမ်းရှောင်လာသူ ဒေါ်ဦးရွှေကြည်ကပြောသည်။
မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်းကျေးရွာမှ ပြောင်းရွှေ့လာသည့် ဦးမောင်ဝင်းကလည်း
” ဒီကိုပြောင်းလာကြတာကတော့ ကြောက်လို့လေ။ ဒီမှာနေရတာက စားရတော့ အဆင်ပြပါတယ်။ ဒါပေမယ့် နေရထိုင်ရတာကျတော့အဆင်မပြေဘူး။ မိုးရွာရင် ရေတွေဝင်လာတယ်။ ပူရင်လည်း တအားပူတယ်”ဟုပြောသည်။
ယင်းသို့ နေပူဒဏ်ခံရ၍ ခေါင်းကိုက်၊ ဖျားနာမှုများရှိလာ၍ လက်ရှိတွင် စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူနေရသူ ၈ ဦးခန့်ရှိပြီ ဟုဆိုသည်။
ထိုအပြင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၈ ဦးပါလာသူထဲမှ တစ်ဦးမှာ စစ်တွေဆေးရုံတွင် တက်ရောက် မွေးဖွား ခဲ့ပြီဖြစ်ကြောင်း သိရသည်။
” ဒါက ယာယီစခန်းဖြစ်တဲ့အတွက် တစ်ခြားနေရာကို ပြောင်းထားပေးဖို့အစီစဉ်မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့မှာက သူတို့အိမ်ရှိတယ်၊ သူတို့မှာကရွာရှိတယ်လေ။ သူတို့ကို ဒီမှာမပျော်လာစေချင်ဘူးလေ။ အခုရွာတဲ့ မိုးက မုန်တိုင်းမိုးပါ။ သူတို့ကို မိုးရွာတာနဲ့ သက်ကြီးတွေနဲ့ ကလေးတွေကို ပွဲကြည့်ဆောင်အောက်က ဟောခန်းတွေမှာ ပြောင်းထားပါတယ်။ အခုဆေးရုံတက်နေရတဲ့ လူနာတွေကိုလည်း ကျွန်တော်ဖက်က တာဝန်ခံတစ်ယောက်နဲ့ လွှဲထားပါတယ် ” ဟု စစ်တွေမြို့တွင် ရောက်ရှိနေသော ဒုက္ခသည်များအတွက် တာဝန်ယူဆောင်ရွက်ပေးနေသည့် စစ်တွေ လူမှုအဖွဲ့အစည်းများကိုယ်စားပြု ကော်မတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးစိုးနိုင်က နိရဉ္စရာ သတင်းဌာနသို့ပြောသည်။
ယခုအချိန်တွင် ဆောင်ဦးရောက်လာပြီဖြစ်သဖြင့် ရာသီဥတုအေးလာပြီဖြစ်၍ စောင်များအရေးပေါ်လိုအပ်နေသည်ဟု ဒုက္ခသည်များထံမှလေ့လာသိရှိရသည်။

No comments:
Post a Comment