Thursday, October 20, 2016

တိုင်းဒေသကြီး ၀န်ကြီးထံတိုင်သည့် ကျောင်းအုပ်ဆရာမကို မြို့နယ် ပညာရေးမှူးရုံးတွင် ခံဝန်ခေါ်ထိုးခိုင်း

စည်သူမောင်မောင်

ဒုပညာရေးမှူး၊ လက်ထောက်ပညာရေးမှူးတို့က မောက်မာစွာ ဆက်ဆံသည်ဟုဆိုကာ တိုင်းဒေသကြီး လူမှုရေး ၀န်ကြီးထံ တိုင်ကြားခဲ့သည့်အတွက် ဘိုကလေးမြို့နယ် လတာချောင်းကျေးရွာ အခြေခံ ပညာမူလတန်းလွန်ကျောင်း ကျောင်းအုပ်ဆရာမ ဒေါ်နွယ်နီမြင့်အား ဘိုကလေးမြို့နယ်ပညာရေးမှူးရုံးတွင် ခံဝန်လက်မှတ်ရေးထိုးစေခဲ့သေည်လည်း မထိုးခဲ့ကြာင်း သိရသည်။

" ၁၄ရက်နေ့ ညပိုင်းက ဖုန်းဆက်လို့ ကျွန်မ နောက်တစ်နေ့မနက် ၉နာရီလောက်မှာ သွားတွေ့တယ်။ ဆင့်ကျော် တိုင်ကြားတယ်ဆိုပြီးတော့ နောက်တစ်ခါ ဆင့်ကျော်မတိုင်ဖို့ဆိုပြီးတော့ ၀န်ခံကတိ လက်မှတ်ထိုးခိုင်းတယ်။ ပထမ တစ်ခါလည်း မထိုးဘူး။ ခုတစ်ခါလည်းမထိုးဘူးဆိုရင်တော့ ဆရာမဘက်က များသွားပြီပေါ့။ သူတို့ဖက်က ထိုးစေချင်တဲ့ ဆန္ဒရှိတယ်ပေါ့။ မြိုကနယ် ပညာရေးမှူးကြီးက စာရွက်လာပေးတယ်။ ထိုးနိုင်ရင်လည်းထိုးတဲ့အကြောင်း မထိုးနိုင်ရင်လည်း မထိုးနိုင်တဲ့အကြောင်း သီးခြားစာရွက်မှာ ရေးပေးပါဆိုလို့ ကျွန်မက လက်မှတ်မထိုးနိုင်ပါဆိုတာကို အောက်ကနေ လက်မှတ်ထိုးထားပေးခဲ့ရသေးတယ်"ဟု ဆရာမဒေါ်နွယ်နီမြင့်က ပြောသည်။

၎င်းတို့အနေဖြင့် မြို့နယ်ပညာရေးမှူးရုံးမှ ၀န်ထမ်းများ၏ မောက်မာစွာ ပြောဆိုဆက်ဆံခြင်းကို ယခုအထိ ခံနေရ သည့် အပြင် လက်ထောက်မြို့နယ်ပညာရေးမှူး ဦးသိန်းမြင့်အောင်မှ အကြိမ်ကြိမ် သူမအား ကြိမ်းမောင်း ခြိမ်းခြောက်ကြောင်း ဆရာမ ဒေါ်နွယ်နီမြင့်က ဧရာဝတီတိုင်းဒေသကြီး လူမှုရေးဝန်ကြီးထံဒေါက်တာ လှမြတ်သွေးထံသို့ ဇွန်လ၂၉ ရက်နေ့ က တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ တိုင်ကြားမှုကြောင့် ဆရာမ ဒေနွယ်နီမြင့်အား ဇူလိုင်လအတွင်း၌ တစ်ကြိမ် အောက်တိုဘာလ ၁၄ ရက်နေ့တွင် တစ်ကြိမ် မြို့နယ် ပညာရေးမှူးရုံးသို့ ခေါ်ယူ၍ ခံဝန်ရေးထိုးခိုင်းခြင်းကြောင့် ၀န်ကြီးထံသို့ ထပ်မံ၍ အသိတိုင်ကြားထား ကြောင်း သိရသည်။

လူမှုရေးဝန်ကြီးထံသို့ တင်ပြစာတွင် " ဝန်ကြီးထံတိုင်ကြားမှုများအား အဆင့်ကျော်၍တိုင်ကြားသည် ၊ချဲ့ကား တိုင်ကြားသည်၊ အသိပေးအကြောင်းကြားသည်ဟု ဆို၍လည်းကောင်း မြို့နယ်ပညာရေးမှူးရုံးတွင် လက်မှတ်ရေးထိုးခိုင်ကြောင်း၊ မတရားမှုများအား အမှန်မဖော်ထုတ်စေရန် ခြိမ်းခြောက်သည်ဟု ထင်မြင်ယူဆသဖြင့် လက်မှတ်မရေး ထိုးခဲ့ကြောင်း" တင်ပြစာတွင် ကျောင်းအုပ်ဆရာ မဒေါ်နွယ်နီမြင့်က ထည့်သွင်းဖော်ပြထားသည်။

ယင်းသို့ တင်ပြရခြင်းမှာ ပညာရေးဌာနတွက် ဝန်ထမ်းအချင်းချင်း ချုပ်ကိုင်မှုများ၊ အမှန်တရားများကို မဖော်ထုတ်ရဲ စေရန် ထိန်းချုပ်မှုများကိုသိရှိရန်နှင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ လက်မှတ်ထိုးခိုင်းမှုအား ဝန်ကြီးချုပ်ထံ တင်ပြကာ တိုင်းပညာရေးဌာနကို စစ်ဆေးခိုင်းမည့်အပြင် သက်ဆိုင်ရာ ပြည်ထောင်စု ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြပြီး ဝန်ထမ်း စည်းမျဉ်း စည်းကမ်းအတိုင်း လုပ်ဆောင်သွားမည်ဟု လူမှုရေး ဝန်ကြီး ဒေါက်တာလှမြတ်သွေးက ဆိုသည်။

No comments: