Tuesday, October 4, 2016

စစ်တွေမြေ ကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမရှိဟု ၀န်ကြီးချူပ်ဟောင်း ဦးမောင်မောင်အုန်း ပြော

ရဲနိုင်(လောက်ကိုင်)၊ RiA

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင် ပတ်သက်နေသည်ဆိုသည့် စစ်တွေမြို့၊ ဆတ်ရိုးကျ တဖက် ကမ်းရှိ လယ်မြေများ သိမ်းဆည်းမှုနှင့် ပုဂ္ဂလပိုင်ပြုမှုတို့သည် မိမိနှင့် သက်ဆိုင်မှု လုံးဝမရှိကြောင်းနှင့် သူ့ နောက် တာဝန်ယူခဲ့သည့် ဦးမြအောင်တွင်သာ တာဝန်ရှိကြောင်း ပြည်နယ်ဝန်ကြီးချူပ်ဟောင်း ဦးမောင်မောင်အုန်းက ပြောသည်။

“ကျွန်တော်က ရွေးကောက်ပွဲဝင်ဖို့ အတွက် ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ထွက်ပြီးတော့ အငြိမ်းစားယူခဲ့ပါတယ်။ အဲဒီ နောက်ပိုင်း ၂၀၁၆ ခုနှစ် မတ်လကျမှ မြေကွက်တွေ ချပေးတယ်ဆိုတာ သိရပါတယ်။ ကျွန်တော်နဲ့က ၈ လ လောက် ကွာ သွားတော့ ကျွန်တော်လည်း ဒီကိစ္စတွေကို ဘာမှမသိပါဘူး။ ဌာနဆိုင်ရာတွေရော မြို့မိမြို့ဖ တွေရော တာဝန်ရှိတဲ့သူတွေ အတွက်ရော ကျွန်တော့နောက်က အစိုးရက မြေကွက်တွေ ချပေးထားတယ်ဆို တာကို သိရတာပါ။ အခုလည်း ဒါနဲ့ ပါတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးရေးတွေလုပ်နေပါတယ်။ သူ့ဟာသူ အ ဖြေပေါ်လာမှာပါ။” ဦးမောင်မောင်အုန်းက ဆိုသည်။

ဦးသိန်းစိန် အစိုးရ လက်ထက် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် ပထမဆုံး ဝန်ကြီးချုပ်အဖြစ် ဦးလှမောင်တင်က တာဝန် ထမ်းဆောင်ခဲ့ပြီး ဗိုလ်ချုပ်မောင်မောင်အုန်းမှာ ၂၀၁၄ ခုနှစ် အစောပိုင်း ကာလမှသာ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ကာ ယခု လက်ရှိ ဖြစ်ပွားနေသည့် မြေယာပြဿနာမှာ တတိယမြောက် ဝန်ကြီးချုပ်အဖြစ် တာဝန် ယူခဲ့ သော ဦးမြအောင်၏ လက်ထက်တွင် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချူပ်ဟောင်း ဦး မောင်မောင်အုန်းက ပြောသည်။

“ကျွန်တော်က ပါဝင် ပတ်သက်မှု မရှိခဲ့တော့ ဒီကိစ္စနဲ့ ပါတ်သက်ပြီး ဘာဖြေရှင်းချက်မှ မပေးချင်ပါဘူး။ ကျွန် တော် လုပ်တာလည်း မဟုတ်ဘူး။ ဆိုင်လည်း မဆိုင်ပါဘူး။ ကျွန်တော်နဲ့ ဒီမြေသိမ်းတဲ့ ကိစ္စနဲ့ ပတ်သက်မှုမရှိ ကြောင်းကို ပြည်သူတွေကို သိရှိစေချင်ပါတယ်။ နောက်ပိုင်းမှာ တာဝန်ယူရတဲ့ အစိုးရအဖွဲ့က လုပ်ခဲ့တာဖြစ်ပါ တယ်။” ဟု ဆိုသည်။

ယခုလက်ရှိတွင် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည့်အပြင် ဝန်ကြီးချုပ်ဟောင်း တစ်ဦးလည်းဖြစ်သည့် အတွက် အစိုးအရ အလှည့် အပြောင်းမလုပ်ခင်တွင် လုပ်ချင်ရာ လုပ်သွားသည်ဟူသော အမြင်မျိုး ပြည်သူ များ မြင်မည် စိုး၍ ရှင်းပြရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းက ဆိုသည်။

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် အတွင်းမှ တောင်သူ ၁၆ ဦး ပိုင်ဆိုင်သည့် လယ်မြေ ၁၄၂ ဒဿမ ၁၉၇ ဧက၊ ဓနိတော ၃ ဧကနှင့် ကျေးတောရွာမမှ တောင်သူ ၇ ဦးတို့ ပိုင်ဆိုင်သည့် ၂၄ ဒဿမ ၇၁ ဧကတို့အား စက်မှု ရပ်ကွက် တည်ဆောက်မှုကို အကြောင်းပြကာ သိမ်းဆည်းထားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မြေကိစ္စတွင် ရခိုင်ပြည် နယ် အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင်ပတ်သက်နေမှုကို စစ်ဆေးနိုင်ရန် ပြည် နယ် လွှတ်တော် မြေယာစိစစ် ရေး ကော်မတီမှ အချက်အလက်များကို စုဆောင်းလျက်ရှိသည်။

လက်ရှိတွင် သိမ်းဆည်းမြေပေါ်တွင် စစ်တွေမြို့ဖွံ့ဖြိုးရေး စီမံကိန်းများချမှတ်ကာ ဌာနဆိုင်ရာ ရုံးများ တည် ဆောက်ခြင်း၊ လူနေရပ်ကွက်များ တိုးချဲ့ခြင်း၊ တန်ဖိုးနည်းအိမ်ရာများ ဆောက်လုပ်ခြင်းတို့ ပေါ်ပေါက်လာခဲ့ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်ဟောင်းများ ပါဝင်ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်လာသဖြင့် လွှတ်တော် မြေယာစိစစ်ရေး ကော်မတီမှ စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေခြင်းလည်း ဖြစ်သည်။

No comments: