စံမောင်သန်း၊ ရန်ကုန်
ရခိုင်ပြည်နယ် မြို့တော် စစ်တွေ ကမ်းခြေတွင် တပေါင်းလပြည့်နေ့တွင်သာ တည်လေ့ရှိသော သဲပုံစေတီကို ယမန်နေ့ ၀ါကျွတ်ဆန်းသုံးရက်၊ အောက်တိုဘာ၎ ရက် အင်္ဂါနေ့တွင် လာတည်သဖြင့် ပြည်သူများ အကြား ဝေဖန်မှုများ မြှင့်တက်နေကြောင်း သိရှိရသည်။
၎င်းသဲပုံစေတီကို ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့၏ ဇနီး၏ အကူအညီတောင်းချက်အရ တည်ထားပေးခြင်း ဖြစ်ကြောင်း ကိုယ်တိုင်သဲပုံစေတီ တည်ပေးခဲ့သူ ပန်းပုဆရာ ရွှေရခိုင်ဟု လူသိများသော ဦးသိန်းလှိုင်က နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
“ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ဇနီးက သဲပုံစေတီ ပူဇော်ချင်တယ်လို့ အကူအညီတောင်းတဲ့ အတွက် တည်ပေးခဲ့ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းသဲပုံစေတီမှာ အမြင့် ၈ ပေရှိကြောင်း၊ တောင်းဆိုချက်အရ စေတီတွင် မုခ်ဝ လေးဘက် ထည့်ပေးခဲ့ရကြောင်း၊ ဌာပနာအဖြစ် ယခင် တစ်ကျပ်တန် ဒင်္ဂါးပြား တစ်ပြား ထည့်ပေးခဲ့ရကြောင်း၊ ယခုကဲ့သို့ သဲပုံစေတီကြီးကို ယခင်က တည်လေ့တည်ထ မရှိကြောင်း၊ အငယ်များ ကိုသာ တည်လေ့ရှိကြောင်း၊ သဲပုံစေတီကို မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီခွဲ အတွင်း အပြီးသတ် တည်ခဲ့ကြောင်း၊ ညနေ ၆ နာရီခွဲခန့်တွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက သာသနာ့အလံတစ်ခုကို စိုက်ထူခဲ့ကြောင်း၊ ဒီရေရောက်ပြီး ပျက်စီးသွားနိုင်သည့် နေရာအနေအထားတွင်သာ တည်ထား ခဲ့ခြင်း ဖြစ်ကြောင်း ၄င်းသဲပုံစေတီကို တည်ခဲ့သူ ပန်းပုဆရာ ရွှေရခိုင်က နိရဉ္စရာ သတင်းဌာနသို့ ဆက်လက် ပြောကြားသည်။
ယင်းသဲပုံစေတီတည်သည်မှ ပြီးဆုံးသည်အထိ စောင့်ကြည့်နေခဲ့သူ စစ်တွေမြို့မှ အမျိုးသားရေး နိုင်နိုင်ကို နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာ သူက “သဲပုံစေတီ တည်ပြီးတဲ့ နောက်ပိုင်း ညဥ့်ခါအချိန်လောက်မှာ ရဲအရာရှိ ကားတစ်စီး လာပါတယ်။ ရဲအရာရှိတစ်ဦးက စေတီအပေါ်မှာ သာသနာ့ အလံစိုက်တယ်။ နောက်ပြီးတော့ ရာဟုထောင့်နေရာမှာ အဲဒီအနီးအနားကပြောတာကတော့ ငွေဒင်္ဂါး အထပ်တစ်ထပ်ကို ဌာပနာ သဘောမျိုး ထည့်ထားခဲ့တယ်လို့ သိရပါတယ်” ဟု နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။
ရဲအရာရှိများအနေဖြင့် ယင်းသို့ သဲပုံစေတီ တည်လေ့ တည်ထရှိပြီး ယခင် ရခိုင်ပြည်နယ်တပ်ဖွဲ့မှူး လက်ထက်ကလည်း တည်ဖူးသည်ဟု အမျိုးသားရေးနိုင်နိုင်က ရှင်းပြသည်။
အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် စစ်တွေမြို့ အရှေ့တောင်ဘက် ကမ်းခြေတွင် အချိန်အခါမဟုတ် သဲပုံစေတီတည်ခြင်းနှင့် ပတ်သက်ပြီး ရခိုင်ဂမ္ဘီရပညာကို နားလည်သူ ဆရာ ဦးကျော်စံမောင်မေးမြန်းရာဓါတ်ရိုက်ဓါတ်ဆင် လုပ်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ် ပြောကြားသည်။
“သဲပုံစေတီဆိုတာက သူ့ရာသီနဲ့ သူ့အချိန်နဲ့ တပေါင်းလမှာမှ သဲပုံစေတီ တည်တာတွေရှိပါတယ်။ အခုက ရာသီအချိန်အခါ မဟုတ် တည်တယ်ဆိုတော့ ကျွန်တော်တို့ ရခိုင်ပြည်မှာ ပေါ်နေတဲ့ အတိတ်နိမိတ်တွေနဲ့ ဆက်စပ်ပြီးတော့ စဉ်းစားစရာတွေ ရှိလာပါတယ်။ ဓါတ်ရိုက်ဓါတ်ဆင်အနေနဲ့ လုပ်တယ်လို့တော့ အများကြီးပြောလို့ရပါတယ်”ဟု ၄င်းကပြောသည်။
သဲပုံစေတီ တည်ခြင်းသည် ဖြစ်ပျက်သဘောကို ပုံဖေါ်တည်ခြင်းဖြစ်ပြီး တည်ပြီးမကြာမီမှာ ဒီရေဖြင့် ပျက်စီးသွားစေရမည်ဟုလည်း သဲပုံစေတီ တည်ခြင်းသဘောတရားနှင့် ပတ်သက်၍ သူက ရှင်းပြသည်။
ရခိုင်ပြည်နယ်တွင် များမကြာမီက ကျောက်တော် မဟာမြတ်မုနိဆင်းတုတော် ကိန်းဝပ်ရာ ကုန်းတော်ပေါ်ရှိ သိမ်တော်ပုံရိပ်များ ကောင်းကင်တွင် ပေါ်ခြင်း၊ ပုဏ္ဍားကျွန်း ဦးရာဇ်တော်စေတီနှင့် ရသေ့တောင်မြို့ စေတီတွင် ဓာတ်တောက်ခြင်း၊ ယိုးတရုတ် အောင်ဆုပန်ဘုရား မေးစေ့တွင် ပျားစွဲခြင်းစသည့် နမိတ်ကောင်း အထိကရ ဖြစ်စဉ်များ ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ယခု သဲပုံစေတီ တည်ခြင်း ဖြစ်ပေါ်လာသဖြင့် ရခိုင်လူထုအကြားတွင် အမျိုးမျိုး ပြောဆိုဝေဖန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment