နန်းဆိုင်ဖူး
သံလွင်မြစ်ဝှမ်းတစ်လျှောက်တွင် နေထိုင်သည့်တိုင်းရင်းသားများမှ သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေအားလျှပ်စစ် ရေကာတာ စီမံကိန်းကြီးအားဆန့်ကျင်ကြောင်းနှင့် မြစ်ရေစီးဆင်းမှုသဘာဝကို ထိန်းသိမ်းရန်အတွက် သံလွင်သားချင်းများ၏အသံ အမည်ရ ရှင်းလင်းပွဲတရပ်ကို သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းစာပေယဉ်ကျေးမှု ခန်းမ၌ အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
သံလွင်မြစ်ဝှမ်းတစ်လျှောက်တွင်နေထိုင်သော သျှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ် နှင့် မွန်ပြည်နယ် စသည့် တိုင်းရင်းသားများ နေထိုင်ကြပြီး သံလွင်မြစ်ဝှမ်းတစ်လျှောက်သည် တိုင်းရင်းသားတို့၏ အသက်မွေးဝမ်းကြောင်း သွေးကြောမြစ်ကြီး တစ်ကြောင်း ဖြစ်ကြောင်း ကရင်ပြည်နယ် သံလွင်ထိန်းသိမ်းရေးကွန်ရက်က နန်းမိုးသောက်ပန်း ကပြောသည်။
“နန်းမိုးသောက်ပန်းပါ ကရင်ပြည်နယ် သံလွင်ထိန်းသိမ်းရေးကွန်ယက် ဒေသအခြေပြုသုတေသနတွေ လုပ်ထားတာတွေရှတယ် ငါးသုတေသနလုပ်ထားတာတွေရှိတယ် ။ အကယ်၍ သံလွင်မြစ်ပေါ်မှာ ရေကာတာတည်ဆောက်မယ်ဆိုလို့ရှိရင်တော့ သံလွင်မြစ်တစ်လျှောက်မှာနေတဲ့ တိုင်းရင်းသား အားလုံးက ခံရမှဘဲ နောက်ပြီး သံလွင်ကိုအမှီပြုပြီးတော့မှ တိုင်းရင်းသားတွေ ရဲ့ အသက်မွေးဝမ်းကြောင်းရဲ့ သွေးကြောမြစ်ကြီးတစ်ကြောင်း ဖြစ်တယ်၊ သံလွင်မြစ်ပေါ်ဆောက်မယ့် ရေကာတာကို လုံးဝလုံးဝ ကန့်ကွက်ပါတယ်” ဟု ၄င်းကပြောသည်။
သံလွင်ရေကာတာ ကန့်ကွက်သည့်အနေဖြင့် campaign ပြုလုပ်ခြင်း လက်မှတ်ကောက်ခံခြင်း ရေကာတာ ရပ်ဆိုင်းရန်အတွက် လွှတ်တော်တွင် တစ်ဆင့်ခြင်းတင်သွင်းသွားမည်ဖြစ်ကြောင်း မိုင်းပန်လူငယ်အဖွဲ့ဝင်၊ သျှမ်းပြည်တွင်း သံလွင်ရေကာတာ သုတေသတ ပြုလုပ်နေသည့် နန်းဆိုင်လောဝ်ကပြောသည်။
“သျှမ်းပြည်တွင်းမှာ ရေကာတာဆောက်လုပ်မယ်ဆိုရင် ရေကာတာ အပေါ်ပိုင်းမှာ ရောက်နေရှိတဲ့ ကွန်းဟိန်းမြို့ ကျွန်းတစ်ထောင်မြေ ဆိုရင် ရေအောက်ထဲရောက်သွားမယ်၊ အဲ့မြို့ကို ပြန်ပြီး ကုစားဖို့ဆိုတာ မရှိနိုင်တော့ဘူး အဲ့ဒါတွေ ဆုံးရှုံးမယ် အမွေအနှစ်တွေလည်း ပျောက်ဆုံးသွားမယ်”ဟု ၄င်းကပြောသည်။
သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ရေကာတာ စီမံကိန်းကြီး ၆ ခုတွင် သျှမ်းပြည်နယ်တွင်းရှိ စီမံကိန်း ၄ ခုရှိပြီး မဂ္ဂါဝပ် ရ၁၀၀ ထွက်မည့် မိုင်းတုံရေကာတာ စီမံကိန်း၊ မဂ္ဂါဝပ် ၁၄၀၀ ထွက်မည့် ကွန်လုံရေကာတာ စီမံကိန်း ၊ မဂ္ဂါဝပ် ၁၂၀၀ ထွက်မည့် နောင်ဖါရေကာစီမံကိန်း နှင့် မဂ္ဂါဝပ် ၂၀၀ ထွက်မည့် မန်တွန်းရေကာတာ စီမံကိန်းကို ယခုအစိုးရလက်ထက်တွင် ရပ်ဆိုင်းထားမည်ဖြစ်ပြီး ကယားပြည်နယ်ရှိ မဂ္ဂါဝပ် ၄၀၀၀ ထွက်ရှိမည့် ရွာသစ်ရေကာတာ စီမံကိန်း၊ ကရင်ပြည်နယ်ရှိ မဂ္ဂါဝပ် ၁၃၆၀ ထွက်ရှိမည့် ဟတ်ကြီး ရေကာတာ စီမံကိန်းတို့ ထုတ်လုပ်မည်ဖြစ်ကြောင်း သိရသည်။
သံလွင်စောင့်ကြည့်ရေးမဟာမိတ်အဖွဲ့ထဲတွင် အဖွဲ့ဝင်အနေနှင့် တာဝန်ယူထားသည့် ကိုမိုး က -“သျှမ်းပြည်နယ်မှာဆိုရင် ကွန်လုံ၊ နောင်ဖါ အထက်မိုင်းတုံရေအားလျှပ်စစ်စီမံကိန်းရှိမယ် ။ မိုင်းပန်မြစ်လက်တက်မှာ စီမံကိန်းတွေရှိမယ် ။ အဲ့တော့ ကုမ္ပဏီတွေက ကျနော်တို့ သျှမ်းပြည်နယ်ထဲမှာ မဂ္ဂါဝပ်အများကြီးတွေရှိတယ်၊ ကျနော်တို့ စိုးရိမ်ပူပန်မှုတွေအများကြီးရှိပါတယ် ၊ ဒါပေမယ့် ကျနော်တို့ ရရှိတဲ့ မဂ္ဂါဝပ်တွေကို သျှမ်းပြည်နယ် တိုင်းပြည် မြန်မာနိုင်ငံ အားလုံးက သုံးခွင့်မရှိဘူး ၉၀ ရာခိုင်နှုန်းမှ ၄၅ % တရုတ် နဲ့ ၄၅ % ထိုင်း ကိုရောင်းချမယ်ဆိုတာရှိတယ် နှစ်ပေါင်း၄၀ ကြာမှ ကျနော်တို့ရဲ့ နိုင်ငံက ပိုင်ဆိုင်တယ်ဆိုတဲ့ ကိစ္စ တစ်ခုခုမှားယွင်းနေတာလား” ဟု ပြောသည်။
သံလွင်မြစ်ပေါ်တည်ဆောက်မည့် ရေကာတာ စီမံကိန်း ၅ ခုတွင် သျှမ်းပြည်တွင်းရှိ မိုင်းတုံရေကာတာသည် သျှမ်းပြည်တွင်းသာမက အရှေ့တောင်အာရှတွင် အကြီးဆုံးရေကာတာဖြစ်ကြောင်း သိရသည်။ ဒုတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးတွင် ဒုတိယနေ့တွင် သျှမ်းပြည်တွင်းရှိ သံလွင်မြစ် ရေအားလျှပ်စစ်စီမံကိန်း လျှပ်စစ် မဂ္ဂါဝပ် တစ်သောင်းနီးပါးရှိသည့်အနက် သျှမ်းပြည်နယ် အစိုးရမှ ၃၀ မဂ္ဂါဝပ်သာ စီမံခန့်ခွဲခွင့် ရှိကြောင်း စက်တင်ဘာ ၂၀ ရက်နေ့တွင် သျှမ်းပြည်နယ် အစိုးရ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွန့်လွင် ကလွှတ်တော်တွင်း ပြောကြားခဲ့သည်။

No comments:
Post a Comment