Friday, October 28, 2016

ရန်ကုန်တွင် ယာဉ်ထိန်းရဲ ဖွဲ့စည်းပုံ၏ အင်အား ၄၈ ဒသမ ၄၉ ရာခိုင်နှုန်းသာရှိ

စိုးသူအောင်

ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲ ဖွဲ့စည်းပုံအင်အား၏ ၄၈ ဒသမ ၄၉ ရာခိုင်နှုန်ရာခိုင်နှုန်းရှိနေကြောင်း ယာဉ်ထိန်းရဲ တပ်ဖွဲ့မှူးရုံး(နေပြည်တော်)မှ ဌာနခွဲမှူး ရဲမှူး (ဦးစီး) ရဲမှူးဝင်းမြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ရန်ကုန်မြို့တွင် ယာဉ်ထိန်းရဲ လုံလောက်မှု မရှိသောကြောင့် စည်းကမ်းမဲ့ယာဉ်များ ဖမ်းဆီးရာတွင် အခက်ခဲရှိကြောင်းပြောဆိုသည်။

ရန်ကုန်မြို့တွင် ယာဉ်ထိန်းအင်အား ၉၀၀ ခန့်ရှိပြီး ယာဉ်ထိန်းရဲတစ်ဦးလျှင် ယာဉ် အစီး ၇၀၀ ခန့်ကို ထိန်းသိမ်းနေရကြောင်း ယာဉ်ထိန်းထပ်ဖွဲ့ခွဲရန်ကုန်မှ သိရသည်။

“တစ်ခုတည်းလုပ်ရတာမဟုတ်ဘူး ယာဉ်ရှင်းတဲ့အလုပ်က ရည်မှန်းချက်တာဝန် ၁ အနေနဲ့ရှင်းရတယ်။ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကိုလည်းဆောင်ရွက်ရတယ်။ ပညာပေးလုပ်ငန်းတွေလည်း လုပ်ရတယ် မြို့နယ်အလိုက်၊ နောက်ပြီး ယာဉ်တိုက်မှုကိုဖော်ထုတ်အရေးယူရတယ်။ မမျှဘူးလေ နောက်ပြီးရုံးအဖွဲ့တွေကလည်း ရုံးအဖွဲ့တာဝန်ထမ်းဆောင်ရတာပေါ့။ ထမ်းဆောင်ရတော့ ရှိတဲ့အင်အား ၉၀၀ လောက်ကို ဟိုနည်းနည်း ဒီနည်းနည်း ထမ်းဆောင်ရတာပေါ့။ အင်အားလျော့နည်းမှုတွေကဒါတွေပါတာပေါ့" ဟု ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ(၂) ရန်ကုန်မှ ရဲမှူးကြီး အောင်ကိုဦးကပြောဆိုသည်။

ရန်ကုန်မြို့တွင် အောက်တိုဘာတစ်လအတွင်း ယနေ့ အချိန်ထိ ယာဉ်စည်းကမ်းဖောက်ဖျက်မှုပေါင်း ၃၅၀၀ ခန့်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောသည်။

တာဝန် ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်အင်အားမှာ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ(၁) နေပြည်တော်တွင် ၄၆ ဒသမ ၉၂ ရာခိုင်နှုန်း၊ ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲ(၂) ရန်ကုန်တွင် ၄၈ ဒသမ ၄၉ ရာခိုင်နှုန်းနှင့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ခွဲ (၃) မန္တလေးတွင် ၄၅ ဒသမ ၄၇ ရာခိုင်နှုန်းဖြစ်သောကြောင့် ဖွဲ့စည်းပုံအင်အား၏ ၄၈ ဒသမ ၄၄ ရာ ခိုင်နှုန်း ရှိနေကြောင်း သိရသည်။

“ရန်ကုန်ကတော့ ကားအင်အားနဲ့ ယာဉ်ထိန်းရဲ အင်အားမလောက်တာတော့ အမှန်ပဲလေ ကားရဲ့ထူထပ်မှုကပဲပြောပြော ရန်ကုန်ကအများဆုံးဖြစ်နေတာလေ။ ကားရဲ့အရေတွက်နဲ့စာရင်တော့ ဒီဟာက တော်တော်ကိုနည်းသေးတာ" ဟု ရန်ကုန်တိုင်းယာဉ်စည်းကမ်း ထိန်းသိမ်းရေးအာဏာပိုင်အဖွဲ့ မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်ကပြောဆိုသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ ဖွဲ့စည်းပုံအရ အရာရှိနှင့် အခြားအဆင့်တပ်ဖွဲ့ဝင် စုစုပေါင်း ၅၈၉ဝ ရှိရမည်ဖြစ်ပြီး ယခုလက် ရှိ အင်အား ၂၈၅၃ ဦးရှိကြောင်း သိရသည်။

“လက်ရှိတော့ ယာဉ်ထိန်းရဲ တပ်ဖွဲ့အင်အားတိုးဖို့မရှိသေးပါဘူး ရှိခဲ့ရင်တော့ ကျွန်တော်တို့ တရားဝင်ထုတ်ပြန် စာ ထုတ်ပေးမှာပါ" ဟု ရဲမှူးဝင်းမြင့် ကပြောဆိုသည်။

လက်ရှိ နေပြည်တော်ယာဉ်ထိန်းရဲရုံး၏ စာရင်းအရ တစ်နိုင်ငံလုံးတွင် မော်တော်ယာဉ် ၉၇၅,၅၇၂ စီးနှင့် မော်တော်ဆိုင်ကယ် ၄၉၆,၅၁၁၇ စီး စုစု ပေါင်း ယာဉ် ၅,၉၄ဝ,၆၈၉ ရှိနေပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦးအနေဖြင့် မော်တော်ယာဉ် ၂,ဝ၈၂ စီး တာဝန်ယူ ထိန်းသိမ်းနေရသည့် သဘောဖြစ်နေသည်။

No comments: