သူဇာ
ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်မှူးကျော်နုမော်၏ နေအိမ်တွင် အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့သည့် အသက် ၈ နှစ်အရွယ် မစုဝေကို ကြိုးတုတ်ရိုက်နှက်ခဲ့သည့်အမှုမှ အရေးကြီး သက်သေ တဦးဖြစ်သည့် အမှုစစ်အရာရှိ ဒုရဲမှူး အေးမင်းသိန်းကို ယနေ့ တရားရုံးတွင် စစ်ဆေးခဲ့ကြောင်း သိရသည်။
“ လူကယ်ပြန်ဌာနဘက်က တရားစွဲဆိုတုန်းက ဘယ်သူ့ကို လိုပြသက်သေထည့်ရမှန်း သူတို့ဘက်က မသိဘူး။ အခု ကျမတို့ ဘက်က ရှေ့နေတွေ တွဲဖက် အကူအညီပေးတဲ့အခါမှာ အဓိက သက်သေတွေ ဖြစ်တဲ့ အမှုစစ် အရာရှိရယ်၊ မူခင်း ဆရာဝန်နဲ့ သက်သေပစ္စည်းတွေ သိမ်းဆည်းတုန်းက မျက်မြင်သက်သေ လက်မှတ်ထိုးတဲ့သူ စုစုပေါင်း သုံးဦးကို နောက်တိုး သက်သေအဖြစ် ထပ်မံ တင်သွင်းခဲ့တာပါ။ ဒီနေ့ သုံးယောက်ထဲက တဦးကို စတင်စစ်ဆေးတာပါ” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အမျိုးသမီးနှင့် ကလေး အခွင့်အရေးကို ကူညီပေးနေသည့် ဒေါ်မီးမီးက ဆိုသည်။
အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် မစုဝေကို ဆေးစစ်ခဲ့သည့် မှုခင်းဆရာဝန်ကို အရေးကြီးသက်သအဖြစ် ထပ်မံ စစ်ဆေးမည် ဖြစ်သည်။
အမှုစစ်အရာရှိ ဒုရဲမှူး အေးမင်းသိန်းက ရိုက်နှက်ခံရသည့် မစုဝေနှင့် ရိုက်နှက်သူ ဒေါ်သန်းနွဲ့သည် သွေးသားတော်စပ်သည်ဟု အိမ်ရှင်က ပြောဆိုခဲ့သော်လည်း စစ်ဆေးချက် အရ မည်သည့် သွေးသားတော်စပ်မှုမှ မရှိကြောင်း ရှင်းပြသည်။
“ ကျနော်တို့ ကနဦး စိစစ်တာ ဖြစ်တဲ့အတွက် အိမ်ရှင်တွေ ပြောသလို တူမနဲ့ အဒေါ်လို့ပဲ သိခဲ့တာပါ။ နောက်ပိုင်း ဖြစ်စဉ်အမှန်ကို အမှုစစ်ဆေးတဲ့အခေါမှာ ဘာမှ မတော်စပ်ဘူးဆိုတာ သိခဲ့တာပါ” ဟု သက်သေ ထွက်ဆိုခဲ့ သည့် အမှုစစ် အရာရှိ ဒုရဲမှူး အေးမင်းသိန်းက ဧရာဝတီသို့ ပြောသည်။
အသက် ၈ နှစ်အရွယ် မိန်းကလေး မစုဝေ ရိုက်နှက်ညှဉ်းပန်း ခံရမှုနှင့် ပတ်သက်၍ ရိုက်နှက်ခဲ့သူ ဒေါ်သန်းနွှဲ့ကို ကလေးသူငယ် အခွင့်အရေး ဆိုင်ရာ ဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၇ ရက်က ဗဟန်းမြို့နယ် တရားရုံး၌ စတင် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်က လူမှုကွန်ရက် စာမျက်နှာများတွင် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းသစ်ရှိ တိုက်အမှတ် 25 C/4 နေအိမ်တွင် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်တဦးကို ဒူးထောက်ထိုင်ခိုင်းကာ လက်နောက်ပြန်ထားပြီး ကြိုးတုတ်ထားသည့် ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများက စစ်ဆေးမှု ပြုလုပ်ခဲ့ရာမှ ယခုအမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်ရှိ အင်းဝအပ်ချုပ်ဆိုင်မိသားစု၏ ရိုက်နှက်နှိပ်စက်မှုကို ခံရသည့် အိမ်အကူ မိန်းကလေးငယ် ၂ ဦး၏ အမှု အပါအဝင် အိမ်အကူအမျိုးသမီးငယ်များ ရိုက်နှက်နှိပ်စက်ခံရမှုသည် ၂၀၁၀ ခုနှစ်မှ ၂၀၁၆ ခုနှစ် အောက်တိုဘာလအထိ ၁၀ မှုထက် မနည်း ဖြစ်ပွားခဲ့သည်။

No comments:
Post a Comment