Friday, October 21, 2016

မြန်မာ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အိန္ဒိယ အထောက်အကူပြုမည်ဟု ထုတ်ပြန်

မဇ္ဈိမ

အိန္ဒိယနိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုသွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံသို့ ၃ရက်ကြာသွားရောက်ခဲ့သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အပြီးတွင် ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။

"အိန္ဒိယနိုင်ငံအနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ မြန်မာနိုင်ငံ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်စေရေးများတွင် အလုပ်အကိုင်များဖန်တီးပေးခြင်း၊ အရည်အသွေးများ မြှင့်တင်ပေးခြင်း၊ လမ်းများပြန်လည်တည်ဆောက်ခြင်း၊ လျှပ်စစ်စွမ်းအား ပံ့ပိုးပေးခြင်း၊ ပညာရေးအဆောက်အဦနှင့် ကျန်းမာရေးအဆောက်အဦတို့တွင် ပံ့ပိုးကူညီခြင်းဖြင့် မြန်မာပြည်သူများ တိုးတက်စည်ပင်ဝပြောမှုများ ရရှိစေရေးအတွက် အထောက်အကူပြုပေးမည်ဖြစ်ကြောင်း" ပူးတွဲကြေငြာချက်တွင် ဖော်ပြထားသည်။

လျှပ်စစ်ဆိုင်ရာ အခြေခံအဆောက်အဦ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းနှင့် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မှုတို့သည် လူမှု၊ စီးပွားရေးတိုးတက်မှုကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ရာ အိန္ဒိယနိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားပံ့ပိုးပေးရေးအတွက် မြန်မာအစိုးရမှ ရွေးချယ်ဖော်ထုတ်ထားသည့် စီမံကိန်းများကို ခိုင်မာစေရန် ကူညီပံ့ပိုးပေးမည်ဟုလည်း ထုတ်ပြန်ထားသည့် ပူးတွဲကြေငြာချက်တွင် ပါရှိသည်။

ထို့ပြင် အိန္ဒိယနိုင်ငံအနေဖြင့် ရဲတပ်ဖွဲ့ဝင်များ၏ အရည်အသွေးမြှင့်တင်ရေးနှင့် လေ့ကျင့်ရေးအခြေခံအဆောက်အဦများ အဆင့်မြှင့်တင်ရန်လိုအပ်မှုကို အသိအမှတ်ပြုသည့်အလျှောက် ရဲလေ့ကျင့်ရေးအခြေခံအဆောက်အဦ ဆောက်လုပ်ပေးခြင်း၊ သိပ္ပံနည်းကျ အမှုအခင်းများ စစ်ဆေးခြင်းနှင့် ဆိုက်ဘာလုံခြုံရေးတို့အပါအဝင် လေ့ကျင့်ရေးသင်ရိုးများရေးဆွဲရန် အတွေ့အကြုံများမျှဝေခြင်းအား မြန်မာနိုင်ငံသို့ ပံ့ပိုးပေးရန် သဘောတူညီခဲ့ကြောင်းလည်း ထုတ်ပြန်ထားသေးသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၁၇ရက်တွင် အိန္ဒိယနိုင်ငံသို့ (၃)ရက်ကြာခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၉ရက် ညနေပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။

ခရီးစဉ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်တင်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်လင်းတို့လည်း အတူလိုက်ပါခဲ့ကြသည်။

No comments: