Kachinnews
မြန်မာ အစိုးရ စစ်သားများ ၏ သေနတ် ပစ်ရမ်း မှုကြောင့် ဝိုင်းမော် မြို့နယ် ရွှေညောင်ပင် ကျေးရွာ အုပ်စု ဒေသခံ ကချင် ရွာသား တစ်ဦး သေနတ် ကျည် ထိမှန်ပြီး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိမှု ယမန်နေ့ အောက်တိုဘာ ၁၉ ရက် က ဖြစ်ပွားခဲ့သည်။
ကချင်ပြည်နယ် မြစ်ကြီးနား-ဗန်းမော် ကားလမ်းမပေါ် ရွှေညောင်ပင် အခြေစိုက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက်အောက် ခမရ ၃၂၁ တပ်စခန်း အလွန် မှာ ဗုံး ၂ လုံး ပေါက်ကွဲ အပြီး ဗုံးပေါက်ကွဲရာ နေရာ နှင့် အလွန် ကွာဝေးသည့် ဘရီဘရာ ရွာ မှ လူ နေအိမ်များကို စစ်သားများ သေနတ် ပစ်ရမ်း ရာမှ ယခုလို ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။
သေနတ် ထိမှန် သူမှာ အသက် ၇၂ နှစ် Slg.Zinghang Bawk (ဦး ဇိန်ဟန်ဘောက်) ဖြစ်ပြီး သူ၏ အောက် မဲရိုး နှင့် ညာဘက် နားထင်မှာ ဒဏ်ရာ ရရှိခဲ့သည်။
ပစ်ခတ်မှု တစ်လျှောက် အနီးအနားမှာ အစိုးရ စစ်သားများကိုသာ တွေ့ရကြောင်း သူ၏ သား Slg. Tang Mai (ဦးတန်မိုင်) က ပြောသည်။
“မြန်မာ စစ်တပ်ကိုပဲ တွေ့ရတယ်။ ဒီကနေ ကား ၂စီးနဲ့ ဘုန်းကြီးကျောင်းနားမှာ ရပ်ထားတယ်။ အဲကနေ ဒီဘက် တစ်လျှောက်ကို ရမ်းပစ်တာ”
လက်ရှိ ဒဏ်ရာ ပြင်းထန်နေသည့် Slg. Zinghang Bawk (ဦး ဇိန်ဟန် ဘောက်) ကို မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ကုတင် ၃၀၀ စစ်ဆေးရုံးမှာ ဆေးကုသပေးနေကြောင်း သိရသည်။
ဦးခေါင်းနှင့် လည်ပင်းနား ကျည် ၂ ခုကိုလည်း ထုတ်လိုက်နိုင်ပြီဖြစ်ကြောင်း မိသားစုဝင်များကို အကြောင်းကြားရာမှ သိရသည်။
ယခု ပစ်ခတ်မှုဖြစ်ပွားခဲ့သော နေရာ တစ်ဝိုက် တပ်မတော် စစ်မှုထမ်းဟောင်း နေအိမ်များ ရှိသော်လည်း ဒေသခံ ကချင်နေအိမ်များ ဘက်ကိုသာ စစ်သားများ ပစ်ရမ်းခဲ့သည်ဟု Slg. Tang Mai (ဦး တန်မိုင်) က ပြောသည်။
ရွှေညောင်ပင် ကျေးရွာသည် လက်ရှိ တပ်မတော် ၂ လ ကျော် ထိုးစစ်ဆင်နေသော ကချင် လွတ်လပ်ရေး တပ်မတော် KIA ဗဟိုဌာနချုပ် လုံခြုံရေးအတွက် မဟာဗျူဟာအရ အရေးပါသည့် KIA တပ်ရင်း (၃) Lai Hpawng Bum နှင့် KIA လှုပ်ရှားတပ်ဖွဲ့ DND တပ်ရင်း ၂၅၂ Nhkram Bum အမာခံ စခန်းဘက်ကို သွားရာ အဓိက လမ်းဖြစ်သည်။

No comments:
Post a Comment