Monday, October 24, 2016

မုန်တိုင်းအနီရောင်အဆင့်သတ်မှတ်ထားပြီး မုန်တိုင်းဝင်နိုင်သည့် ဧရာဝတီတိုင်းအတွင်း ခရိုင်လေးခုရှိ ကျောင်းများအားလုံးပိတ်ထား

စည်သူမောင်မောင်

ဘင်္ဂလားပင်လယ်အော်ရှိ မုန်တိုင်းအား အနီရောင်အဆင့်အဖြစ် သတ်မှတ်လိုက်ကြောင်း ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်များ၌ ပြည်သူများအား လိုက်လံအသိပေးနှိုးဆော်နေပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်း ၁၃မြို့နယ်က ကျောင်းပေါင်း ၃၈၅၀အား ၂၄၊ ၂၅ရက်များတွင် ပိတ်ထားမည်ဖြစ်ကြောင်း ပညာရေးဌာနက အောက်တိုဘာ ၂၃ရက် ညနေက ထုတ်ပြန်လိုက်သည်။

"ပိတ်ထားမယ်။ ကျောင်းတွေကို အစားထိုးပြန်သင်မယ်။ အခြေခံကျောင်းတွေ မုန်တိုင်းဒဏ်ကျရင် အရေးကြီးစာရွက်စာတမ်းတွေကို ကြိုတင်စီမံထားပြီး ရေလုံအိတ်များနဲ့ထုပ်ပိုးထားခြင်း၊ အဆိုပါစာရွက်စာတန်းတွေကို အမြင့်နေရာတွေမှာ ရေလွတ်ရာနေရာတွေမှာထားခြင်း၊ သက်ဆိုင်ရုံကျောင်းတွေ မလုံခြုံရင် နီးစပ်ရာ ကြံ့ခိုင်တဲ့အဆောက်အဦးတွေ ပြောင်းရွှေထားဖို့ သက်ဆိုင်ရာမြို့နယ်ပညာရေးမှူးတွေကို အကြောင်းကြားထားတယ်”ဟု တိုင်းပညာရေးရုံး (ဦးစီးအရာရှိစီမံ)က ဦးတိုးနိုင်က မဇ္ဈိမသို့ပြောသည်။

ကျောင်းပိတ်ထားမည့် မြို့နယ်များမှာ ပုသိမ်ခရိုင်တွင် ပုသိမ်၊ ကန်ကြီးထောင့်၊ ငပုတော၊ သာပေါင်း၊ မြောင်းမြခရိုင်တွင် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မ၊ ဖျာပုံခရိုင်တွင် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်၊ လပွတ္တာခရိုင်တွင် လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြိုများ၌ ကျောင်းများပိတ်မည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်သည် ၂၄နာရီအတွင်း အားပြင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ပြီး လိမ္မော်ရောင်အဆင့်မှ အနီရောင်အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ဧရာဝတီတိုင်းအတွင်း လိုက်လံနှိုးဆော်လျက်ရှိသည်။

မုန်တိုင်းသည် ဟိုင်းကြီးကျွန်း အနောက်တောင်ဘက် ၈၅မိုင်၊ ပုသိမ်မြို့အနောက်တောင် ၁၁၅မိုင်အကွာ၊ ဂွမြို့အနောက်တောင်ဘက်၁၅၅မိုင်အကွာ၊ ရန်ကုန်မြို့၏ အနောက်တောက်ဘက် ၂၀၅မိုင်အကွာ ပင်လယ်ပြင်ဗဟိုပြုပြီး နောက်ထပ်၁၂နာရီတွင် ဆိုင်ကလုန်းဖြစ်နိုင်ကြောင်း၊ အရေးကြီးစာရွက်စာတမ်းများနှင့် အဖိုးတန်ပစ္စည်းများ သိမ်းဆည်းထာရန် သတိပေးနှိုးဆော်မှုများ ပြုလုပ်လျက် ရှိသည်။

No comments: