Monday, October 3, 2016

ရှမ်းမြောက်တွင် ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျ၍ နှစ်နှစ်ကလေးငယ်တစ်ဦး သေဆုံးကာ ကလေးနှစ်ဦး ဒဏ်ရာရ

Tasnimnews

ရှမ်းပြည်နယ်မြောက်ပိုင်း မုန်းကိုးမြို့နယ်ရှိ ကျေးရွာတစ်ရွာအတွင်း အောက်တိုဘာ ၁ ရက်က လက်နက်ကြီးကျည်ကျ၍ နှစ်နှစ်အရွယ်မိန်းကလေးတစ်ဦး သေဆုံးကာ ကလေးငယ်နှစ်ဦး ဒဏ်ရာရကြောင်း တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံများက ပြောသည်။

တရုတ်နယ်စပ်ရှိ မြန်မာစစ်တပ်နှင့် ရေရှည်စစ်ပွဲများဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင်များထိန်းချုပ်နယ်မြေရှိ ရှမ်းမြောက်ပိုင်း ပုဝန်ကျေးရွာတွင် ဖြစ်ပွားခြင်းဖြစ်သည်။

လက်နက်ကိုင်များ ထိန်းချုပ်ရာဒေသတွင်း တိုက်ပွဲများဖြစ်၍ လူထောင်ပေါင်းများစွာ နေရပ်ရွှေ့ပြောင်းရသည်။ ထိုသို့ တိုက်ပွဲသစ်များ ဖြစ်ပွားခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးအတွက် ရှေးရှုလုပ်ဆောင်နေခြင်းများအတွက် အထိအခိုက်ဖြစ်စေသည်။

“အောက်တိုဘာ ၁ ရက်က ဖြစ်တာပါ။ ကလေးသုံးယောက် ဆော့နေချိန်မှာ ဖြစ်တာပါ။ ရွာတွင်းကို ခြောက်ကြိမ်ပစ်ခတ်ခံရတာဖြစ်ပါတယ်။”ဟု ကျေးရွာရှိ သင်းအုပ်ဆရာတစ်ဦးက အေအက်ဖ်ပီသို့ ပြောသည်။

သင်းအုပ်ဆရာ၏ နှစ်နှစ်အရွယ် တူမဖြစ်သူ သေဆုံးခြင်းဖြစ်ကာ အသက် ၅ နှင့် ၆ နှစ်အရွယ် ကလေးနှစ်ဦး ဒဏ်ရာရ၍ နယ်စပ်ကို ဖြတ်ပြီး တရုတ်နိုင်ငံဖက်က ဆေးရုံသို့ တင်ပို့ထားရကြောင်း ၎င်းက ပြောသည်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ တက်ကြွလှုပ်ရှားသူ ခွန်ဂျာကလည်း ယင်းတိုက်ခိုက်ခံရမှုကို ဖေ့ဘုတ်တွင် ရေးသားကာ တရုတ် ယူနန်ပြည်နယ်အတွင်း ဆေးကုသခံနေသည့် ဒဏ်ရာရကလေးငယ်နှစ်ဦး၏ ပုံအား ဖေ့ဘုတ်ပို့စ်တင်ခဲ့သည်။

၎င်းတို့နှစ်ဦးစလုံးက ယခုပစ်ခတ်မှုက မြန်မာစစ်တပ်က ပစ်ခတ်ခြင်းဖြစ်ကြောင်း အေအက်ဖ်ပီသို့ ပြောသည်။ တပ်မတော်သို့ အေအက်ဖ်ပီက ဆက်သွယ်၍ မရသေးပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးဆွေးနွေးမှုများ စတင်ခြင်း တစ်လပင် မပြည့်သေးသည့် အချိန် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နယ်စပ်ဒေသများတွင် တိုက်ပွဲသစ်များ ဖြစ်ပွားလာခြင်းလည်းဖြစ်သည်။

ရှမ်းနှင့် ကချင်ပြည်နယ်တို့တွင် တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးသူပေါင်း တစ်သိန်းနီးပါး ရှိကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။

No comments: