Wednesday, October 5, 2016

မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီးတွင် လူနာများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စစ်တမ်းကောက်ယူနေ

အောင်ကိုဦး

မန္တလေး အထွေထွေကု ဆေးရုံကြီးတွင် လူနာများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရန်အတွက် လူနာများထံမှ စစ်တမ်းများ ကောက်ယူလျှက်ရှိသည်ဟု မန္တလေး အထွေထွေကုဆေးရုံကြီး၊ ဆေးလူမှုဆက်ဆံရေး အရာရှိ ဦမင်းလွင်က အောက်တိုဘာလ ၃ ရက်တွင် မဇ္ဈိမကို ပြောသည်။

ထိုသို့ စစ်တမ်းကောက်ယူနိုင်ရန်အတွက် ဝန်ထမ်း ၂၄ ဦးဖြင့် အဖွဲ့ ၆ ဖွဲ့ထားပြီး တစ်လတစ်ခါ ဆေးရုံမှ ဆေးကုသပြီး ဆေးရုံဆင်းသည့် လူနာများကို စစ်တမ်း ကောက်ယူမေးမြန်းခြင်း ဖြစ်သည်။

"ကျွန်တော်တို့ တစ်လ တစ်ခါကောက်တယ်။ သူတို့ လွတ်လွတ်လပ်လပ် ဖြေလို့ရအောင် ဆရာတွေ၊ ဆရာမတွေ မမြင်တဲ့ နေရာမှာ မေးပါတယ်။ အားလုံးဖြေကြပါတယ်" ဟု ဦးမင်းလွင်က ပြောသည်။

ကောက်ယူရရှိသည့် စစ်တမ်းများကို ဆေးရုံ၏ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးကို တင်ပြပြီး လိုအပ်သည်များကို ဖြည့်ဆည်းပေးလျှက်ရှိကြောင်း သိရသည်။

" တစ်လကို လူနာ ၂၀၀ စီကနေ စစ်တမ်းကောက်ပါတယ်။ အရေးပေါ်ဌာန ကြိုဆိုနေရာချထားရေး၊ နေရာ ထိုင်ခင်း ကိစ္စ၊ အိမ်သာ၊ အနံ့အသက်၊ ဝန်ထမ်းဆက်ဆံရေးတွေ တင်ပြကြတယ်။ ဒါတွေကို အဆင့်ဆင့် ဆေးရုံအုပ်ကြီးအထိ တင်ပြဆောင်ရွက်ပေးတယ်"ဟု ဦးမင်းလွင်က ပြောသည်။

စစ်တမ်းများအရ "ဝန်ထမ်းဆက်ဆံရေးကတော့ အတော်ပြင်ရမယ်။ ဝန်ထမ်းဆက်ဆံရေးကတော့ အတော် လိုအပ်ချက်တွေ ရှိပါသေးတယ်။ ဝန်ဆောင်မှုပေးတဲ့ အပိုင်းမှာတော့ မကျေနပ်တဲ့ သဘောထားတွေ ရှိတယ်။"ဟု ဦး မင်းလွင်က ပြောသည်။

စစ်တမ်းကောက်ယူရာတွင်
၁။ ဆေးရုံ(အရေးပေါ်နှင့်ပြင်ပလူနာဌာန) သို့ စရောက်ရောက်ချင်း ဆောင်ရွက်ပေးမှု အခြေအနေ

၂။ ဆေးရုံမှ ဆေးဝါးများ ရရှိမှုအခြေအနေ(သို့)ဝယ်ယူမှုအတွက် ငွေကြေးကုန်ကျမှု အခြေအနေ

၃။ရောဂါရှာဖွေခြင်းအတွက် ဆောင်ရွက်ပေးခြင်းများ

၎။ ဆရာဝန်၊ ဆရာမများနှင့် ဝန်ထမ်းများ၏ ဆက်ဆံ ရေးအခြေအနေ

၅။ ဆေးရုံ၏ သန့်ရှင်းမှု အခြေအနေနှင့် ဆေးရုံဆေးခန်း၊ ကုတင်၊ အိမ်သာ၊ ရေမီးရရှိမှု အခြေ အနေ စသည့်အချက် ၁၃ ချက်ကို စံယူ၍ ပြုပြင်ဆောင်ရွက်ခြင်းများ ပြုလုပ်နေကြောင်း သိရသည်။

No comments: