Monday, October 3, 2016

ဒိန်းမတ်၏ ငွေကြေးထောက်ပံ့မှုဖြင့် လုပ်ဆောင်သော capacity building programme စတင်

မဇ္ဈိမ

မြန်မာနိုင်ငံတွင် လူမှုဆက်ဆံပြောဆိုမှုပိုင်း တိုးတက်နိုင်စေရန် ရည်ရွယ်၍ ဒိန်းမတ်နိုင်ငံက ငွေကြေးမတည်ကူညီပေးသည့် လုပ်နိုင်စွမ်းအား တည်ဆောက်မှု ပရိုဂရမ်ကို စတင်ခဲ့ရာ အလုပ်သမား၊ အလုပ်အကိုင်နှင့် ပြည်သူ့အင်အား ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒိန်းမတ် အလုပ်အကိုင်ရေးရာ ၀န်ကြီး Mr Jorn Neergaard Larsen တို့ ပါဝင်တက်ရောက်ခဲ့ကြသည်။

ယင်း ပရိုဂရမ်ကို ၂၀၁၈ ခုနှစ်အထိ လုပ်ဆောင်သွားမည်ဖြစ်ပြီး မြန်မာလုပ်သားများ၊ အလုပ်ရှင်ကိုယ်စားလှယ်များနှင့် အစိုးရတို့၏ လုပ်ဆောင်နိုင်စွမ်း တိုးတက်စေရေးကို ရည်ရွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ ယင်းမှသာ နိုင်ငံတွင်း၌ စက်မှုလုပ်ငန်းဆိုင်ရာ ဆက်ဆံမှုများ၊ စီးပွားရေးအသိုက်အ၀န်းနှင့်အလုပ်အကိုင် အခြေအနေများကို တိုးတက်ဖွံ့ဖြိုးစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပရိုဂရမ် စတင်မှုကို ဆီဒိုနားဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံအလုပ်ရှင်များ (UMFCCI) ဘက်မှ ကိုယ်စားလှယ်များ၊ အလုပ်သမားများ ( CTUM ၊ AFFM-IUF နှင့် MICS) တို့ကလည်း ဒိန်းမတ်တာဝန်ရှိသူများ၊ ဒိန်းမတ် စက်မှုလုပ်ငန်းဆိုင်ရာ အသင်းချုပ်၊ LO /FTF ကောင်စီတို့နှင့် MOU စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

" ခုလိုမျိုး လူမှုဆိုင်ရာ နဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ကူစေနိုင်တဲ့ ဖွံ့ဖြိုးဆဲ အလုပ်သမားဈေးကွက်တစ်ခုအပေါ်မှာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ ဝေမျှနိုင်တဲ့အတွက် ဒိန်းမတ်အနေနဲ့ အရမ်းပဲ ၀မ်းမြောက်မိပါတယ်" ဟုလည်း ဒိန်းမတ်ဝန်ကြီး Mr Larsen က ပြောသွားသည်။

ယခု ပရိုဂရမ်စတင်မှုဖြင့် လူမှုဆိုင်ရာလုပ်ငန်းပါတနာများ၏ အမြင်ချင်းဖလှယ်မှုဖြင့် ပိုမိုအတူတကွ နီးနီးကပ်ကပ် လုပ်ဆောင်ရာတွင် ဘုံအကျိုးစီးပွားတစ်ခု ထူထောင်ရရှိနိုင်မည်ဖြစ်ပြီး ယင်းမှတဆင့် မြန်မာနိုင်ငံတွင် အလုံးစုံပြည့်စုံသော စီးပွားရေးတိုးတက်မှု၊ ရေရှည်တည်တံ့ခိုင်မာသော အလုပ်အကိုင်ခန့်ထားမှုနှင့် ထုတ်လုပ်မှုတို့ကို ဖြစ်ထွန်းရရှိစေမည်ဖြစ်သည်။

No comments: