အောင်ကိုကိုလတ်
မြေငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ ပုဂံ ရှေးဟောင်း စေတီပုတိုးတွေကို ပြန်လည်ပြုပြင်ရာမှာ အသုံးပြုရန် Huawei Technologies (Yangon) Co.Ltd က ငွေကျပ် သိန်း ၅ဝဝ လှူဒါန်းခဲ့ပါတယ်။
အခမ်းအနားကို အောက်တိုဘာ ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တာပါ။
“ပျက်စီးသွားတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော် ဘတ်ဂျက်တင်တောင်းမှာ မဟုတ်ပါဘူး။ ပြင်တွင်းကရော ပြည်ပမိတ်ဆွေတွေကရော ငွေကြေးအကူအညီ နည်းပညာအကူအညီ လိုအပ်တဲ့ Equiament နဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်”လို့ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ပြောပါတယ်။
လှူဒါန်းပေးအပ်ပွဲကို နေပြည်တော် သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရုံးမှာ ပြုလုပ်ခဲ့ပြီး ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက လက်ခံယူခဲ့တာပါ။
ဩဂုတ်လ ၂၄ ရက်နေ့က မန္တလေး မြေငလျင်စခန်းကနေ အနောက်တောင်ဘက် ၁၂၃ မိုင်အကွာ ချောက်မြို့ရဲ့ ၁၂ မိုင်အကွာကို ဗဟိုပြုပြီး အင်အားရစ်ခ်ျတာစကေး (၆ဒသမ၈)ရှိတဲ့ မြေငလျင်လှုပ်ခတ်ခဲ့တာပါ။
အဲဒီလို လှုပ်ခတ်ခဲ့မှုကြောင့် ညောင်ဦးမြို့မှာရှိတဲ့ ပုဂံရှေးဟောင်းစေတီပုထိုးတွေ ပြိုကျပျက်စီးမှု၊ မကွေးတိုင်းဒေသကြီးဘက်က စလင်း၊ စကု၊ မင်းဘူး၊ ချောက်၊ ရေနံချောင်း တွေမှာလဲ ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။
အခုလိုထိခိုက်ပျက်စီးသွားတဲ့အပေါ်မှာ အာဆီယံနိုင်ငံတွေကရော ဥရောပ နိုင်ငံတွေကရော တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ အိန္ဒိယနိုင်ငံက အကူအညီတွေ ပေးလိုကြောင်း ဝိုင်းဝန်းကမ်းလှမ်းကြတယ်လို့လည်း သူရဦးအောင်ကိုက ပြောဆိုခဲ့ပါတယ်။
No comments:
Post a Comment